စနေ၊ ဇူလိုင်လ ၂၇ရက်၊ ၂၀၂၄

ပုဏ္ဏားကျွန်းမြို့ပေါ်ရှိ ရပ်ကွက် ၄ ခုမှ အုပ်ချုပ်ရေးမှူးများ နုတ်ထွက်စာတင်


  • ရေးသူ: Web Master (NN 10)
  • | ရက်စွဲ: ၀၂ အောက်တိုဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.5k

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ပေါ်ရပ်ကွက် ၄ ခုမှ ရပ်ကွက်အုပ်ချုပ်ရေးမှူး ၄ ဦးသည် ကျန်းမာရေး မကောင်းဟုဆိုကာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် နုတ်ထွက်စာတင်လိုက်ကြကြောင်း သိရသည်။

နုတ်ထွက်စာတင်လိုက်ကြသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှာ မြို့ပေါ်ရှိ ရပ်ကွက် ၄ ခုဖြစ်သော စံပြ၊ မြို့သစ်၊ အလယ်စုနှင့် ရွာဟောင်း ရပ်ကွက်တို့မှ အုပ်ချုပ်ရေးမှူးများဖြစ်သည်။

သူတို့သည် ပြီးခဲ့သည့် စက်တင်ဘာလ ၂၉ ရက်က မြို့နယ်ထွေ/အုပ်ရုံးထံ နုတ်ထွက်စာတင်ခဲ့ကြခြင်း ဖြစ်သည်ဟု နုတ်ထွက်စာ တင်ခဲ့သည့်ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးက နိရဥ္စရာကို အတည်ပြုပြောသည်။

"ကျနော်တို့ ရပ်ကွက်အုပ်ချုပ်ရေးမှုတွေ မြို့နယ်ရုံးမှာတော့ စာတင်ထားပါတယ်။ ထွေထွေထူးထူးတော့ မဟုတ်ပါဘူး။ ကျန်းမာရေး မကောင်းဘူး။ အသက်တွေလည်းကြီးပြီ။ မလုပ်ချင်တော့ပါဘူး"ဟု ပြောသည်။

နုတ်ထွက်ခွင့်မပေး/မပေးဆိုသည်မှာ သက်ဆိုင်ရာထွေ/အုပ်နှင့်သက်ဆိုင်သော်လည်း သူတို့အနေဖြင့် အုပ်ချုပ်ရေးမှူးတာဝန်ကို လုံးဝ လုပ်ကိုင်လိုစိတ်မရှိတော့ကြောင်း ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး ပုဏ္ဏားကျွန်းမြို့နယ်အုပ်ချုပ်ရေးမှူး၏သဘောထားကို ရယူနိုင်ရန် နိရဥ္စရာသတင်းဌာနက ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မရခဲ့ပါ။

ပုဏ္ဏားကျွန်းမြို့နယ်တွင် ကျေးရွာအုပ်စု (၉၆) အုပ်စုရှိပြီး ယင်းအထဲမှ ကျေးရွာအုပ်ချုပ်ရေးမှူး ၇၀ ကျော်သည်လည်း ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်တွင် တာဝန်မှ အစုလိုက်အပြုံလိုက် နုတ်ထွက်ခဲ့ကြကြောင်း သိရသည်။

အလားတူ ၂ဝ၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်ကလည်း တကျော့ပြန်စစ်ရေးတင်းမာနေခဲ့စဉ် လုံခြုံရေးအာမခံမှုမရှိဟုဆိုကာ ရသေ့တောင်မြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူး ၂ဝ ဦးနှင့် သြဂုတ်လအတွင်း မောင်တောမြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူး ၂ ဦးတို့ တာဝန်မှ နုတ်ထွက်ခဲ့ကြသည်။  

ရခိုင်တွင် စစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့တိုက်ပွဲများပြင်းထန်ခဲ့သည့် ပြီးခဲ့သည့် ၂ဝ၁၉ ခုနှစ်၊ ဇွန်လအတွင်းကလည်း ကျောက်တော်မြို့နယ် ရွှေပြည်ကျေးရွာမှ ကျေးရွာတာဝန်ခံ ၁ ဦးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူး ၂ ဦးကို စစ်တပ်ကဖမ်းဆီးအမှုဖွင့်ခဲ့သည့်အတွက် ကျောက်တော်မြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးရေ ၅ဝ သည် နုတ်ထွက်စာတင်ခဲ့ကြသည်ဟု သိရသည်။

အလားတူ ၂ဝ၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်ကလည်း မြောက်ဦးမြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူး ၁ဝဝ ကျော် နုတ်ထွက်စာ တင်ခဲ့ကြသည်။ (NN - 10)

ဆက်စပ် သတင်းများ