စနေ၊ မေလ ၁၁ရက်၊ ၂၀၂၄

မြေပုံတွင် စစ်တပ်က တစ်နေ့တစ်စီးကျ ကားများကို ချောဆွဲနေ


  • ရေးသူ: Web Master (NN 07)
  • | ရက်စွဲ: ၀၃ အောက်တိုဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.1k

ရခိုင်ပြည်နယ်၊ မြေပုံမြို့တွင် စစ်ကောင်စီတပ်က ကားသမားများကို အနိုင်ကျင့်ကာ တစ်နေ့တစ်စီးကျစီ ချောဆွဲနေကြောင်း သတင်းရရှိသည်။

“ကားသမားတွေကို တစ်ရက်မှာ တစ်စီးကျစီ သင်္ဘောဆိပ်နားက ဂိတ်မှာ အလှည့်ကျ ချောဆွဲထားပါတယ်။  သူတို့ အဲ့ဒီကားနဲ့ သွားဖြစ်ဖြစ်၊ မသွားဖြစ်ဖြစ် ထားကိုထားရမယ်ပြောပါတယ်။ ကားသမားတွေလည်း ကြောက်ပြီးထားပေးရပါတယ်”ဟု ပြောသည်။

တစ်ရက်ကို ကားတစ်စီးစီ အဆင်သင့်ထားပေးရမည်ဟု မြေပုံမြို့ရှိ လိုင်းကားပြေးဆွဲနေသည့် ကားသမားများကိုပြီးခဲ့သည့် စက်တင်ဘာ လလယ်ခန့်မှစတင်ကာ ပြောဆိုထားကြောင်း ကားသမားတစ်ဦးက ပြောသည်။

ကားသမားများမှာ စစ်ကောင်စီတပ်၏ အမိန့်ကို မလွန်ဆန်နိုင်၍ လိုင်းဆွဲနေသည့်ကားများကို သင်္ဘောဆိပ် ကားဂိတ်တွင် အလှည့်ကျဖြင့် တစ်ရက်လျှင် ကားတစ်စီးထားပေးနေရသည်ဟု အမည်မဖော်လိုသည့် နောက်ထပ်ကားသမားတစ်ဦးက ပြောသည်။

“လူတိုင်းက စားဝတ်နေရေးအတွက် လုပ်နေကြတာ။ အခုလို တစ်ရက်မဆွဲရရင် တစ်ရက်နစ်နာတယ်။ တချို့ဆို ကားငှားပြီး ဆွဲကြတာလည်း ရှိတယ်လေ။ ဒါပေမယ့်လည်း ဘယ်တတ်နိုင်မလဲ။ ပြန်ပြောလို့မှမရတာ။ သူတို့က အဲ့ဒီကားတွေကို လိုအပ်ရင်လည်း သုံးတယ်။ မလိုအပ်ရင်လည်း မသုံးဘူး။ ဒါပေမယ့် ကားသမားတွေကတော့ နေ့တိုင်း ထားပေးရတာပေါ့” ဟု ဆိုသည်။

ကားအတွက် လိုအပ်သည့် ဆီအနည်းကိုထည့်ထားခဲ့ပြီး ကားတစ်ခုတည်းကို သွားထားရသည်ဟု ဆိုသည်။ စစ်ကောင်စီတပ်သားများသည် အဆိုပါကားဖြင့် သူတို့ကိုယ်တိုင်မောင်းပြီး မြို့ကို လှည့်လည်မှုများလည်းရှိကြောင်း၊  တချို့ရက်များတွင်  ကားကို ယူသုံးမှုမရှိကြောင်း ပြောသည်။

စစ်ကောင်စီတပ်သားများအနေဖြင့် ၎င်းတို့ကိုယ်ကျိုးအတွက် ပြည်သူလူထုကို အသုံးမချသင့်သလို ယခုကိစ္စကို သက်ဆိုင်ရာလူကြီးများအနေနှင့်လည်း သေချာစိစစ်ပြီး အရေးယူပေးစေလိုသည်ဟုလည်း ကားသမားများက ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်၍ ရခိုင်ပြည်နယ် စစ်ကောင်စီ၏ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရကို နိရဥ္စရာကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပါ။ (NN-7)

ဆက်စပ် သတင်းများ