Preview

ကျောက်တော် မဟာမုနိဘုရားသိမ်တော် ပြန်လည်ပြုပြင်မွမ်းမံမှု ၆၅ ရာခိုင်နှုန်းပြီးစီး

အောက်တိုဘာ ၀၇/ ၂၀၂၃ | ကြည့်ရှုသူ :1224
ရခိုင် သတင်း

ရခိုင်ပြည်နယ်၊ကျောက်တော်မြို့ရှိ တန်ခိုးကြီးမဟာမုနိဘုရား၏သိမ်တော်ကို ပြန်လည်ပြုပြင် မွမ်းမံလျက်ရှိရာ လက်ရှိတွင် ၆၅ရာခိုင်နှုန်းပြီးစီးနေပြီဟု သိ၇သည်။

ကျပ်သိန်းပေါင်း ၅သောင်းခန့်ဖြင့်အကြီးစားပြင်ဆင်နေသည့် မဟာမုနိဘုရားသိမ်တော်တွင် လက်ရှိ၌ သိမ်ဆောင်၌ပတ်ပတ်လည် အမိုးအသစ်မိုးပြီးသော်လည်းမျက်နှာကြက်နှင့် ထီးတော်တင်ရန် ရှိသေးကြောင်းမဟာမုနိဘုရားဂေါပကအဖွဲ့က ပြောသည်။

ယင်းအပြင် ပြီးခဲ့သည့်မေလအတွင်းကတိုက်ခတ်ခဲ့သည့် မိုခါမုန်တိုင်းကြောင့် ဂန္ဓာကုဋီတိုက်ပင်မဆောင်သည် လုံး၀ပျက်စီးသွားပြီး ထီးတော်လည်းမြေခခဲ့သောကြောင့်ပြုပြင်ရန် အလှူငွေများ လိုအပ်နေသေးကြောင်း မဟာမုနိဘုရားဂေါပက ဥက္ကဋ္ဌ ဦးညိုသာလှက နိရဥ္စရာကိုပြောသည်။

“လောလောဆယ်တော့ ၆၅ရာခိုင်နှုန်းပြီးနေပြီ။ ဂန္ဓာကုဋီတိုက် ပင်မဆောင်မှာ မိုခါမုန်တိုင်းမတိုက်ခင်မိုးလို့ပြီးခဲ့ပြီ။ မိုခါမုန်တိုင်းတိုက်ပြီး ပင်မဆောင်ဘုံဆောင်ဟာပျက်စီးသွားတဲ့အတွက် အကုန်လုပ်ရမယ်။ နောက်ပြီး မိုခါကြောင့်ဘုရားကျောင်းပေါ်က ခေါင်မိုးစောင်းသွားလို့ တစ်ခုလုံးကို ပြန်ဖြိုပြီးပြင်ရအုံးမယ်”ဟု ပြောသည်။

အဆိုပါမဟာမုနိဘုရားသိမ်တော်တစ်ခုလုံးနှင့် အာရုံခံတန်ဆောင်းများကိုမြောက်ဦးဆရာတော်ကြီး အရှင်ဝါယာမိန္ဒ ဦးဆောင်ကာ တပည့်တကာ၊ တကာမများ၏ထည့်ဝင်အလှူငွေကျပ်သိန်းပေါင်း ၅ သောင်းခန့်ဖြင့် ပြီးခဲ့သည့် ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလမှစတင်ကာ ပြန်လည်ပြုပြင်နေခဲ့ခြင်းဖြစ်သည်။

အဆိုပါသိမ်ဆောင်နှင့် သိမ်ခေါင်မိုးများအပါအဝင်အာရုံခံတန်ဆောင်များနှင့် သိမ်တိုင်များမှာ နှစ်ပေါင်း ၃၀ခန့်အကြာ ကတည်ဆောက်ခဲ့သည့် အတွက် လက်ရှိတွင် ယိုယွင်းပျက်စီးလာနေပြီသည့်အတွက်ဘုရားဖူးခရီးသည်များ အန္တရာယ်မဖြစ်စေရန် ယခုကဲ့သို့ ပြန်လည်ပြုပြင် မွမ်းမံနေခြင်းဖြစ်သည်ဟုသိ၇သည်။




ယင်းသို့ပြန်လည်ပြုပြင်ရာတွင် မဟာမုနိဘုရားဂန္ဓာကုဋီတိုက်ရှိသိမ်တိုင် ၄၈လုံးကို ၇ခိုင်တို့၏ ဓည၀တီခေတ်တွင် ဘုရင်စန္ဒသူရိယမင်းအား မြတ်စွာဘုရားရှင်ကတရားဟောနေပုံအပါအဝင် ရုပ်ကြွများကို ကျောက်ဆစ်လက်ရာများနှင့်ပန်းကနုတ်များဖြင့် တခမ်းတနားပုံဖော် ပြုပြင်နေခြင်း ဖြစ်ပြီး ကျန်အာရုံခံတန်ဆောင်း ၄ခုရှိတိုင်များကိုမူ ကွန်ကရစ်တိုင်အဖြစ် ပြုပြင်နေခြင်းဖြစ်သည်။

အလားတူမဟာမုနိဘုရားသိမ် ပင်မခေါင်မိုးကိုလည်း ရွှေရောင်စတီးပြား ခေါင်မိုးများအဖြစ်ပြောင်းလဲမိုးပေးသွားမည် ဖြစ်သည်

ယင်းအပြင်မဟာမုနိဘုရားဂန္ဓာကုဋီတိုက်အတွက် စစ်တွေမြို့မှ လောပန်းကိုယ်တော်(ခေါ်)ဦးအောင်ကျော်လင်းကလှူဒါန်းထားသည့် ကျောက်စိမ်းပြားများကိုခင်းသွားမည်ဖြစ်သလို ဂန္ဓာကုဋီတိုက်အပြင်ဘက်မှအာရုံခံတန်စောင်း ၄ ခုအတွက် ဖားကန့်မြို့ရှိ ရခိုင်လောပန်းများနှင့်အခြားတိုင်းရင်းသားလောပန်းများ စုပေါင်းလှူဒါန်းထားသည့်ကျောက်စိမ်းပြားများကိုလည်း ခင်းပေးသွားမည်ဖြစ်သည်ဟု သိရသည်။

လက်ရှိတွင်လုပ်ငန်းအားလုံး ပြီးပြတ်ရန် နောက်ထပ် ကျပ်သိန်း ၂ သောင်းခန့်လိုအပ်နေသေးကြောင်းလည်း သိရသည်။

နိုင်ငံရေးအခြေအနေမတည်ငြိမ်မှုများ၊မိုခါမုန်တိုင်းတိုက်ခိုက်ခဲ့ခြင်းနှင့် ခရီးသွားလာရေး စရိတ်မြင့်မားလာခြင်းတို့ကြောင့်ဒေသအတွင်းတွင် ဘုရားဖူးမြော်သူ နည်းပါးလာကြောင်းလည်း မဟာမုနိဘုရားဂေါပကဥက္ကဋ္ဌဦးညိုသာလှက ပြောသည်။



“ဒီနှစ် မြို့ဘက်ရော၊နယ်ဝေးဘုရားဖူးဧည့်သည်တွေရော ရောက်တာ နည်းသွားတယ်။ မြို့ပေါ်ကလူတွေနယ်ဝေးကလာတဲ့လူက လှူကြတယ်။ အလှူငွေနည်းတော့ ဘုရားပြုပြင်ရာမှာလည်းကြန့်ကြာ နေတယ်ပေါ့နော်။အားလုံးအပြီးအစီးဆို ကျပ်သိန်းပေါင်း ရှစ်သောင်းလောက်ကုန်မယ်လို့ ပြောတယ်”ဟုပြောသည်။

ယခုနှစ်အတွင်းမြန်မာနိုင်ငံတွင် သွားရောက်လည်ပတ်ချင်စရာအကောင်းဆုံးဒေသ ၁၀ ခုကိုဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက မကြာသေးခင်က ကြေညာခဲ့ရာတွင်လည်း လာရောက်လည်ပတ်သူများသည့် ကျောက်တော်ရှိတန်ခိုးကြီးမဟာမုနိဘုရားအပါအဝင် ရခိုင်ရှေးဟောင်းယဉ်ကျေးမှုနယ်မြေဖြစ်သည့်မြောက်ဦးဒေသတို့ ပါဝင်ခဲ့ခြင်းမရှိဘဲ ချန်လှပ်ခံခဲ့၇သည်။ (NN-11)

 

#ကျောက်တော်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.