Preview

ကျပ်သိန်း ၁၉၀၀ ဖိုးရှိ ရွှေထည်များခိုးယူမှုနှင့် စွပ်စွဲဖမ်းဆီးခံထားရသူ ရခိုင်အမျိုးသမီးတစ်ဦးအား ရဲနှင့်အမှုစစ်က အတင်းအဓမ္မဝန်ခံခိုင်းနေ

အောက်တိုဘာ ၀၉/ ၂၀၂၃ | ကြည့်ရှုသူ :2535
ရခိုင် သတင်း

မိသားစုပိုင်ဆိုင်မှု စာရွက်စာတမ်းအချို့အား ရဲက လာရောက်သိမ်းဆည်း

ရန်ကုန်တိုင်း၊ တာမွေမြို့နယ်ရှိ29 (တူးနိုင်း) ရွှေဆိုင်မှ ကျပ်သိန်း ၁၉၀၀ ဖိုးရှိရွှေများ ခိုးယူမှုနှင့်စွပ်စွဲ ဖမ်းဆီး ခံထားရသော ရခိုင်အမျိုးသမီးတစ်ဦးအား ရဲနှင့်အမှုစစ်အတင်းအဓမ္မ ဝန်ခံခိုင်းနေသည့်အပြင် မိသားစုပိုင်ဆိုင်မှု စာရွက်စာတမ်းအချို့အားရဲက လာရောက်သိမ်းဆည်းမှုများရှိကြောင်း သတင်းရရှိသည်။

တာမွေမြို့နယ်ရဲစခန်း၌ဖမ်းဆီးထိန်းသိမ်းခံရချိန်တွင် ရဲနှင့် အမှုစစ်များက ယခုကဲ့သို့ အတင်းအဓမ္မ ဝန်ခံခိုင်းခြင်းဖြစ်သည်ဟုစွပ်စွဲခံဖမ်းဆီးခံနေရသူ၏ ရှေ့နေ ဒေါ်ဝိုင်းသူဇာက နိရဉ္စရာသို့ အတည်ပြုပြောသည်။

"ဝန်ခံလိုရှိရင် ပုဒ်မ၃၈၁ ကနေ ၄၀၈ ကိုပြောင်းပေးမယ်။ အဲဒါက အဓမ္မဝန်ခံခိုင်းတာပေါ့။ နောက်ပြီးတော့ရှေ့နေ မငှားနဲ့ပိုက်ဆံကုန်တယ်။ ထောင်တစ်နှစ်ကျရင် ခြောက်လပဲ ကျအောင် လုပ်ပေးမယ်။ 29နဲ့ညိုနှိုင်းပေးမယ်။ ရဲမှာ ဝန်ခံတာက အတင်းအဓမ္မဝန်ခံခိုင်းတာ ဖြစ်နိုင်တယ်။ " ဟု ပြောသည်။

ယင်းအပြင်ပြီးခဲ့သည့် အောက်တိုဘာ ၂ ရက်က ရဲစခန်းတွင် သမီးဖြစ်သူအားသွားတွေ့ရာတွင်လည်း အစောင့်အကြပ်များသည့်အပြင် သမီးဖြစ်သူ၏ ပြောစကားများကိုသာနားထောင်ရပြီး မေးမြန်းခွင့်မ၇ခဲ့ကြောင်း ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ၂၄ ရက်နေ့တွင်လည်း ရဲမေ ၁ ဦးအပါအဝင် ရဲတပ်ဖွဲ့ဝင်အချို့က ၎င်းနေအိမ်သို့လာရောက်ပြီး စာရွက်စာတမ်းအချို့ကို သိမ်းဆည်းသွားခဲ့ကြောင်း ရှေ့နေဒေါ်ဝိုင်းသူဇာက ဆက်ပြောသည်။


" အိမ်ကို ပစ္စည်းလာသိမ်းတဲ့ ပုံစံလုပ်ချင်တဲ့အတွက်ပြီးခဲ့တဲ့ စက်တင်ဘာ ၂၄ ရက်နေ့က စိုးစံသူကိုလည်း ခေါ်လာတယ်။ရဲမေတစ်ယောက်နဲ့ ရဲသားတွေပါတယ်။ အိမ်က ဇွဲထက်မှာ ရ လပိုင်းက ရွှေရောင်းထားတဲ့ဘောင်ချာနဲ့အရင်မြေပုံ ကမ်ထောင်းကြီးက ရွှေဝယ်ထားတဲ့ ဘောင်ချာတွေ အားလုံးကို သိမ်းသွားတာပါ။ ကျန်တာ ဘာမှာရှာမတွေ့ခဲ့ဘူး။ နောက်ပြီးတော့ရပ်ကွက်ရုံးက အိမ်စာချုပ်ကိုလည်း တောင်းထားတယ်" ဟု ပြောသည်။

ယင်းအပြင် စွပ်စွဲဖမ်းဆီးခံနေရသူ၏ မိဘနှစ်ပါးသည် အမွေရသည့်ငွေများအပြင် မြေပုံမြို့နယ်သရက်တောင်ကျေးရွာရှိ အိန္ဒိယဆိုင်ကယ် (ဒေသအခေါ် တုတ်တုတ်) တစ်စီးနှင့် အိမ်နှင့်ခြံကို ရောင်းကာ  မေလတွင် ရန်ကုန်သို့ ပြောင်းရွှေ့သွားခဲ့ခြင်းဖြစ်ကြောင်းမိသားစုဝင်တစ်ဦးက ပြောသည်။

ယခုအရေးယူဆောင်နေမှုနှင့် ပတ်သက်၍ 29 ရတနာရွှေဆိုင်၏အမှုလိုက်ရှေ့နေကို နိရဉ္စရာမှ ဆက်သွယ်ရခဲ့သော်လည်း ၎င်းအနေဖြင့် မီဒီယာတွင်မဖော်ပြရန် ပြောဆိုသွားသည်။

အဆိုပါရွှေဆိုင်တွင် ဝန်ထမ်းများအနေဖြင့်ရုံးဆင်းသည့်အခါတွင် ကိုယ်နှင့်ပါသည့် ပစ္စည်းများကို စစ်ဆေးရုံသာမကတစ်ကိုယ်လုံးစစ်ဆေးခံပြီးမှသာ ရုံးဆင်းရကြောင်း၊ CCTV ကင်မရာလည်း တပ်ဆင်ထားပါလျှက် ကင်မရာ မှတ်တမ်းကိုလည်း မသိရကြောင်းဝန်ထမ်းတစ်ဦးက ဆိုသည်။

ရန်ကုန်မြို့ရှိ 29 ရတနာရွှေဆိုင်များတွင် ပန်းထိမ်လုပ်နေကြသူရခိုင်ပန်းထိမ်ဆရာ အပါအဝင် ပန်းထိမ်ဆရာ ၁၀၀ ကျော်ခန့်ရှိကြောင်း ရခိုင်ပန်းထိမ်ဆရာအသိုင်းအဝိုင်းပြောပြချက်အရသိရသည်။

ဖမ်းဆီးတရားစွဲဆိုခံထားရသူမှာ မြေပုံမြို့နယ်သရက်တောင်ကျေးရွာက အသက် (၂ရ)  အရွယ် အမျိုးသမီးငယ်ဖြစ်ပြီး စက်တင်ဘာ ၂၁ ရက်နေ့တွင် ဖမ်းဆီးခဲ့သော်လည်း ခိုးရာပါပစ္စည်းများကို သိမ်းဆည်းရရှိခြင်း မရှိ၍ ယနေ့အချိန်ထိ  ရုံးမတင်နိုင်သေးကြောင်း သိ၇သည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂၈ ရက်တွင် တာမွေမြို့နယ် ဦးချစ်မောင်လမ်းရှိ 29 ရွှေဆိုင်တွင် ရွှေထည်ပစ္စည်း ၃၄ မျိုး(ကာလတန်ဖိုး သိန်း ၁၉၀၀ ခန့်)ရှိ ရွှေထည်ပစ္စည်းများ ပျောက်ဆုံးနေသည့်အတွက် ဝန်ထမ်း ၇၀ခန့်အား မိသားစုနှင့် အဆက်အသွယ် လုံး၀ လုပ်ခွင့် မပြုဘဲ  ၂ ရက်ပိတ်လှောင်စစ်ဆေးပြီးနောက် ပစ္စည်းလက်ခံရေးဌာနမှ အဖွဲ့ခေါင်းဆောင်နှင့်မစိုးစံသူအပါအဝင် ၄ ဦးတို့အား ၅ ရက်ထပ်မံ စစ်ဆေးခဲ့သည်။

ယင်းနောက် တရားခံရှာမတွေ့၍ ဝန်ထမ်းများအား ပုံမှန် ရုံးတက်ရန်ကတိဖြင့် အလုပ်ပျက်ရက်မရှိ ဆင်းစေခဲ့ပြီးနောက် မစိုးစံသူမှာနေမကောင်းသဖြင့် ရန်ကုန်မြို့ မြောက်ဥက္ကလာပ မြို့နယ် ရွှေလမင်း ဆေးရုံ၌ဆေးခွင့်ဖြင့် ဆေးကုသခံနေစဉ် စက်တင်ဘာလ ၂၁ ရက်နေ့တွင် စွပ်စွဲဖမ်းဆီးခံခဲ့ရသည်ဟု သိရသည်။
သူမသည် 29 ရတနာရွှေဆိုင် ပစ္စည်းလက်ခံရေးဌာနတွင်အလုပ်လုပ်ကိုင်နေသည်မှာ ၄ လခန့်သာရှိသေးသည်။

လက်ရှိတွင် သူမအား ရာဇသတ်ကြီးပုဒ်မ ၃၈၁ ဖြင့်အမှုနှင့် တာမွေမြို့နယ်တရားရုံးတွင် တရားစွဲဆိုထားသည်။

ရာဇသတ်ကြီးပုဒ်မ ၃၈၁ သည် (အလုပ်ရှင်ထံမှအလုပ်သမားဖြစ်စေ၊ အိမ်ရှင်ထံမှ အစေခံဖြစ်စေ ခိုးယူခြင်း)နှင့်သက်ဆိုင်သည့် ပုဒ်မ ဖြစ်ပြီးအလုပ်ကြမ်းနှင့် ထောင်ဒဏ် ရ နှစ်အထိ ချမှတ်သည့် အမှုဖြစ်သည်ဟု သိ၇သည်။ NN - 9

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.