အင်္ဂါ၊ မေလ ၁၄ရက်၊ ၂၀၂၄

ဝင်းနှင့်ဇော်တို့ လွတ်ငြိမ်းခွင့်ရရှိရေး မြန်မာနှင့်ရခိုင်အဖွဲ့အစည်းများက ထိုင်းဘုရင်နှင့်အစိုးရထံ အသနားခံတောင်းဆိုသင့်ဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ အောက်တိုဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 2.5k

ထိုင်းနိုင်ငံ၊ လိပ်ကျွန်းလူသတ်မှုတွင် တရားခံအဖြစ် စွပ်စွဲဖမ်းဆီးကာ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခံထားရသည့် ဝင်းဇော်ထွန်းနှင့် ဇော်လင်းတို့၏  ရသင့်ရထိုက်သည့် လွတ်ငြိမ်း ချမ်းသာခွင့် ရရှိစေရေးအတွက် မြန်မာနှင့် ရခိုင်အဖွဲ့အစည်းများက ထိုင်းဘုရင်နှင့် အစိုးရထံ အသနားခံ တောင်းဆိုသင့်သည်ဟု အဆိုပါအမှုကို လိုက်ပါကူညီဆောင်ရွက်နေသူ ထိုင်းနိုင်ငံအခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းမှ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က နိရဥ္စရာကို ပြောသည်။

လက်ရှိ ထိုင်းနိုင်ငံရေးအခြေအနေများအရ ဝင်းနှင့်ဇော်တို့ ထောင်ဒဏ်မှ ကွင်းလုံးကျွတ် မလွတ်မြောက်လျှင်တောင် ရသင့်ရထိုက်သည့် လွတ်ငြိမ်းသက်သာခွင့်ရရှိစေရေး မြန်မာနှင့် ရခိုင် အဖွဲ့အစည်းများက ထိုင်းဘုရင်နှင့် အစိုးရကို အသနားခံစာတင်ကာ တောင်းဆိုသင့်သည်ဟု ၎င်းက ပြောဆိုသည်။

"ကျနော့်ရဲ့ အတွေ့အကြုံအရပေါ့နော်။ ထိုင်းနိုင်ငံမှာ မကြာခင် ထောင်သားတွေကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပတ်သက်ပြီးတော့ ပေးလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့ အရင်တုန်းက ဝရမ်းပြေးဝန်ကြီးချုပ်ကို အခု ဘုရင်ကနေပြီးတော့ ထောင် ၈ နှစ်ချထားရာကနေ အခု ၁ နှစ်ပဲကျန်တော့တယ်။ သူ့ကိုလည်း လွှတ်ပေးချင်နေတယ်။ သူ့ကိုလည်း ထိုင်းအစိုးရနဲ့ ထိုင်းရဲ့ တက်ကြွလှုပ်ရှားသူတွေကလည်း ထောင်သားတွေအနေနဲ့ အခွင့်အရေး သာတူညီမျှဖြစ်ရမယ်ဆိုတဲ့ လှုံ့ဆော်မှုတွေရှိတယ်။ ဆိုတော့ ဒီအချိန်မှာပဲ ကျနော်တို့အနေနဲ့ မြန်မာအဖွဲ့အစည်းတွေ၊ အဓိကအားဖြင့် ရခိုင်အဖွဲ့အစည်းတွေလုပ်ရင်တော့ ပိုပြီး ထိရောက်မယ်လို့ ကျနော်မြင်တယ်။ ဒါကြောင့် ဘုရင်ရော၊ လက်ရှိအစိုးရကိုရော အသနားခံစာပေါ့နော်။ ဒီကလေးတွေကို ကွင်းလုံးကျွတ်မဟုတ်ရင်တောင်မှ တစ်စုံတစ်ရာ ရသင့်ရထိုက်တဲ့ လျှော့ရက်တွေ၊ လွတ်ငြိမ်းချမ်းသာခွင့်တွေ ရအောင်ရယ်၊ ပုံမှန် ထောင်ဝင်စာလေး တွေ့ရဖို့တောင်းဆိုသင့်ပါတယ်"ဟု ပြောသည်။

မြန်မာရွှေ့ပြောင်းလူငယ်နှစ်ဦးဖြစ်ကြသည့် ဝင်းဇော်ထွန်းနှင့် ဇော်လင်းတို့ကို ထိုင်းနိုင်ငံ၊ လိပ်ကျွန်းတွင် ၂ဝ၁၄ ခုနှစ်က ဗြိတိသျှလူငယ်စုံတွဲနှစ်ဦးကို သတ်ဖြတ်မှုသံသယဖြင့် ထိုင်းတရားရုံးက သေဒဏ် ချမှတ်ထားခြင်းဖြစ်သည်။

၂၀၂၀ ပြည့်နှစ်၊ သြဂုတ် ၁၄ ရက်တွင် သူတို့နှစ်ဦးကို ထိုင်းဘုရင်က သေဒဏ် မှထောင်ဒဏ်တစ်သက်တစ်ကျွန်းအဖြစ် ပြောင်းလဲချမှတ်ပေးခဲ့သည်။

လက်ရှိတွင် ဝင်းနှင့်ဇော်တို့အား ၂၀၂၀ နှစ်ဆန်းပိုင်းမှစကာ လက်ရှိအချိန်အထိ ထောင်ဝင်စာတွေ့ခွင့်မရတော့ဘဲ စာဖြင့်သာ ဆက်သွယ်နေရသည်ဟု ဦးထူးချစ်က ဆက်ပြောသည်။

"ပြီးခဲ့တဲ့ အစိုးရတွေတုန်းကလည်း ကလေးတွေကို ထောင်ဝင်စာတောင်တွေ့ဖို့ သိပ်မကြိုးစားခဲ့ပေးကြဘူးလို့ ကျနော်တို့ မြင်ရတယ်။ ထောင်ဝင်စာတွေ့ဖို့ကိစ္စကို အစိုးရကပဲ ချောချောမွေ့မွေ့ဆောင်ရွက်နိုင်လိမ့်မယ်ထင်တယ်။ နောက်တစ်ခုက မြန်မာပြည်မှာရှိနေကြတဲ့ ရခိုင်အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေ၊ တခြား တော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းတွေဖြစ်ဖြစ် အေအေတို့လိုမျိုးပေါ့ဗျာ။ အစိုးရကိုတော့ ထောင်ဝင်စာတွေ့လို့ရအောင်မျိုးတော့ မေတ္တာရပ်ခံပေးစေချင်တယ်" ဟု ပြောသည်။

အဆိုပါအမှုကို လိုက်ပါကူညီခဲ့သည့် ရခိုင်အဖွဲ့အစည်းတစ်ခုဖြစ်သော ရခိုင်အမျိုးသားကွန်ရက်မှ ဥက္ကဋ္ဌ ဦးတင်ထူးအောင်ကလည်း ဝင်းနှင့်ဇော်တို့ကိစ္စအတွက် လိုအပ်လျှင် ကူညီရန်အသင့်ရှိကြောင်း နိရဥ္စရာကို ပြောသည်။

"ကျနော်တို့အနေနဲ့ ဒီကိစ္စနဲ့ တိုက်ရိုက်ချိတ်ဆက်မိတာတော့ မရှိတော့ဘူး။ အကူအညီ တောင်းခံလာရင်တော့ ကျနော်တို့အနေနဲ့ ကူညီပေးဖို့အသင့်ပါ"ဟု ပြောသည်။

ဝင်းနှင့်ဇော်တို့နှစ်ဦးသည် ပြစ်မှုမကျူးလွန်ဘဲ မတရားပြစ်ဒဏ်ချမှတ်ခံထားရသူများဖြစ်၍ လွတ်ငြိမ်းချမ်းသာခွင့်ပေးသင့်ကြောင်း၊ မြန်မာအစိုးရအနေနှင့်လည်း ၄င်းတို့နှစ်ဦးလွတ်မြောက်ရေး ကူညီဆောင်ရွက်သင့်ကြောင်း ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖိုးစံက ပြောသည်။

"ဝင်းနဲ့ဇော်ဟာ လူသားချင်းစာနာမှုကိစ္စတွေနဲ့ပတ်သက်လို့ အပြီးအပိုင်လွတ်ငြိမ်းချမ်းသာခွင့် ပေးသင့်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ဟာ အစကတည်းကနေ ပြစ်မှုကိုမကျူးလွန်ဘဲ အတင်း မျက်မြင်သက်သေမရှိဘဲ အဓမ္မဝန်ခံခိုင်းပြီး တရားစွဲဆိုခံရတဲ့သူတွေ ဖြစ်တဲ့အတွက် အာဆီယံနိုင်ငံသားအချင်းချင်းလည်း ဖြစ်တယ်။ ဒါကြောင့် ဝင်းနဲ့ဇော်ကို လွတ်ငြိမ်း ချမ်းသာခွင့်ပေးသင့်တယ်လို့ မြင်ပါတယ်။ မြန်မာနိုင်ငံအစိုးရအနေနဲ့လည်း အာဆံယံအဖွဲ့ဝင်နိုင်ငံလည်း ဖြစ်တယ်။ ထိုင်းနိုင်ငံနဲ့လည်း ချစ်ကြည်ရင်းနှီးစွာ အခုလက်ရှိအစိုးရနဲ့ ရှေ့ဆက်နေကြတာဖြစ်တဲ့ အတွက် ဝင်းနဲ့ဇော်လွတ်မြောက်ရေးအတွက် ကူညီဆောင်ရွက်သင့်တယ်လို့ မြင်ပါတယ်" ဟု ဆိုသည်

ကိုဝင်းဇော်ထွန်းသည် ကျောက်ဖြူမြို့နယ်၊ ကာပီချောင်းကျေးရွာမှဖြစ်ပြီး ကိုဇော်လင်းသည် ကျောက်ဖြူမြို့နယ်၊ မိချောင်းရေသောက်ကျေးရွာမှ ဖြစ်သည်။

သူတို့နှစ်ဦးကို ထိုင်းနိုင်ငံတောင်ပိုင်း ဆူရတ်ဌာနီခရိုင်အတွင်းရှိ ခိုတောင်ကျွန်း (လိပ်ကျွန်း)တွင်၂ဝ၁၄ ခုနှစ်၊ စက်တင်ဘာလအတွင်းက ဗြိတိန်နိုင်ငံသားနှစ်ဦးဖြစ်သည့် ဒေးဗစ်မေလာနှင့် ဟန်နာဝစ်သာရစ်ဂျ် တို့နှစ်ဦး သတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍ ထိုင်းနိုင်ငံ၊ ကော်စမွီခရိုင်တရားရုံးက လူသတ်မှု၊ မုဒိမ်းမှုနှင့် လုယက်မှုတို့ဖြင့် စွဲချက်တင်ခဲ့သည်။

သူတို့ကို ပြစ်မှုထင်ရှားသည်ဆိုကာ လူသတ်မှုနှင့် သတင်းထိန်ချန်မှုအတွက် သေဒဏ်၊ ဟန်နာဝစ်သာ ရစ်ချ်ကို အဓမ္မပြုကျင့်မှုအတွက် ထောင်ဒဏ် နှစ် ၂ဝ၊ ပစ္စည်းခိုးမှုအတွက်ထောင်ဒဏ် ၂ နှစ်၊ ညအချိန်မတော် နေထိုင်မှုအတွက် ထောင်ဒဏ် တစ်နှစ်ခွဲ၊ ထိုင်းနိုင်ငံအတွင်း ခိုးဝင်မှုအတွက် ထောင်ဒဏ်ခြောက်လနှင့် တရားမဝင်နေထိုင်မှုအတွက် ထောင်ဒဏ် ခြောက်လ စသောပြစ်ဒဏ်များကို ကော့စမွီတရားရုံးက ၂ဝ၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်တွင် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။ (NN-7)

ဆက်စပ် သတင်းများ