Preview

အမ်းတွင် ဓားထိုးခံရသည့် အထက်တန်းပြဆရာမ ဒဏ်ရာမှာနှလုံးသို့ထိ ထိခိုက်နေသဖြင့် အမ်းဆေးရုံမှ ရွှေ့ပြောင်းပြီး အဆင့်မြင့် ဆေးရုံများတွင် ကုသရန်လိုအပ်နေ

အောက်တိုဘာ ၀၄/ ၂၀၂၃ | ကြည့်ရှုသူ :2069
ရခိုင် သတင်း

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ရူးစံပြကျေးရွာတွင် အမျိုးသားဖြစ်သူ၏ ဓားဖြင့်ထိုးခြင်းခံခဲ့ရသည့်အထက်တန်းပြဆရာမ ဒေါ်သန်းသန်းဌေး(၄၁)နှစ်၏ဓားဒဏ်ရာမှာ  နှလုံးသို့ထိ ထိခိုက်နေသဖြင့် အဆင်မြင့်ဆေးရုံများသို့ ရွှေ့ပြောင်းကုသမှုခံယူရန်လိုအပ်နေကြောင်း သိရသည်။

အမ်းမြို့နယ်၊ရူးစံပြကျေးရွာ၊ ရူးအထကကျောင်းမှ အထက်တန်းပြဆရာမ ဆရာမ ဒေါ်သန်းသန်းဌေးသည် လက်ရှိ အမ်းမြို့ရှိ စစ်တပ်ဆေးရုံ (တိုင်းဆေးရုံ)တွင် တက်ရောက်ကုသနေသော်လည်း ဓားဒဏ်ရာမှာ နှလုံးကို ထိခိုက်နေသဖြင့် စိုးရိမ်စရာရှိနေသေးသည်ဟုဆရာမ၏ ဆွေမျိုးတစ်ဦးကပြောသည်။

"လက်ရှိမှာတော့ ဆရာမကသတိတော့ ရပါတယ်။ စကားအများကြီးမပြောနိုင်သေးဘူး။ နှလုံးမှာလည်း ဓားဒဏ်ရာရထားတယ်။နှလုံးကာဗာကို ထိထားတယ်လို့ ပြောတယ်။ ရန်ကုန်တို့၊ နေပြည်တော်တို့ဘက်ကိုဆေးကုဖို့သွားရမယ်။ အခုအခြေအနေနဲ့က ကားလည်းကောင်းကောင်း မစီးနိုင်သေးတော့ပို့လို့မရသေးဘူး" ဟု ပြောသည်။

ဆရာမသည်အမ်းမြို့နယ်၊ သဗြုချိန်ကျွန်း၊ ချက်ပုံမကျေးရွာဇာတိဖြစ်ပြီး ရူးအထကတွင်တာဝန်ကျနေသူဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာလ၂၇ ရက်၊ နံနက်ပိုင်းက ကျောင်းသို့ စာပြရန် စက်ဘီးဖြင့်သွားစဉ် ကွာရှင်းရန် စီစဉ်ထားသည့် အမျိုးသားဖြစ်သူဦးညီညီဝင်း(၆၀)နှစ်က ဆရာမ၏စက်ဘီးကို ဆိုင်ကယ်ဖြင့် ဝင်တိုက်ကာ ရူးကျေးရွာထဲတွင်ဓားဖြင့်ထိုးခဲ့ခြင်းဖြစ်သည်ဟု ရွာသားများက ပြောသည်။

ယင်းဖြစ်စဉ်ကြောင့် ဆရာမဒေါ်သန်းသန်းဌေးတွင်ရင်အုံအောက်ဘက်၊ ဆီးခုံအထက်ဘက်၊ ပေါင်၊ ဝမ်းဗိုက်၊ခြေထောက်တို့၌ ဓားဒဏ်ရာများရရှိခဲ့သည်ဟု သိရသည်။

ဆရာမသည် ဓားထိုးမခံရင်ခင်ရက်ပိုင်းကအမျိုးသားဖြစ်သူနှင့် ကွာရှင်းပြတ်စဲရန် ကျေးရွာတာဝန်ရှိသူများရှေ့နှုတ်အားဖြင့် သဘောတူညီမှုယူထားခဲ့ပြီးနောက် ယခုဓားထိုးမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ဦးညီညီဝင်းသည်အရက်မူးကာ ဇနီးဖြစ်သူကို အမြဲရိုက်နှက်ဆက်ဆံတတ်သည့်အတွက်ကွာရှင်းရန်စီစဉ်ခဲ့ခြင်းဖြစ်ကြောင်းလည်း ကျေးရွာသားများက ပြောသည်။

လက်ရှိတွင်ဦးညီညီဝင်းကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/ AA)က ဖမ်းဆီးစစ်ဆေးလျက်ရှိသည်ဟု သိ၇သည်။

ပြီးခဲ့သည့် စက်တင်ဘာလ၁၆ ရက်ကလည်း ၇သေ့တောင်မြို့နယ်တွင် အသက် ၃၀ ကျော်အရွယ် အလယ်တန်းပြဆရာမဒေါ်နှင်းယုနွယ်သည် စာပြရန် သွားစဉ် လမ်း၌ ရက်ရက်စက်စက်အသတ်ခံလိုက်ရသေးသည်

သူမ၏အမှုတွင်လည်းသံသယရှိသူများကို ULA/AA ကဖမ်းဆီးစစ်ဆေးလျက်ရှိသည်ဟု သိ၇သည်။ (NN-23)

#အမ်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.