စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

ရသေ့တောင်မှ အလယ်တန်းပြဆရာမအသတ်ခံရမှု နောက်ထပ် သံသယရှိသူ ၃ ဦးကို ULA/AA က ဖမ်းဆီး


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၃၀ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.5k

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တွင် စာပြသွားစဥ် အသတ်ခံလိုက်ရသည့် အလယ်တန်းပြ ကျောင်းဆရာမ ဒေါ်နှင်းယုနွယ်အမှုတွင် ပါဝင်ပတ်သက်သည်ဟု သံသယရှိသည့် နောက်ထပ် အမျိုးသား ၃ ဦးကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)က စစ်ဆေးမှု ပြုလုပ်နေသည်ဟု သိရသည်။

သူတို့ ၃ ဦးမှာ ဆရာမနေထိုင်သည့် ရသေ့တောင်မြို့နယ်၊ ကျွန်းပေါ်ပေါက်တောကျေးရွာမှ ရွာသားများဖြစ်ပြီး သူတို့ကို ယမန်နေ့ စက်တင်ဘာ ၂၉ ရက်တွင် ULA/AA က နေအိမ်မှ ခေါ်ဆောင်သွားခဲ့သည်ဟု ပန်းဖော်ပြင်ကျေးရွာသားတစ်ဦးက နိရဉ္စရာကို ပြောသည်။

"ဟိုမောင်မောင်အေးကိုတော့ ဟိုအထက်ကိုခေါ်ပြီးစစ်ဆေးနေတယ်။ သူက ဘယ်လို ထွက်ဆိုလိုက်လဲမသိဘူး။ နောက်ထပ် အဲဒီရွာသား သုံးယောက်ကို စစ်ဆေးဖို့ လာခေါ်သွားတယ်" ဟုပြောသည်။

ဆရာမအသတ်ခံရမှုတွင် အဓိကသံသယရှိသူ အသက် ၄၀ ကျော်အရွယ် ဦးမောင်မောင်အေးဆိုသူ အပါအဝင် အဓိကသံသယရှိသူ ၂ ဦး၊ ဆက်စပ် သံသယရှိသူ ၁ ဦးနှင့် ဆရာအလောင်းအား မျက်မြင်တွေ့ရှိသူ ၆ ဦးတို့ကို ULA/AA က စက်တင်ဘာ ၁၇ ရက်မှစတင်စစ်ဆေးနေခဲ့သည်။

စက်တင်ဘာ ၁၉ ရက်ညတွင် ဦးမောင်မောင်အေးထွက်ပြေးသွားခဲ့သော်လည်း စက်တင်ဘာ ၂၆ ရက်တွင် ကျွန်းပေါ်ပေါက်တောရွာရှိ သူ၏ အစ်မနေအိမ်အတွင်း ULA/AA က ဖမ်းမိခဲ့သည်။

လက်ရှိတွင် ကျူးလွန်သူများအား ပြစ်ဒဏ်ချမည့်အချိန်ကို ‌ရခိုင်ပြည်သူလူထုတစ်ရပ်လုံး စိတ်ဝင်စ ားနေကြသည်ဟု ပေါက်တောပြင်ရွာသားတစ်ဦးက နိရဉ္စရာကို ပြောသည်။

"ဘယ်လိုပြစ်ဒဏ်ချမှတ်မလဲဆိုတာ ကျနော်တို့စောင့်ကြည့်နေပါတယ်" ဟု ပြောသည်။

အသက် ၃၇ နှစ်အရွယ် အလယ်တန်းပြကျောင်းဆရာမ ဒေါ်နှင်းယုနွယ်သည် သူနေထိုင်ရာ ရသေ့တောင်မြို့နယ်၊ ကျွန်းပေါ်ပေါက်တောကျေးရွာမှ ပန်းဖော်ပြင် အလယ်တန်းကျောင်းသို့ စက်တင်ဘာလ ၁၆ ရက်၊ နံနက်က စာပြရန်သွားစဉ် လမ်းတွင် အသတ်ခံလိုက်ရသည်။

လည်ပင်းကို လှီးဖြတ်ခံထားရသည့်ဒဏ်ရာဖြင့် သေဆုံးနေသည့် ဆရာမ၏အလောင်းကို ယင်းနေ့၊ နံနက် ၁၁ နာရီခန့်တွင် ပန်းဖော်ပြင် ကျေးရွာနှင့် ကျွန်းပေါ် ပေါက်တောလမ်းမကြီးပေါ်၌ ဒေသခံများက တွေ့ရှိခဲ့ပြီး ယင်းနေ့ ညနေ ၆ နာရီခန့်တွင် မြေမြှုပ်သင်္ဂြိုလ်လိုက်ကြောင်း သိရသည်။

ဆရာမအသတ်ခံရမှုတွင် ကျူးလွန်သူကို အမြန်ဆုံးဖမ်းဆီးကာ ကြီးလေးသောပြစ်ဒဏ်ကို ပေးရန်လည်း ဒေသခံများက တောင်းဆိုလျက်ရှိသည်။

ဆက်စပ် သတင်းများ