၇ခိုင်ပြည်နယ်မြို့တော်စစ်တွေတွင်သီတင်းကျွတ်လပြည့်နေ့၌ သံဃာတော်အပါး ၅၅၀ နှင့်မေသီလရှင်များအားဆွမ်းတော်ကြီးလောင်းလှူနိုင်ရန်ပြည်လုံးချမ်းသာဘုရားကြီး၏ အရုပ်ကြီးဇနီးမောင်နှံတို့ဖြင့်မြို့ပတ်ကာ အလှူခံနေပြီဟု သိ၇သည်။
စစ်တွေရှိအတုလမာရဇိန်ပြည်လုံးချမ်းသာဘုရားကြီး၏ဂေါပကအဖွဲ့က ဦးဆောင်ကာ ယမန်နေ့အောက်တိုဘာ ၁၇ ရက်မှစတင်ကာ ၃ ရက်ကြာလှည့်လည်အလှူခံနေခြင်းဖြစ်သည်ဟုဂေါပကဥက္ကဋ္ဌ ဦးမောင်ဒုတ်ကနိရဥ္စရာကိုပြောသည်။
"ရိုးရာအလေ့အထ တစ်ခုပေါ့။ ဦးလေးတို့ မမွေးခင်ကတည်းကနေဒီလိုလည်ကြတာ။ ပြည်သူလူထုတွေ သိအောင်ပေါ့။ ဒီလို လှည့်လည်နေရင်ဆွမ်းတော်ကြီး လောင်းဖို့ဆိုတာ သိနေကြပြီ။ လူတွေက ပြည်လုံးချမ်းသာဘုရားကြီးကိုလာပြီးတကူးတက မလှူနိုင်တဲ့သူတွေရှိတယ်။ဒီလှည့်လည်တာမှာ အလှူငွေ ထည့်လိုက်ရင်ဆရာတော်ကြီးတို့ကို ဆွမ်းတော်လောင်းတာမှာလှူဒါန်းသလိုပေါ့နော်" ဟုပြောသည်။
ယမန်နေ့ ပထမနေ့တွင်ကျောင်းတက်လမ်း၊ လမ်းမကြီး၊ မိဇံ၊ အိုးတမ်း၊ ကျေးပင်ကြီး၊ စစ်တွေမြို့မဈေး၊ရူပတောင်နှင့် ဘောက်သီးစုရပ်ကွက်တို့တွင် လှည့်လည်ခဲ့ပြီး တစ်ရက်အတွင်း အလှူငွေကျပ်သိန်း ၂၀ ကျော်ခန့် ရရှိခဲ့သည်ဟု ဆိုသည်။
ယနေ့ အောက်တိုဘာ ၁၈ ရက် ဒုတိယနေ့တွင်ကုန်သည်လမ်း၊ ချင်းပျံလမ်း၊ ကသဲရွာ၊ မေယုလမ်း၊ မကျဉ်းမြိုင်လမ်း၊လမ်းမကြီး၊ ပလုတ်တောင်၊ ပြည်တော်သာ၊ မောလိပ်နှင့် ရေတွင်းလမ်းတို့တွင်လှည့်လည်နေကြဆဲဖြစ်သည်။
မနက်ဖြန် အောက်တိုဘာ ၁၉ ရက် တတိယနေ့တွင်စက်ရုံလမ်း၊ ရွာကြီးလမ်း၊ မင်းဘာကြီးလမ်း၊ လမ်းမကြီး၊ အင်းပေါက်၀၊ရွှေပြား၊ လမ်းမတော်၊ ဆင်ကူးလမ်းနှင့် အုန်းတပင်တို့တွင် လှည့်လည်သွားမည်ဟုလည်းအတုလမာရဇိန်ပြည်လုံးချမ်းသာဘုရားကြီး၏ ဂေါပကအဖွဲ့က ပြောသည်။
ဂေါပကဥက္ကဋ္ဌ ဦးမောင်ဒုတ်က"ဦးလေးတို့လည်း ကျေနပ်အား၇တယ်။ ကုသိုလ်လည်းတစ်ခုဖြစ်တဲ့အတွက် အများကြီးကျေနပ်အားရတယ်။ပြည်သူတွေကလည်း ဒီအရုပ်ကြီးတွေလာရင် ကလေးတွေရော ပျော်ရွှင်ကြတယ်"ဟု ပြောသည်။
စစ်တွေမြို့ပေါ်ရှိ သံဃာတော်အပါး ၅၅၀ နှင့်မယ်သီလရှင်များကို လာမည့် သီတင်းကျွတ်လပြည့်နေ့တွင် အတုလမာ၇ဇိန် ပြည်လုံးချမ်းသာဘုရားကြီးအနီးရှေ့မှစတင်ကာဝင်္ကဘာကွင်းတစ်ပတ် ဆွမ်းတော်ကြီးလောင်းလှူပွဲ ကျင်းပသွားမည်ဖြစ်သည်။
ယခုကဲ့သို့ သီတင်းကျွတ်လပြည့်နေ့နှင့်တန်ဆောင်မုန်းလပြည့်နေ့တို့တွင် ဆွမ်းတော်ကြီးလောင်းလှူပွဲကျင်းပနိုင်ရန် အရုပ်ကြီးဇနီးမောင်နှံတို့ကမြို့ပတ်လှည့်လည်၍ အလှူငွေများနှိုးဆော်ကောက်ခံမှုကိုစဉ်လာမပျက်ပြုလုပ်လေ့ရှိကြောင်း မြို့ခံများက ပြောသည်။