Preview

တောင်ကုတ်တွင် စစ်ကောင်စီတပ်က ဧည့်စာရင်းစစ်ဆေးမှုနေ့တိုင်းပြုလုပ်လာ

အောက်တိုဘာ ၀၄/ ၂၀၂၃ | ကြည့်ရှုသူ :1801
ရခိုင် သတင်း

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ရှိ ရပ်ကွက်တစ်ချို့တွင်ပြည်သူ့ကာကွယ်ရေးတပ် (PDF)ကိုအကြောင်းပြကာ စစ်ကောင်စီကညအချိန်တွင် နေ့တိုင်းလိုလို ဧည့်စာရင်းဝင်စစ်နေကြောင်းမြို့ခံများက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၃၀ ရက်မှစ၍ တောင်ကုတ်မြို့ရှိရပ်ကွက်အချို့တွင် ညဥ့် ၁၀ နာရီဝန်းကျင်ဆိုလျှင် စစ်တပ်၊ ရဲ၊ လ၀ကနှင့်မီးသတ်တပ်ဖွဲ့ဝင်များက တစ်အိမ်ဝင်တစ်အိမ်ထွက် ဧည့်စာရင်း စစ်နေခြင်းဖြစ်ကြောင်းတောင်ကုတ်မြို့ခံများကပြောသည်။

ထိုသို့ဧည့်စာရင်းစစ်ရာတွင် တောင်ကုတ်မြို့ရှိ ချောင်းကောက်၊ဂူတာနှင့် သိမ်တောင်ရပ်ကွက်တို့ကို အဓိကထား စစ်ဆေးနေခြင်းဖြစ်ပြီး PDF များ ဝင်ရောက်လှုပ်ရှားမှုရှိသည်ဟု သတင်းကြား၍ ယခုကဲ့သို့ ဧည့်စာရင်း စစ်ရခြင်းဖြစ်ကြောင်းသက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများသို့ စစ်ကောင်စီကအကြောင်းကြားထားကြောင်း သိ၇သည်။

ယခုကဲ့သို့ PDFကိုနာမည်တပ်ပြီး ဧည့်စာရင်းစစ်ခြင်းသည်အကြောင်းပြချက် တစ်ခုသာဖြစ်ပြီး အဝေးသင်ကျောင်းတက်ရာသီဖြစ်သည့် အတွက် ထိုအထဲတွင်အေအေတပ်သားများ ပါဝင်နိုင်သည့်အထင်ဖြင့် ဧည့်စာရင်းစစ်ခြင်းသာ ဖြစ်သည်ဟုယူဆရကြောင်း တောင်ကုတ်မြို့ခံတစ်ဦးက နိရဉ္စရာသို့ပြောသည်။

"အဝေးသင်ကျောင်းသားတွေအထဲ အေအေတွေပါလာမယ့်သတင်းနဲ့သူတို့က(စကစ)လုပ်နေတာပါ။ ဒါပေမယ့် ရုံးကစာထုတ်တဲ့အခါ PDF လို့စာထုတ်ပါတယ်။PDF ကိုအကြောင်းပြပြီး လုပ်နေတာပေါ့" ဟုပြောသည်။

ထိုသို့ဧည့်စာရင်းစစ်ရာတွင် ည ၁၀ နာရီမှ မနက် ၅ နာရီအထိ အင်အား အများအပြားဖြင့် နေအိမ်ရှိဒေသခံများကို အိမ်ပြင်ထွက်ခိုင်းစေပြီးခြင်ထောင်လှန်မစစ်ရုံတမယ်  စစ်ဆေးနေကြောင်းအထက်ပါဒေသခံက ဆက်ပြောသည်။

လက်ရှိကာလသည် အဝေးသင်ကာလဖြစ်သည့်အတွက် တောင်ကုတ်မြို့ပေါ်တွင်အဝေးသင်တက်ရောက်ရန် နေထိုင်သည့် ကျောင်းသား၊ ကျောင်းသူ အများအပြားမှာ စစ်ကောင်စီကယခုကဲ့သို့ ဧည့်စာရင်းစစ်နေသဖြင့် အခက်အခဲဖြစ်ရကြောင်း ဒေသခံများက ပြောသည်။

အခြားနယ်တစ်ခုမှ တောင်ကုတ်သို့ကျောင်းလာတက်သူတစ်ဦးက"နယ်ကနေ ကျောင်းလာတက်တော့ အဆောင်မှာနေရတာလေ။ အခုလိုမျိုး ဧည့်စာရင်းစစ်နေတာတွေ ကြားတော့ စိုးရိမ်စိတ်လည်းဖြစ်မိတယ်။ ဧည့်စာရင်းကို မဖြစ်မနေတိုင်နေ၇တယ်"ဟု ပြောသည်။

ထိုသို့ နယ်မှကျောင်းလာတက်သည့်အထဲတွင် မှတ်ပုံတင်မရှိသေးသည့်ကျောင်းသူ၊ ကျောင်းသား များလည်းပါဝင်ပြီး ထိုသူများကိုဆိုလျှင်အဆောင်ငှားရမ်းထားသည့် ပိုင်ရှင်များထံမှ မေဂျာ အပြည့်အစုံ၊ ကျောင်းသားကဒ်၊ဖုန်းနံပါတ်များပါ တောင်းရမ်းကြောင်း ဒေသခံများကပြောသည်။

အဆိုပါဧည့်စာရင်းစစ်သည့် စစ်ကောင်စီတပ်နှင့်ပူးပေါင်းအဖွဲ့ဝင်များသည် ယခုရက်ပိုင်းအတွင်းတွင် နေ့တိုင်းလိုလိုစစ်နေပြီးယခင်ရက်များက စစ်ပြီးခဲ့သည့် ရပ်ကွက်၊ လမ်းများကိုလည်း ထပ်တလဲလဲ စစ်ဆေးမှုပြုလုပ်လေ့ရှိကြောင်းဒေသခံများက ပြောသည်။ (NN-8)

ဓာတ်ပုံ - တောင်ကုတ်မြို့လယ်တစ်နေရာအားတွေ့၇စဉ်။

#စစ်ကောင်စီတပ်#တောင်ကုတ်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.