စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

စစ်ကောင်စီက ဘင်္ဂလားဒေ့ချ်လုံခြုံရေးတပ်ဖွဲ့နှင့် တွဲပြီး နတ်မြစ်အတွင်းရေကြောင်းကင်းလှည့်မှု ပိုမိုပြုလုပ်လာခြင်းမှာ အေအေကို အင်အားပြသလို၍ ဖြစ်ပုံရဟုဆို


  • ရေးသူ: Web Master (NN 14)
  • | ရက်စွဲ: ၂၉ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 3k

စစ်ကောင်စီက ဘင်္ဂလား နယ်ခြားစောင့်တပ်နှင့် ပူးပေါင်းပြီး  နတ်မြစ်အတွင်း ရေကြောင်း ကင်းလှည့်မှုကို ယခင်ကထက်တိုးပြီး ပြုလုပ် လာခြင်းမှာ ဘင်္ဂလားဒေ့ရှ်လက်နက်တပ်ဖွဲ့များနှင့် ဆက်ဆံရေး ကောင်းမွန်ပြီး  လုံခြုံရေး ပူးပေါင်းဆောင်ရွက်နိုင်မှု အင်အားကို ရက္ခိုင့်တပ်တော် (AA)အား ပြသလို၍ ပြုလုပ်ခြင်း ဖြစ်နိုင်ကြောင်း စစ်တွေမြို့မှ နိုင်ငံရေးလှုပ်ရှားဆောင်ရွက်နေသူ တစ်ဦးက ပြောသည်။

ပထဝီအနေအထားအရ ရခိုင်ပြည်သည် ဘင်္ဂလားနှင့် နယ်နမိတ်ချင်း ထိစပ်နေရာ ဘင်္ဂလားဒေ့ရှ် အစိုးရ၊ စစ်တပ်နားလည်မှု တည်ဆောက်နိုင်ရန် အေအေ၏ ကြိုးစားမှုရှိနေသည့် အပေါ် စစ်ကောင်စီဘက်က စိုးရိမ်မှုရှိနေပြီး ယခင်က နယ်စပ်တွင်အမြဲရန်စောင်နေခဲ့သည့် ဘင်္ဂလားဒေ့ရှ်ကို ယခုအခါ ပိုမို၍ ချဉ်းကပ်ကာ ဆက်ဆံရေးတိုးမြင့်မှုများ ပြုလုပ်လာခဲ့သည်ဟု ၎င်းက ဆိုသည်။

“ အရင်က ခုလိုမျိုးလုပ်တာမျိုးသိပ်မရှိဘူး။ ခုက မကြာခဏ လုပ်လာတယ်ဆိုတော့ အဓိက အေအေကို အားပြချင်တဲ့သဘောမျိုးပါ။ သူတို့နဲ့ ဘင်္ဂလားကဆက်ဆံရေး အရမ်းကောင်းတယ်ဆိုတဲ့ သဘောမျိုးကို ပြချင်တာပါ။ ဒါကြောင့် နယ်စပ်မှာ ပူးတွဲကင်းလှည့်တာတို့၊ တပ်မှူးအဆင့် အလံတင် ဆွေးနွေးပွဲတို့ မကြာ မကြာလုပ်လာတာ ဖြစ်ပါတယ်”ဟု ပြောသည်။

စစ်ကောင်စီသည် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင်တပ်ဖွဲ့နှင့် စက်တင်ဘာလ ၂၆ ရက်မှ ၂၈ ရက်နေ့အထိ ၃ ရက်ကြာ နတ် မြစ်အတွင်း ရေကြောင်းကင်းလှည့်မှုကို ပြုလုပ်ခဲ့သည်။

“ စစ်ကောင်စီက နတ်မြစ်အတွင်း မူးယစ်မှောင်ခို လူကုန်ကူး တားဆီးဖို့လို့  ပြောပေမယ့် လက်တွေ့မှာ နယ်စပ်တစ်လျှောက် တရားမဝင် ဝင်ထွက်သွားလာနေကြတာ၊  မူးယစ်ဆေးလုပ်နေကြတာ အများကြီးဘဲ။ အဓိက သူတို့ရဲ့ အင်အားနဲ့  အေအေရဲ့ လှုပ်ရှားမှုကို စစ်ကောင်စီက ထောက်လှမ်းဖို့ပါ  ”ဟု​ ၎င်းက ပြောဆိုသည်။

မောင်တောမြောက်ပိုင်း ဒေသတစ်ခုလုံးနီးပါးကို အေအေက ထိန်းချုပ်ထားလိုက်ပြီဖြစ်သဖြင့် ကုန်းတွင်းပိုင်းသွားလာလှုပ်ရှား၍ မရတော့သဖြင့် ရေပြင်တွင် ဘင်္ဂလားဒေ့ရှ်နှင့်တွဲပြီး အင်အားပြသည့် သဘောမျိုးဟု  ရခိုင် လူ့အခွင့်အရေး လှုပ်ရှားသူတစ်ဦးက ပြောသည်။

“ ဒီလိုလုပ်တာက နှစ်နိုင်ငံဆက်ဆံရေး ကောင်းမွန်နေတယ်လို့ အေအေနဲ့ နိုင်ငံတကာကို ချပြလိုတဲ့ သဘောနဲ့ စစ်ကောင်စီဘက်က လုပ်တာ ဖြစ်နိုင်တယ်။ ဘာကြောင့်လည်းဆိုတော့မောင်တော မြောက်ပိုင်းဒေသ အားလုံးနီးကို AA က ထိန်းချုပ် ထားတော့ စစ်ကောင်စီတပ်က အဲဒီဘက်ကို သွားမရလို့ ရေကြောင်းမှာ လုပ်ပြတာလို့မြင်တယ်။”

လွန်ခဲ့သည့် သြဂတ်(စ်)လ ၁၉ ရက် ၂၂ ရက်နှင့် ၂၃ ရက်နေ့တို့တွင်လည်း နှစ်ဘက်နယ်ခြားစောင့်တပ် ပူး ပေါင်းအဖွဲ့က အောင်ဗလချောင်းဝအနီးမှ မကျီးချောင်းဝအနီးအထိ နတ်မြစ်အတွင်း ရေကြောင်း ကင်းလှည့် ခဲ့သည်။

အလားတူ ဇူလိုင်လ ၁၈ ရက်၊ ၂၀ ရက်နှင့် ၂၂ ရက်နေ့တို့တွင်လည်း စစ်ကောင်စီ အမှတ် (၁) နယ်ခြားစောင့် တပ်မှ အရာရှိတစ်ဦး ခေါင်းဆောင်သည့် အဖွဲ့နှင့် ဘင်္ဂလာ အမှတ် (၂) နယ်ခြားစောင့် တပ်မှ အရာရှိတစ်ဦး ခေါင်း ဆောင်သည့် ပူးပေါင်းအဖွဲ့က နတ်မြစ်အတွင်း ရေကြောင်း ကင်းလှည့်ခဲ့ကြသည်။

အဆိုပါ ရေကြောင်း ကင်းလှည့်မှု အတွင်း ရေကြောင်းပြောင်းလဲမှုနှင့် နှစ်နိုင်ငံ ၀င်ပေါက် ထွက်ပေါက်များကို စစ်ဆေးခဲ့သည့်အပြင် မူးယစ်ဆေးဝါးနှင့် တရားမဝင် လူဝင်၊ လူထွက်မရှိစေရေး နှစ်ဘက် သတင်းဖလှယ်မှုများ ပြုလုပ်ခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။

စစ်တွေအခြေစိုက် လူမှုရေးအဖွဲ့အစည်းတာဝန်ရှိသူ တစ်ဦးက “ ဒီလို ရေကြောင်းကင်းလှည့်တယ်ဆိုတာကတော့ အဓိက နယ်စပ်မှာ AA လှုပ်ရှားမှုကို စစ်ကောင်စီက စောင့် ကြည့်လိုတဲ့အတွက် လုပ်တာလို့ဘဲ မြင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ အရင်က ဒီလို လုပ်တာမျိုး မရှိဘူးလေ” ဟု ပြောသည်။

ယခု ရေကြောင်းကင်းလှည့်မှုမှာ နှစ်ဘက်နယ်ခြားစောင့် ပူးပေါင်းအဖွဲ့က ဇူလိုင်လမှ စက်တင်ဘာလ အထိ  ၃ ကြိမ်မြောက် ကင်းလှည့်ခြင်းဖြစ်သည်။

နှစ်ဘက် နယ်ခြားစောင့် ပူးပေါင်းတပ်က နတ်မြစ်အတွင်း လစဉ်ရေကြောင်း ကင်းလှည့်မှုရှိသော်လည်း ရခိုင်ပြည်နယ်အနောက်ဘက်နယ်စပ် မောင်တောမြို့နယ်နှင့် ဘင်္ဂလာဒေ့ချ်နိုင်ငံ တက်ကနက်နှင့် အိုခီးယားမြို့နယ်တို့တွင် တရားမဝင် နယ်စပ်ဖြတ်ကျော် သွားလာသူများ၊ မူးယစ်ဆေးဝါး တင်ပို့မှုများ နေ့စဉ် ဖြစ်ပေါ်လျက် ရှိနေသည်ဟု သိရသည်။

 

ဆက်စပ် သတင်းများ