စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

မြောက်ဦးတွင် သက်ငယ်မုဒိမ်းမှုဖြစ်ပွား


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၃၀ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 3.2k

(ကျူးလွန်သူကို အေအေက ဖမ်းဆီးစစ်ဆေးနေ)

ရခိုင်ပြည်နယ်၊မြောက်ဦးမြို့နယ်တွင် သက်ငယ်မုဒိမ်းမှုတစ်ခုဖြစ်ပွားခဲ့ပြီး  ကျူးလွန်သူကို ရက္ခိုင့်တပ်တော် (AA) က ဖမ်းဆီးစစ်ဆေးနေကြောင်း သတင်းရရှိသည်။

 

မြောက်ဦးမြို့နယ် ဆင်ချဆိပ်ရပ်ကွက်တွင် ယမန့်နေ့ စက်တင်ဘာ ၂၉ရက် နေ့လယ်က ဖြစ်ပွားခဲ့ပြီး  အသက် ၄ နှစ် အရွယ် မိန်းကလေးငယ်မှာ မုန့်သွားဝယ်ပြီး ဆိုင်မှ အပြန်တွင် ကျူးလွန် ခံလိုက်ရခြင်းဖြစ်ကြောင်း၊   အသက် (၃၈)အရွယ် ဇော်ဝင်းမောင်ဆိုသူက ၎င်းကလေးငယ်အား လေးမျက်နှာဘုရားအနီး မြတန်းဆောင်တောင်ကုန်းပေါ်သို့ခေါ်ဆောင်သွားပြီး အဓမ္မပြုကျင့်ခဲ့ခြင်း ဖြစ်ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမောင်ပုက နိရဥ္စရာသတင်းဌာနကို ပြောသည်။

"ကလေးကို မုန့်ဖိုးပေးပြီးခေါ်သွားတာပြောတယ်။ သူက အရက်သောက်တယ်။ ကလေးက ကျူးလွန်ခံရပြီး တောင်ပေါ်က အဝတ်ဗလာနဲ့ ဆင်းလာတာကို လူတွေကတွေ့လို့ သိခဲ့ရပါတယ်"ဟု ပြောသည်။

 

ကျူးလွန်ခံရသည့်မိန်းကလေးငယ်၏ မ,အင်္ဂါတွင် သုတ်ရည်များကိုလည်း တွေ့ရပြီး မျက်နှာတွင်လည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်ဟု ဆိုသည်။

ကျူးလွန်သူအမျိုးသားမှာ မြောက်ဦးမြို့နယ်၊ ဝက်လက်ကျေးရွာမှဖြစ်ပြီး လက်ရှိတွင် အစ်မဖြစ်သူနေထိုင်ရာ မြောက်ဦးမြို့၊ လက်ကောက်ဈေးတွင်နေထိုင်သူဖြစ်ကြောင်း သိရသည်။


ပြုကျင့်ခံရသည့်ကလေးငယ်ကို ယမန်နေ့ညက မြောက်ဦးဆေးရုံသို့ပို့ဆောင်ခဲ့ရသည်ဟုလည်း သိရသည်။

ကျူးလွန်ခံရသူ၏မိဘများမှာ အလွန်တရားဆင်းရဲနွမ်းပါးကြသည်ဟု ဆင်ချဆိပ်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမောင်ပုက နိရဥ္စရာကို ပြောသည်။

"မိဘတွေက အရမ်းဆင်းရဲကြတယ်။ ဖုန်းလည်းမရှိဘူး။ ငါးရှာစားတယ်။ ကတက်ဥတွေတူးစားတယ်။ မိဘကဆင်းရဲတော့ ကိုယ့်သားသမီးကိုဂရုမစိုက်ဖြစ်တော့ စိတ်မကောင်းဖြစ်မိတယ်။ ကျူးလွန်သူကို မထားသင့်ဘူး" ဟု ပြောသည်။

လက်ရှိတွင် ကျူးလွန်သူကို ရက္ခိုင့်တပ်တော်(ULA/AA)က ဖမ်းဆီးစစ်ဆေးနေသည်ဟု သိရသည်။

ပြီးခဲ့သည့် မေလ ၁၅ ရက်နေ့ကလည်း စစ်တွေမြို့၊ မင်းဂံရပ်ကွက် အကွက် (၁၃)တွင် အသက် ၁၁ နှစ်ရွယ် မသန္တာဝင်းသည် ရထားသံလမ်းအောက်တွင် အဓမ္မပြုကျင့်ခံရပြီးနောက် ရိုက်နှက်ခံခဲ့ရ၍ သေဆုံးသွားခဲ့ကြောင်း သိရသည်။

အလားတူ စစ်တွေတွင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်နေ့ကလည်း ရခိုင်ပြည်နယ် အစိုးရဖွဲ့ရုံးအနီး လူသုံးကုန်ပစ္စည်းအရောင်းဆိုင်မှ အရောင်းဝန်ထမ်း မနွယ်သန္တာဝင်းမှာလည်း ဓားထိုးဒဏ်ရာများဖြင့် သေဆုံးနေသည်ကို မိသားစုဝင်များက တွေ့ရှိခဲ့ကြသည်။

ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်ကလည်း စစ်တွေမြို့တွင် မုန့်လက်ကောက်ရောင်းနေသည့် ဆယ်ကျော်သက် အရွယ်အမျိုးသမီးငယ်တစ်ဦးမှာ မင်းဘာကြီးလမ်း၏ အဆောက်အဦတစ်ခုတွင် ရက်စက်စွာ အသတ်ခံခဲ့ရသည်။ 

ဆက်စပ် သတင်းများ