စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

စစ်တွေမှာ စိတ်ဝေဒနာရှင် လူငယ်တစ်ဦး ၂ ရက်ကြာပျောက်ဆုံးနေ၍ မိသားစုများစိုးရိမ်နေ


  • ရေးသူ: Web Master (NN 23)
  • | ရက်စွဲ: ၀၆ အောက်တိုဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.5k

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ မင်းဂံ ကယ်ဆယ်ရေးရပ်ကွက် အကွက် (၁၁) မှ စိတ်ဝေဒနာရှင် လူငယ်တစ်ဦးမှာ နေအိမ်မှထွက်ခွာသွားပြီး ၂ ရက်ခန့်အကြာထိပျောက်ဆုံးနေ၍ စိုးရိမ်နေကြောင်း မိသားစုဝင်များက ပြောသည်။

ပျောက်ဆုံးနေသည့်လူငယ်မှာ မင်းဂံရ်ပကွက် အကွက်(၁၁)၊ နတ်စင်လမ်းအနီးနေထိုင်သည့် ဦးစံထွန်းအေး (ပါမောက္ခ(ငြိမ်း) ကျောက်ဖြူပညာရေးကောလိပ်)၏ သားဖြစ်သူ ကိုအောင်အောင်(၃၁)နှစ်ဖြစ်ကြောင်း သိရသည်။

၄င်းသည် အောက်တိုဘာလ ၄ ရက်၊ ညနေ ၃ နာရီကျော်က နေအိမ်တွင်မိဘများမရှိစဥ် အိမ်မှထွက်ခွာသွားပြီး ယနေ့အောက်တိုဘာလ ၆ ရက်၊ ညနေပိုင်းထိ အဆက်သွယ်မရဘဲဖြစ်နေကြောင်း မိသားစုဝင်များက ပြောသည်။

ကိုအောင်အောင်၏ အစ်ကိုဝမ်းကွဲတော်စပ်သူ ကိုဆန်းဌေးက " အိမ်မှာဘယ်သူမှမရှိတဲ့အချိန်ထွက်သွားတာ။ အခုလည်း မိသားစုကလိုက်ရှာနေကြပါတယ်။ အခုထိတော့ ပြန်မတွေ့သေးပါဘူး" ဟု နိရဥ္စရာသတင်းဌာသို့
ပြောသည်။

ကိုအောင်အောင်သည် ယင်းနေ့က ဖခင်ဖြစ်သူ ကျူရှင်ပြရန်သွားနေစဥ်နှင့် မိခင်ဖြစ်သူဈေးဝယ်ထွက်နေချိန်အတွင်း နေအိမ်မှထွက်သွားရာတွင် ပျောက်ဆုံးသွားခဲ့ခြင်း​ဖြစ်ကြောင်း သူက ပြောသည်။

"ပျောက်သွားတဲ့အချိန်က သူ့အဖေက ကိုယ်ပိုင်အထက်တန်းကျောင်းတစ်ခုမှာ စာသွားပြနေတယ်။ အမေဖြစ်သူက စျေးသွားနေတုန်းမှာ ပျောက်သွားတာ။ သူက စိတ်ပုံမှန်မဟုတ်လို့ ဆေးအချိန်မှန်သောက်နေရတဲ့သူပါ။ အခုထိပြန်မတွေ့သေးတော့ မိသားစုကလည်း စိတ်ပူနေကြတယ်" ဟု ပြောသည်။

ပျောက်ဆုံးနေသူကိုအောင်အောင်မှာ စိတ်ဝေဒနာခံစားနေရပြီး ဆေးသောက်နေရသူတစ်ဦးဖြစ်၍ မိသားစုဝင်များအနေဖြင့် အထူးစိုးရိမ်နေကြောင်း နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

စစ်တွေမြို့၊ ကသဲရပ်ကွက်မှ စိန်မြောင်ဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တပညာသီရိ (၄၄) နှစ်သည်လည်း ပြီးခဲ့သည့် စက်တင်ဘာလ ၁၂ ရက်က ပျောက်ဆုံးသွားခဲ့သည်ဟု သိရသည်။ (NN-23)


ဓာတ်ပုံ-ပေးပို့

ဆက်စပ် သတင်းများ