သောကြာ၊ မေလ ၁၇ရက်၊ ၂၀၂၄

စစ်ကောင်စီက အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ရခိုင်အပါအဝင် တိုင်းနှင့်ပြည်နယ်များတွင် အကြိမ်နှစ်ဆယ်ကျော်အထိရှိဟု NLD ထုတ်ပြန်


  • ရေးသူ: Web Master (NN 09)
  • | ရက်စွဲ: ၁၂ အောက်တိုဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 530

စစ်တပ်အာဏာသိမ်းပြီးနောက် နှစ်နှစ်ခွဲကျော်အတွင်း ရခိုင်ပြည်အပါအဝင် အခြားတိုင်းနှင့်ပြည်နယ် (၇) ခုတွင် စစ်ကောင်စီက အရပ်သားပြည်သူ ဆယ်ဦးအထက် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုမှာ (၂၂) အကြိမ်အထိ ကျူးလွန်ခဲ့ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)က ယမန်နေ့ အောက်တိုဘာလ ၁၁ ရက်တွင် ထုတ်ပြန်ထားသည်။

 

အဆိုပါအစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရသည့် တိုင်းနှင့်ပြည်နယ်များအနက် စစ်ကိုင်းတိုင်းတွင် (၁၄) ကြိမ်အတွင်း ၃၆၈ ဦးသတ်ဖြတ်ခံခဲ့ရပြီး အများဆုံးသတ်ဖြတ်ခံရမှုဖြစ်သလို ကချင်ပြည်နယ်တွင် (၃)ကြိမ်အတွင်း ၁၃၀ ဦးဖြင့် ဒုတိယအများဆုံးဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ 

 

ကချင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့သည့် (၃)ကြိမ်ထဲတွင် ပြီးခဲ့သည့် အောက်တိုဘာလ ၉ ရက်၊ ညအချိန်က လိုင်ဇာမြို့၊ မုန်လိုင်ခက်စစ်ဘေးရှောင်စခန်းတွင် စစ်ကောင်စီတပ်၏လက်နက်ကြီးကျည် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကလေးငယ် ၁ဝ ဦးအပါအဝင် စစ်ဘေးရှောင် ၂၈ ဦး အစုလိုက်အပြုံလိုက်သေဆုံးခဲ့ရပြီး ၆ဝ ကျော်ဒဏ်ရာရရှိခဲ့သည့်ဖြစ်စဉ်လည်း ပါဝင်သည်ဟု ဖော်ပြထားသည်။ 

 

ယင်းဖြစ်စဉ်အပေါ် မိသားစုဝင်များနှင့် ထပ်တူကြေကွဲရသည်ဟုလည်း NLD က ဆိုထားသည်။ 

 

အလားတူ ရခိုင်အပါအဝင် မကွေး၊ ပဲခူး၊ ကရင်နီနှင့် မွန်ပြည်နယ်များတွင်လည်း တစ်ကြိမ်စီကျူးလွန်ခဲ့ကြောင်း ဖော်ပြထားသည်။ 

 

ရခိုင်ပြည်နယ်အတွင်းကျူးလွန်ခဲ့မှုမှာ မောင်တောမြို့နယ်တွင် ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ်၊ နိုဝင်ဘာလအတွင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ 

 

မောင်တောမြို့နယ်မှ မြိုလူမျိုးများနေထိုင်သည့် ဂြိတ်ချောင်းကျေးရွာတွင် ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်၊ နေ့လယ်ပိုင်းက ကလေးနားထိုးပွဲ ကျင်းပနေစဉ် ကြိမ်ချောင်း နယ်ခြားစောင့်တပ် နခခ(၇)က ပစ်လိုက်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ ရွာသား (၁၂) ဦးသေဆုံးပြီး အယောက် (၃၀) ခန့်ဒဏ်ရာရရှိကြောင်း သိရသည်။ 

 

အနီးအနားတွင်လည်း မည်သည့်တိုက်ပွဲမျှဖြစ်ပွားမှုမရှိဘဲ ကလေးနားထိုးပွဲသို့ လက်နက်ကြီးကျည် ရုတ်တရက်ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။ 

 

ယခုဖော်ပြပါဖြစ်စဉ်များအရ စစ်ကောင်စီသည် လူသားမျိုးနွယ်ပျက်သုဉ်းစေမှုနှင့် စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်းကျူးလွန်လျက်ရှိသည်မှာ ထင်ရှားနေသဖြင့် စစ်ကောင်စီအား တာဝန်ယူမှုတာဝန်ခံမှုရှိစေရေးလည်းကောင်း၊ အပြစ်ပေးအရေးယူနိုင်ရေးနှင့် ကျူးလွန်ခံရသူတို့အတွက် တရားမျှတမှု ရရှိရေးတို့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ကြိုးပမ်းဆောင်နေသည်ဟု ဆိုသည်။ 

 

စစ်ကောင်စီ၏ စစ်ရာဇဝတ်မှုကျူးလွန်မှုများရပ်တန့်ရေးနှင့် ကျူးလွန်ခံရသူ မြန်မာပြည်သူများအတွက် တရား မျှတမှု အမြန်ဆုံးပြန်လည်ရရှိစေရေးတို့အတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီအပါအဝင် နိုင်ငံတကာအသိုင်း အဝိုင်းအနေဖြင့် ယခုထက်ပိုမိုထိရောက်စွာကူညီပံ့ပိုးပေးရန်လည်း NLD က တောင်းဆိုထားသည်။

 

ဓာတ်ပုံ - မောင်တောမြို့နယ်၊ ဂြိတ်ချောင်းကျေးရွာတွင် ကလေးနားထိုးပွဲအတွင်း စစ်ကောင်စီ၏လက်နက်ကြီးကျည်ကျရောက်မှုကြောင့် ထိခိုက်သေဆုံးခဲ့မှုပုံရိပ်များ(Photo - CJ)

 

 

ဆက်စပ် သတင်းများ