ရခိုင်ပြည်နယ်၊ကျောက်တော်မြို့ရှိ စစ်ကောင်စီ ဒေသအာဏာပိုင်များက စစ်ဘေးရှောင်များကို ဌာနဆိုင်ရာများတွင် အခကြေးငွေမပေးဘဲ လုပ်အားပေး စေခိုင်းမှုများ ရှိနေသည်ဟုစစ်ဘေးရှောင်များက ပြောသည်။
ပြီးခဲ့သည့်ဩဂုတ်လမှစတင်ကာ လက်ရှိအချိန်ထိ ကျောက်တော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ ပညာရေးဌာနရုံးများနှင့်ပြည်သူ့ဆေးရုံတို့တွင် ပိန်းပင်၊ မြက်ပင်များနှင့် အမှိုက်သရိုက်များကို အခကြေးငွေတစ်စုံတစ်ရာမပေးဘဲ ခိုင်းစေမှုများ ရှိနေသည်ဟု စစ်ဘေးရှောင်များက ပြောသည်။
ကျောက်တော်မြို့၊ ဘောလုံးကွင်းစခန်းမှ စစ်ဘေးရှောင်တစ်ဦးက"ဆေးရုံမှာ အပင်တွေပေါက်နေလို့ လာရှင်းလင်းပေးဖို့ခေါ်လာတာပါ။ ဆေးရုံဆိုတော့ အများသုံးပြည်သူသုံးဆိုတော့ စိတ်ထဲမှာ ဘာမှမရှိပေမယ့် တစ်ဘက်ကကြည့်မယ်ဆိုရင်နှိမ်တယ်လို့ ခံစားရပါတယ်။ စေတနာပါလို့သွားလုပ်တာမဟုတ်ပါဘူး။ မကောင်းတတ်လို့ သွားရတာ။ ဘာလို့လဲဆိုတော့ဆေးရုံကိုနေမကောင်းလို့သွားပြတော့ စစ်ဘေးရှောင်ဆိုရင် အဆဲအဆို ခံနေရတာတွေရှိနေတော့ ဒါတွေက လွှတ်အောင် သွားလုပ်ပေးတာဖြစ်ပါတယ်"ဟုနိရဉ္စရာ သတင်းဌာနကို ပြောသည်။
စစ်ဘေးရှောင်များမှာ ကျေးလက်တောရွာများမှ လာရောက်ကြသူများဖြစ်သလို ဆင်းရဲနွမ်းပါးကြသူများဖြစ်သဖြင့်စစ်ကောင်စီ တာဝန်ရှိသူများ၏ စေခိုင်းမှုအတိုင်းမငြင်းဆံဝံ့ဘဲ လုပ်နေကြရသည်ဟု ဆိုသည်။
ထိုသို့လုပ်အားပေးနေရသည့် စစ်ဘေးရှောင်စခန်းများမှာကျောက်တော်မြို့ပေါ်ရှိ ဘောလုံးကွင်း၊မီးရထားဘူတာ၊သိမ်ပြင်၊ ကဝိရတနာ၊ နေပူခံ၊ မဟာကံကြီးရှင်၊ မြို့တော်ခန်းမ၊ ရွှေကျောင်းနှင့်သရက်အုပ်ကယ်ဆယ်ရေးစသည့် စစ်ဘေးရှောင် စခန်းများဖြစ်ကြောင်း ၎င်းတို့ကပြောသည်။
ဌာနဆိုင်ရာများက စစ်ဘေးရှောင်စခန်းတစ်ခုလျှင် ၅ ဦးမှ ၁၅ဦးအထိ ခေါ်ယူခိုင်းစေနေခြင်းဖြစ်ပြီးမငြင်းဆန်ဝံ့၍ သွားရောက် လုပ်ဆောင်နေရသည်ဟုလည်းကျောက်တော်မြို့၊ မီးရထားဘူတာစခန်းမှ စစ်ဘေးရှောင်တစ်ဦးက ပြောသည်။
"ကျွန်တော်က အစိုးရဌာနကဆိုတော့ မငြင်းရဲဘူး။ မချစ်လည်း အောင့်ကာ နမ်းရတာပေါ့။စခန်းအားလုံးကသွားတော့ ကျွန်တော်တို့လည်းသွားတဲ့သဘောပါ။ ပိန်းပင်တွေ၊ မြက်ပင်တွေကို သန့်ရှင်းရေးလုပ်ရတာပါ။အခုဆိုရင် ၃ ခါလောက် ရှိပြီ"ဟုပြောသည်။
ထိုသို့လုပ်အားပေးရန် မဖြစ်မနေသွားရမည်ဟု ပြောဆိုခြင်းမျိုး မရှိသော်လည်းသန့်ရှင်းရေးလုပ်အားပေးရမည့်နေ့တွင်ရောက်မလာသည့်စခန်းများအားဖုန်းဆက်ခေါ်ယူခြင်းလည်း ရှိနေကြောင်းကျောက်တော်မြို့၊သိမ်ပြင်ကျောင်းတိုက်စခန်းမှ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးကပြောသည်။
"ဘယ်စခန်းက ဘယ်နေရာလုပ်ရမယ်ဆိုပြီး မဲနှိုက်ရတာရှိတယ်။ အဲဒီနေရာပြီးရင်ပြန်လို့ရပြီ။ ကျွန်မတို့နေရာပြီးတော့ဆေးရုံကဝန်ထမ်းတစ်ယောက်ကနင်တို့မှာပြီးရင် ဒီမှာလာလုပ်အုံး။အမှိုက်တွေရှိသေးတယ်။လာကောက်အုံး ပြောသေးတယ်။ဒီလိုပြောတော့ ကျွန်မတို့ကို စစ်ဘေးရှောင်ဆိုပြီးနှိမ်သလိုခံစားရတယ်။ အခငွေလည်း ရတာမဟုတ်ဘူး" ဟုပြောသည်။
ကျောက်တော်မြို့ပေါ်ရှိ စစ်ဘေးစခန်းတာဝန်ရှိသူများအားဌာနဆိုင်ရာက အစည်းအဝေးခေါ်ယူပြီး အစိုးရဌာနဆိုင်ရာများတွင်စခန်းတိုင်းမှ လုပ်အားပေးရမည်ဟု ခေါ်၍ပြောဆိုခြင်းရှိခဲ့သည်ဟုလည်း၎င်းတို့က ပြောသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီးစစ်ဘေးရှောင်စခန်းတစ်ခု၏ တာဝန်ခံတစ်ဦးက"ကျွန်တော်တို့ အစတုန်းက နေပူခံစစ်ဘေးရှောင်စခန်းကဆေးရုံနဲ့ သင်္ချိုင်းတို့မှာ ကိုယ့်အသိစိတ်နဲ့ကိုလုပ်အားပေးကြတယ်။ ဒီနှစ်ကတော့ မိုးကလည်း ပွဲခါစ ဖြစ်တယ်။ပိန်းပင်တွေလည်း တောထနေတော ထွေအုပ်ရုံးက၊ ထွေအုပ်ရုံးမှာပဲ လွန်ခဲ့တဲ့ သုံးပတ်လောက်ကစစ်ဘေးရှောင်ခေါင်းဆောင်တွေကိုခေါ်တယ်။ ကျွန်တော်တို့ပေါင်းပြီးသန့်ရှင်းရေးလုပ်ကြပါမယ်လို့ အဆိုပြုလိုက်ပါမယ်။ အတင်းခိုင်းစေတာတော့ မဟုတ်ပါဘူး။လုပ်အားပေးတဲ့ပုံစံမျိုး ဖော်ဆောင်ကြပါမယ်လို့ပြောပြီးသားပါ။ ထပ်ပြီးတော့လည်း သင်္ချိုင်းမှာတောင် သန့်ရှင်းရေးလုပ်ဖို့ပြောထားတာတောင်ရှိတယ်"ဟု ပြောသည်။
ကျောက်တော်မြို့ပေါ်တွင် စစ်ဘေးရှောင်စခန်း ၁၁ ခုရှိပြီးကျောက်တော် မြို့နယ်နှင့်ချင်းပြည်နယ်၊ ပလက်၀မြို့နယ်တို့မှစစ်ဘေးရှောင်ဦးရေ ၈၂၀၀ ကျော်ရှိသည်ဟုမြို့နယ်စစ်ဘေးရှောင်ကြီးကြပ်ရေးကော်မတီမှသိ၇သည်။
ကျောက်တော်မြို့နယ်နှင့် ပလက်၀မြို့နယ်တို့တွင် ပြီးခဲ့သည့် ၂၀၁၉ခုနှစ်မှစတင်ကာ ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့စစ်ရေးပဋိပက္ခကြောင့် ယခုကဲ့သို့နေရပ်စွန့်ခွာကာ စစ်ဘေးရှောင်များအဖြစ် ခိုလှုံနေကြရခြင်းဖြစ်သည်ဟုသိ၇သည်။ (NN-13)
ဓာတ်ပုံ- ကျောက်တော်မြို့ရှိ စစ်ဘေးရှောင်အချို့ကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်ကတွေ့၇စဉ်။