တနင်္လာ၊ မေလ ၆ရက်၊ ၂၀၂၄

မိုခါကြောင့်ပျက်စီးသွားသည့် အငူမော်ဆိပ်ခံတံတားကို ၅ လကျော်ကြာမှ မူလတည်ဆောက်ခဲ့သည့် BAJ က ပြန်လည်ပြုပြင်မည်


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၂၀ အောက်တိုဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 868

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်ရှိ မြို့နယ် ၄ ခုက အသုံးပြုနေရပြီး မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားသော အငူမော်ဆိပ်ခံတံတားကို မုန်တိုင်းပြီးနောက် ၅ လကျော်ကြာမှ မူလတည်ဆောက်ခဲ့သည့် အာရှဂျပန်ပေါင်းကူးအဖွဲ့ (BAJ-Bridge Asia Japan)က ပြန်လည်ပြုပြင်တော့မည်ဟု သိရသည်။


လာမည့် အောက်တိုဘာ ၂၃ ရက်မှစတင်ကာ ဒီဇင်ဘာလ လကုန်အထိ အကြီးစားပြန်လည်ပြုပြင်မည်ဖြစ်သဖြင့် ဒီဇင်ဘာလ ၃၁ ရက်အထိ ဆိပ်ခံတံတားအသုံးပြုမှုအား ယာယီပိတ်ထားမည်ဟု ရသေ့တောင်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက ထုတ်ပြန်ထားသည်။

ရသေ့တောင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းထက်က
"မူလတည်ဆောက်ခဲ့တဲ့ BAJ က ပြန်လို့တည်ဆောက်တာပါ။ အစက ၄ လ လာတင်တယ်ပေါ့နော်။ အခုကျတော့ သုံးလနဲ့ အပြီးဆောက်မယ်လို့ ကုမ္ပဏီက work plan ပြောလာပါတယ်၊ ဘတ်ဂျက်အခြေနေတော့ ကျနော်တို့မသိပါဘူး” ဟု နိရဥ္စရာသတင်းဌာနကို ပြောသည်။

အဆိုပါဆိပ်ခံတံတားသည် ရသေ့တောင်မြို့နယ်အပါအဝင် ဘူးသီးတောင်၊ မောင်တောနှင့် စစ်တွေဒေသခံများက အဓိက အားထားအသုံးပြုနေရသည့်ဆိပ်ခံတံတားဖြစ်သည်။

ပြီးခဲ့သည့် မေလ ၁၄ ရက်က ရခိုင်တွင်ဝင်ရောက်တိုက်ခတ်ခဲ့သည့် မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ထိုဆိပ်ခံတံတားလည်း ဆိုးဆိုးဝါးဝါး ပျက်စီးသွားခဲ့ရသည်။

ယင်းနောက် ပြန်လည်ပြုပြင်နိုင်ခြင်းမရှိခဲ့၍ ခရီးသည်များတွင် အန္တရာယ်နှင့် ရင်ဆိုင်နေခဲ့ရသည်ဟု ရသေ့တောင်မြို့နယ်၊ အငူမော်ကျေးရွာမှ ဒေါ်ရွှေအေးနိုင်က နိရဥ္စရာကိုပြောသည်။

အပေါက်တွေနဲ့အဲ့နေရာကနေ ဘုတ်ကိုဆင်းရတာ ရင်တမမနဲ့ပါ။ အပေါက်များကျွံသွားမလားလို့ စိုးရိမ်နေရတယ်”ဟုပြောသည်။

လက်ရှိတွင် အဆိုပါဆိပ်ခံတံတားကို ပြုပြင်နေချိန်အတွင်း ကူးတိုးစက်လှေများအနေဖြင့် အငူမော်ဇက်ဆိပ်မှ အတက်အဆင်းပြုလုပ်ရမည်ဟုလည်း မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက ထုတ်ပြန်ထားသည်။

အငူမော်ဆိပ်ကမ်းတွင် ပြေးဆွဲနေသည့် စက်လှေသမားဦးစံအေးကျော်က “ဇက်ဆိပ်က ဒီရေခမ်းတဲ့ချိန်ဆို စက်လှေကပ်မရဘူး။ ခရီးသည်တွေ ရွှံ့တောထဲကနေ စက်လှေထိရောက်အောင်လာရမယ်။ ယာယီဖောင် လုပ်ပေးရင်တော့ အဆင်ပြေမယ်”ဟုပြောသည်။

အငူမော်ဆိပ်ခံတံတားသည် နိုင်ငံခြားအဖွဲ့အစည်းက ဆောက်လုပ်လှူဒါန်းထားခြင်းဖြစ်သည့်အတွက် မိုခါကြောင့်ပျက်စီးသွားသည့် နိုင်ငံပိုင်အဆောက်အအုံများစာရင်းတွင်မပါရှိခဲ့ဟု ဦးနိုင်လင်းထက်က ပြောသည်။

အဆိုပါဆိပ်ခံတံတားကို BAJ အဖွဲ့က ၂၀၀၅ ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး ၂၀၀၆ ခုနှစ်တွင် ပြီးစီးခဲ့ကြောင်း သိရသည်။ (NN-11)
 

 

 

ဆက်စပ် သတင်းများ