စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

စစ်ကောင်စီတပ်မှ လိုင်ဇာရှိ ရက္ခိုင့်တပ်တော်တပ်စခန်းများကို လက်နက်ကြီးများဖြင့် ထပ်မံပစ်ခတ်တိုက်ခိုက်


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၃၀ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 3.3k

ကချင်ပြည်ခါယာတောင်၌ တပ်စွဲထားသောစစ်ကောင်စီတပ်မှ KIA လိုင်ဇာဌာနချုပ်ရှိရက္ခိုင့်တပ်တော် (AA) ၏တပ်စခန်းများကို ယမန်နေ့ စက်တင်ဘာ၂၉ရက်နေ့ကလည်း လက်နက်ကြီးများဖြင့် ထပ်မံပစ်ခတ် တိုက်ခိုက်ခဲ့သည်ဟုသတင်းရရှိသည်။

စက်တင်ဘာလ ၂၈ ရက်နေ့က ခါယာတောင်၌ တပ်စွဲထားသော စစ်ကောင်စီတပ်၏ တပ်စခန်းများမှ မုန်လိုင်ခတ်ရှိ ရက္ခိုင့်တပ်တော်၏ စခန်းများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့မှုကြောင့် ရက္ခိုင့်တပ်တော်ဘက်မှ ဗိုလ်ကြီးတစ်ဦးကျဆုံးခဲ့ရပြီး တပ်ဖွဲ့ဝင် တချို့ ထိခိုက်ဒဏ်ရာရရှိမှုများ ရှိခဲ့ပြီးနောက် ထပ်မံ၍ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်လာခဲ့ခြင်း ဖြစ်သည်။

“ မနေ့ ညနေ ၄ နာရီ ခွဲခန့်မှာ  စစ်ကောင်စီတပ်က  ခါယာတောင်ကနေပြီး ဟိုတနေ့က ပစ်ခတ်ခဲ့တဲ့  မုန်လိုင်ခတ် ရက္ခိုင့်တပ်တော်ကို ထပ်မံပစ်ခတ်ခဲ့တယ်။ တပ်တော်ရဲ့ စခန်း ပစ်မှတ်တွေကို  ရည်ရွယ်ချက်ရှိရှိ ထပ်မံပစ်ခတ်ခဲ့တာဖြစ်ပါတယ်”ဟု ရက္ခိုင့်တပ်တော်နှင့် နီးစပ်သူတစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောဆိုသည်။

သို့သော်လည်း ယမန်နေ့က ထပ်မံပစ်ခတ်မှုအတွင်း  ထိခိုက်ဒဏ်ရာရမှု တစ်စုံတရာမရှိကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုနှင့်ပတ်သက်၍ ရက္ခိုင့်တပ်တော် ဘက်မှ လိုအပ်သလို တုံ့ပြန်သွားမည် ဖြစ်ကြောင်း၊ ULA/AA ကို ဦးတည်ပြီး ရန်စမှုများ ဆက်ရှိလာပါက တိုက်ပွဲဖြစ်လာနိုင်ကြောင်း  AA ပြောခွင့်ရ ဦးခိုင်သုခက  ပြောဆိုထားသည်။

"ရခိုင်ဘက်မှာဆိုလို့ရှိရင်တော့ အပစ်အခတ်ရပ်စဲရေးကဆက်ပြီးတည်တံ့နေတယ်။ ဒီလိုမျိုး တည်တံ့နေတဲ့အခြေအနေမှာ ရည်ရွယ်ချက်ရှိရှိနဲ့ ရက္ခိုင့်တပ်တော်တပ်စခန်းတွေကို ဦးတည် တိုက်ခိုက်တဲ့ပုံစံမျိုး ဆက်တိုက်ဖြစ်လာလို့ရှိရင်တော့ ရရှိထားတဲ့ ယုံကြည်မှုတွေ ပျက်ယွင်း သွားပြီးတော့မှ အခုထက် တင်းမာတဲ့အနေအထားမျိုးအထိရောက်သွားနိုင်တယ်လို့ ကျနော်ကတော့ သုံးသပ်တာပေါ့နော်။ ဒါပေမယ့် ဒီလိုမျိုး ဖြစ်လာမယ် မဖြစ်လာဘူးကလည်း မြန်မာစစ်တပ်ရဲ့လှုပ်ရှား လုပ်ဆောင်မှုတွေအပေါ်အဓိက မူတည်တာပေါ့"ဟု ပြောသည်။

ဆက်စပ် သတင်းများ