စနေ၊ မေလ ၁၈ရက်၊ ၂၀၂၄

ပလက်ဝတွင် ဘာသာရေးအဆောက်အအုံများဆောက်လုပ်ခြင်းနှင့်တိုးချဲ့ပြင်ဆင်မှုကို စစ်ကောင်စီက ကန့်သတ်မှုများပြုလုပ်လာ


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၀၃ အောက်တိုဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 753

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ဘာသာရေးအဆောက်အအုံများဆောက်လုပ်ခြင်းနှင့် တိုးချဲ့ပြင်ဆင်မှုများကို စစ်ကောင်စီက ကန့်သတ်ထားသည်ဟု သိရသည်။

ပလက်ဝမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု/ရပ်ကွက်ကျေးရွာများအတွင်း ခွင့်ပြုချက်မဲ့ ဘာသာရေး အဆောက်အအုံဆောက်လုပ်မှု၊ တိုးချဲ့ပြင်ဆင်မှုများ မရှိစေရန်နှင့် စစ်ဆေးတွေ့ရှိပါက သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့သို့ အချိန်နှင့်တပြေးညီတင်ပြသွားရမည်ဟု ပလက်ဝမြို့နယ် အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအားလုံးသို့ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းလင်းဦးက သြဂုတ်လအတွင်း ညွှန်ကြားစာပေးပို့ထားသည်။

ပလက်ဝမြို့ပေါ်နှင့်ကျေးရွာများတွင် ဘာသာရေးအဆောက်အအုံများကို စစ်ကောင်စီထံမှ ခွင့်ပြုချက်မပါဘဲ ဆောက်လုပ်ခွင့်မရသည်မှာ ဘာသာရေးလွတ်လပ်ခြင်းကို ထိန်းချုပ်ခြင်းဖြစ်သည်ဟု ရခိုင်ပြည်နယ်မှ ခရစ်ယာန်ဘာသာရေးခေါင်းဆောင်တစ်ဦးက နိရဥ္စရာကိုပြောသည်။

“နိုင်ငံတိုင်းမှာဆိုရင် ဘာသာရေးလွတ်လပ်ခွင့်ဆိုတာရှိရမယ်။ လွတ်လပ်စွာကိုးကွယ်ခွင့်လွတ်လပ်စွာ ဝတ်ပြုခွင့်ရှိရမယ်။ ဝတ်ပြုတဲ့နေရာမှာ အဆောက်အအုံတွေလိုလာမယ်၊ ဘာသာရေးအစုအဖွဲ့တွေ စုဝေးပြီးမှ တစ်နေရာတည်းမှာ ဝတ်ပြုလို့ရတဲ့နေရာအတွက် ကျနော်တို့ကဆောက်ဖို့အရေးကြီးတယ်။ ဒီအရာတွေပေါ်မှာ ကန့်သတ်ပိတ်ပင်မှုတွေအများကြီးရှိတဲ့အခါကျရင် ဘာသာရေးလွတ်လပ်ခွင့်ကို အကန့်အသတ်နဲ့ပဲရရှိတယ်လို့ပဲမြင်တယ်”ဟုပြောသည်။



ပလက်ဝမြို့နယ်အတွင်း ကျေးရွာအုပ်စု၊ ရပ်ကွက်ကျေးရွာများတွင် ခွင့်ပြုချက်မဲ့ ဘာသာရေး အဆောက်အအုံဆောက်လုပ်မှု၊ တိုးချဲ့ ပြင်ဆင်မှုများကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှ ခွင့်ပြုချက်မဲ့ဆောက်လုပ်ထားသည်ကို စိစစ်တွေ့ရှိပါက တည်ဆဲဥပဒေများအရ လုပ်ထုံးလုပ်နည်းနှင့် အညီ အရေးယူဆောင်ရွက်သွားမည်ဟုလည်း ညွှန်ကြားစာထဲတွင် ဖော်ပြထားသည်။

ပလက်မြို့နယ်တွင် ဗုဒ္ဓဘာသာကိုးကွယ်သူများနှင့် ခရစ်ယာန်ဘာသာကိုးကွယ်သူများ အဓိက နေထိုင်ကြသည့်မြို့နယ် တစ်ခုဖြစ်သည်ဟု သိရသည်။

စစ်ကောင်စီက ပလက်ဝမြို့နယ်သို့ ကျောက်တော်မှတဆင့် ရေကြောင်းဖြင့် ဆန်အပါအဝင် အိမ်ဆောက်ပစ္စည်း သယ်ယူခွင့်ကိုလည်း တားမြစ်ထားဖြစ်ကြောင်း သိရသည်။

ပလက်ဝမြို့နယ်သည် ရက္ခိုင့်တပ်တော်(အေအေ)နှင့် စစ်ကောင်စီတပ်တို့ အဓိက တိုက်ပွဲဖြစ်ပွားခဲ့သည့် ဒေသတစ်ခုဖြစ်ပြီး စစ်ဘေးဒုက္ခကို အများဆုံးခံခဲ့ရသည့်မြို့နယ်များအထဲမှ တစ်ခုဖြစ်ကြောင်း သိရသည်။ (NN-11)

Photo by BNI

ဆက်စပ် သတင်းများ