ဘင်္ဂလားဒေ့ရှ်က ရေချိုငါးမှာယူမှုလျှော့ချထား၍ ရခိုင်နယ်စပ်ကုန်သွယ်မှုသည်လက်ရှိတွင် လုံး၀ ကျဆင်းလျက်ရှိကြောင်း ရခိုင်ပြည်နယ်ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း(RSCCI)မှ သိ၇သည်။
ရခိုင်မှ နယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်သည့် မောင်တောကညင်ချောင်းစခန်းနှင့်စစ်တွေရွှေမင်းဂံစခန်းတို့၏ ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် စက်တင်ဘာလ ၁၅ ရက်အထိတင်ပို့နိုင်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၇ ဒသမ ၅၂၆ သန်းဖိုးသာရှိပြီး ပြီးခဲ့သည့်၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် စက်တင်ဘာ ၁၅ အထိဆိုလျှင် အမေရိကန်ဒေါ်လာ ၆၈ ဒသမ ၂၈၂သန်းဖိုးအထိ တင်ပို့နိုင်ခဲ့သည်ဟု နယ်စပ်ကုန်သွယ်ရေးစာရင်းများအရ သိ၇သည်။
RSCCI မှ အတွင်းရေးမှူးဦးအောင်အောင်က “ကုန်သွယ်မှုတွေကျဆင်းနေတယ်။ မိုခါနောက်ပိုင်းပေါ့နော်။ပစ္စည်းတွေအသွားအလာနည်းကြတယ်။ ဒီလတော့ နည်းနည်းကောင်းလာမယ်ထင်ပါတယ်။ ငါးတွေတော့ဒီဘက်ကပို့နေတယ်”ဟု နိရဥ္စရာသတင်းဌာနကို ပြောသည်။
ရခိုင်နယ်စပ်ကုန်သွယ်ရေးစခန်းများမှတဆင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရေချိုငါးကို အဓိကထား တင်ပို့လျက်ရှိသော်လည်း ပြီးခဲ့သည့်မတ်လမှစတင်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ရေချိုငါးမှာယူမှုလျှော့ချလိုက်သည့်အတွက်ယခုကဲ့သို့ ကုန်သွယ်မှုတန်ဖိုး ကျဆင်းသွားခြင်းဖြစ်သည်ဟု ကုန်သည်များက ပြောသည်။
ရခိုင်နယ်စပ်ကုန်သွယ်ရေးမှတဆင့်ဘင်္ဂလားဒေ့ရှ်သို့ အဓိကထားတင်ပို့နေရသည့် ရေချိုငါးသည် ဧရာ၀တီ၊ ရန်ကုန်နှင့်ပဲခူးတိုင်းဒေသကြီးဘက်မှ ထွက်ရှိသည့် ငါးမြစ်ချင်းများဖြစ်သည်။
လက်ရှိတွင် မောင်တောကညင်ချောင်းနယ်စပ်ကုန်သွယ်ရေးစခန်းမှလည်း ငါးစိမ်းများကိုဘင်္ဂလားဒေ့ရှ်သို့ တင်ပို့မှုမရှိတော့ဟု မောင်တောနယ်စပ်ကုန်သည်တစ်ဦးကနိရဥ္စရာသတင်းဌာနကိုပြောသည်။
“ငါးစိမ်းက မောင်တောကနေ တင်ပို့လို့မရတော့ဘူး။ စစ်တွေက တင်ပို့ရတယ်။မောင်တောက အခုသွားနေတာ ကုန်စုံပစ္စည်းတွေ၊ အလှကုန်တွေ။ ပုံမှန်လည်း မထွက်ဖြစ်ဘူး။ အရင်ဆိုစက်လှေ တစ်ရက်ကိုသုံးလေးငါးစီး ထွက်တယ်”ဟုပြောသည်။
လက်ရှိရခိုင်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကြက်သွန်၊ ချင်း၊ဇီးသီးခြောက်၊ မကျည်းစေ့များကို အများဆုံး တင်ပို့လျက်ရှိပြီး ဘင်္ဂလားဒေ့ရှ်ဘက်မှမြန်မာသို့ ပလပ်စတစ်ပစ္စည်းများနှင့် ရေတိုင်ကီဗူးများကို တင်သွင်းလျက်ရှိကြောင်းသိ၇သည်။
Photo - RSCCI