Preview

စစ်တွေမှမောင်တောသို့ ပို့ဆောင်သည့် စစ်တပ်ထုတ်ကုန် အရက်၊ ဘီယာများကို နယ်ခြားစောင့်ဖမ်း

အောက်တိုဘာ ၀၂/ ၂၀၂၃ | ကြည့်ရှုသူ :3563
ရခိုင် သတင်း

စစ်တွေမှ မောင်တောသို့ အငူမော်- မောင်တော ကားလမ်းအတိုင်း ကားဖြင့် သယ်ဆောင်လာသည့်ကျပ် သိန်း ၆၀ ဖိုးရှိ စစ်တပ်ထုတ်ကုန်အရက်နှင့် ဘီယာများကို  အမျိုးသားနှစ်ဦးနှင့် အတူ  နယ်ခြားစောင့်တပ်က ဖမ်းဆီးလိုက်သည်ဟု သတင်းရရှိသည်။

အဆိုပါအရက်နှင့်ဘီယာများကို အမျိုးသားနှစ်ဦးက ပြီးခဲ့သည့်စက်တင်ဘာ ၂၉ ရက်နေ့ကစစ်တွေမှ မောင်တောသို့ ကုန်ကားတစ်စီးဖြင့် သယ်ဆောင်လာစဉ်မောင်တောမြို့နယ်၊ အင်းဒင်စစ်ဆေးရေးဂိတ်ရှိ နယ်ခြားစောင့်တပ်ကဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု မောင်တောမြို့နယ်မှ ဒေသခံတစ်ဦးကနိရဉ္စရာသတင်းဌာနကိုပြောသည်။

“ဟိုတစ်ရက်နှစ်ရက်အရက်တင်လာတဲ့ကားကို ဖမ်းတာကြားတယ်။ အင်းဒင်းစစ်ဆေးရေးဂိတ်မှာ။ ဒီလိုစစ်တပ်ထုတ်ကုန်ကို ဖမ်းတာမျိုး အရင်က မကြားဖူးသလောက်ပဲ။ အထက်အရာရှိတွေကို ပြေလည်အောင် မပေးကမ်းလို့အဆင်မပြေဖြစ်တာထင်ပါတယ် ”ဟု ပြောသည်။

ဖမ်းဆီးခံရသူ နှစ်ဦးမှာ စစ်တွေမြို့၊ ကန်တော်ကြီး ရပ်ကွက်မှ ဦးမြသွင်(၅ရ)နှင့်စစ်တွေမြို့၊ ကုန်တန်းရပ်ကွက်မှကိုသားညီ(၂၂)နှစ်တို့ဖြစ်သည်။

သူတို့သည် ကျပ်သိန်း၆၀ ကျော်တန်ဖိုးရှိ အရက်/ဘီယာမျိုးစုံအား စားသောက်ကုန်ပစ္စည်းများနှင့်အတူရောနှောသယ်ဆောင်စဉ် ဖမ်းဆီး ခံလိုက်ရခြင်းလည်းဖြစ်သည်။

မောင်တောမြို့မှသက်ဆိုင်ရာများနှင့်နီးစပ်သူတစ်ဦးက မောင်တောတွင် နယ်စပ်ဂိတ်များကို ဖြတ်သန်းမည်ဆိုပါကစစ်ကောင်စီထံသို့ မျှောစာတင်ရပြီး မျှောစာပါမှ ဖြတ်သန်းခွင့်ရကြသည်ဟု ပြောသည်။

မျှောစာပါသော်လည်းအကြောင်းအမျိုးမျိုးပြကာ ဖမ်းဆီးခြင်းများလည်းရှိပြီး ယခုကဲ့သို့ဖမ်းဆီးခြင်းမှာ အထက် အရာရှိနှင့် မပြေလည်၍ ဖြစ်နိုင်သည်ဟုလည်း ၎င်းက နိရဉ္စရာကို ပြောသည်။

“မျှောစာဆိုတာ အရက်တွေဆိုရင်ရောင်းဝယ်တဲ့လိုင်စင်ရှိတယ်။ အဲဒီလိုင်စင်က သယ်ယူခွင့်လိုင်စင်ပါ။ဥပမာ စစ်တွေက မောင်တောကိုသယ်ယူမယ်ဆိုရင် မျှောခံရတယ်။သစ်တွေဝါးတွေဆိုလည်း ခံရတယ်။ စားကုန်က လွဲပြီး။ ဒါပေမယ့် သူတို့ဖမ်းချင်တယ်ဆိုဖမ်းတာပါပဲ။ မဖမ်းချင်လည်း မဖမ်းဘူး ”ဟုပြောသည်။

လက်ရှိတွင် အရက်၊ ဘီယာများနှင့်အတူဖမ်းဆီးခံလိုက်ရသူနှစ်ဦးကို အင်းဒင်နယ်မြေရဲစခန်းတွင် ပို့ကုန်သွင်းကုန်ဥပဒေပုဒ်ဖြင့်အမှုဖွင့်အရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရခိုင်တွင် စစ်တပ်ထုတ်ကုန်များမှာမြန်မာဘီယာ၊ ဒဂုံအရက်၊ ဘီယာ၊ အချိုရည်၊ Andaman Gold အရက်၊ ဘီယာ၊ အချိုရည်၊ BlackShield ဘီယာ၊ မန္တလေးဘီယာ၊မန္တလေးရမ်၊ အာမီရမ်၊Red Ruby ဆေးလိပ်၊Premium Gold ဆေးလိပ်များနှင့်MYTEL ဆက်သွယ်ရေးဆင်းကဒ်များမှာရောင်းအားကောင်းနေဆဲဖြစ်ပြီး ယခုကဲ့သို့စစ်တပ်ထုတ်ကုန်များ ဖမ်းဆီးခြင်းမှာ ယခင်က မရှိခဲ့ဟု သိ၇သည်။

ပြီးခဲ့သည့် ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလက စစ်တပ်က မြန်မာတစ်နိုင်ငံလုံးကို အာဏာ သိမ်းပြီးသည့်နောက် စစ်ကောင်စီကို ဆန့်ကျင်သည့် အနေဖြင့် စစ်တပ်ထုတ်ကုန်များကို တစ်နိုင်လုံးမသုံးစွဲကြရန် သပိတ်မှောက် လှုပ်ရှားမှုများပြုလုပ်လျှက် ရှိသည်။(NN-11)

#စစ်တွေ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.