အင်္ဂါ၊ မေလ ၂၁ရက်၊ ၂၀၂၄

ရခိုင်တွင် လိင်ပိုင်းဆိုင်ရာစော်ကားကျူးလွန်သူများကို ပွင့်လင်းမြင်သာမှုရှိပြီး ထိရောက်သောပြစ်ဒဏ်ပေးရန် လိုအပ်


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၂၄ အောက်တိုဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 677

ရခိုင်ပြည်နယ်တွင် အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာစော်ကားကျူးလွန်သူများကို ထိရောက်သောပြစ်ဒဏ်ပေးမှုအား ပြည်သူတစ်ရပ်လုံးသိအောင်ချပြပေးဖို့ ပြည်သူများကတောင်းဆိုလိုက်ကြောင်း သိရသည်။


ယခုနောက်ပိုင်း အရွယ်ရောက်ပြီးသော အမျိုးသမီးများနှင့် အရွယ်မရောက်သေးသော အမျိူးသမီးငယ်များကိုပင် အဓမ္မကျူးလွန်မှုများလာသောကြောင့် ပြစ်မှုကျူးလွန်သူများကို ကိုင်တွယ်‌ဖြေရှင်းပေးသည့် အဖွဲ့အနေဖြင့် ကျူးလွန်သူများကို ထိထိရောက်ရောက်နှိပ်ကွပ်ပေးရန် ရခိုင်အမျိူးသမီးအဖွဲ့ချုပ်မှ သဘာပတိ ဒေါ်ပုစိန်က နိရဉ္စရာသတင်းဌာနကို ပြောသည်။ 


ဒေသအာဏာပိုင်တွေကတစ်မျိုး၊ စစ်ကောင်စီကတစ်မျိုးဆိုတော့ ကြားထဲမှာ ဟိုဘက်ကလည်း အလုပ်မလုပ် ဒီဘက်ကလည်းပွင့်ပွင့်လင်းလင်းအလုပ်မလုပ်နိုင်တော့။ ဒီကျူးလွန်သူတွေကို လူပုံအလယ်မှာသတ်ပစ်ရမယ်။ ဒါမှ ကျမတို့ ရခိုင်သားတွေ နောက်မလုပ်ဝံ့မှာ။ အဓမ္မပြစ်မှုတစ်ခု ကျူးလွန်တယ်လို့ကြားလိုက်တိုင်း ရခိုင်သား။ ဒါကြောင့် ကျမအနေနဲ့ ဒီကိစ္စတွေကိုလေးလေးနက်နက်နဲ့ဆုံးဖြတ်ပေးဖို့ အေအေကိုလည်းတောင်းဆိုချင်တယ်။ စကစကိုလည်းတောင်းဆိုပါတယ်
 ဟုပြောသည်။


အဆိုပါ လိင်ပိုင်းဆိုင်ရာပြစ်မှုကျူးလွန်သူများအား ရက္ခိုင့်တပ်တော် ဘက်မှလည်း ထိထိရောက်ရောက်အရေးယူမှုများရှိခဲ့သော်လည်း ပြည်သူများကို တရားဝင်ချပြခွင့်မရှိကြောင်း ရက္ခိုင့်တပ်တော်(AA)နှင့် နီးစပ်သူတစ်ဦးက နိရဉ္စရာကိုပြောသည်။


ပြစ်မှုကျူးလွန်သူတွေကိုတော့ ကျူးလွန်တဲ့အလျောက် အပြစ်ပေးတာတွေအများကြီးပါ။ ပြည်သူတွေကိုမချပြတာဘဲရှိပါတယ်” ဟုပြောသည်။


ရခိုင်တွင် တခြားပြည်နယ်များထက် အဓမ္မကျူးလွန်မှုများပြီး လျော့နည်းအောင်အတွက် အစားထိုးလုပ်ဆောင်ပေးမည့်နည်းလမ်းမျိုးလုပ်ဆောင်နိုင်သည်ဟု ကျောက်တော်မြို့နယ်က လူငယ်တစ်ဦးကပြောသည်။


သေဒဏ်ချရင်တောင် ကျူးလွန်တဲ့သူတွေကကျူးလွန်မှာပဲ။ ကျနော် ကချင်ဘက်ကိုရောက်ဖူးတယ်။ သူတို့ဘက်မှာ အဲ့လိုကျူးလွန်မှုတွေ မရှိသလောက်ပါဘဲ။ အဲ့တာဘာလို့လဲဆိုတော့
 KTV လိုမျိုးတွေ ကို သူတို့က ဖွင့်ပေးထားလို့။ ယောကျ်ားတွေရဲ့ဖြစ်ချင်စိတ်ရှိလာရင် အဲ့ဒီလို နေရာရှိနေတော့ အဆင်ပြေတယ်။ ဒါက ကျနော့်အမြင်ပေ့ါနော်” ဟုပြောသည်။


“မုဒိန်းမှုဖြစ်တဲ့ဟာကို ဥပဒေအရအရေးယူတဲ့အခါမှာ ထိရောက်စွာဆိုလို့ရှိရင် သက်ငယ်မုဒိန်းမှုဆိုလို့ရှိရင် နှစ် ၂၀ထိချမှတ်တယ်။ နှစ် ၂၀ ချတယ်ဆိုတာလည်း နောက်ထပ်မဖြစ်အောင် ဟန့်တားနိုင်တဲ့အပြစ်ပါပဲ။ မုဒိန်းမှုကိုတော့ သေဒဏ်ပေးလို့မရဘူး။ မုဒိန်းလူသတ်ဆိုမှ သေဒဏ်ပေးလို့ရပါမယ်။ မုဒိန်းမှုကျူးလွန်တဲ့သူက ရည်ရွယ်ချက်နဲ့လုပ်တယ်ဆိုလို့ရှိရင် ကာရိုက်တာပိုင်းကလည်းဆိုးသွမ်းတယ်ဆိုလို့ရှိရင် အနည်းဆုံးပြစ်ဒဏ်ကိုပေးတယ်။ ဒါမှမဟုတ်ဘဲ အမျိုးသမီးလုပ်တဲ့သူက မုဒိန်းမှုကျူးလွန်နိုင်တဲ့နေရာတွေကို သွားရောက်ပြီးနေထိုင်ပြီး သူ့ရဲ့အနေထိုင်အပြုမှုတွေကြောင့် ကျူးလွန်မိတယ်ဆိုရင် တရားသူကြီးကလည်း အမူစစ်လို့ပေါ်တဲ့အခါမှာပဲ ပြစ်ဒဏ်လျော့ပေ့ါပေးတယ်။ ဥပဒေကြောင်းအရ အသိပညာ‌ပေးတဲ့ဟောပြောပွဲတွေလုပ်ရမယ်။ ဥပဒေအထောက်အကူပြုအဖွဲ့တွေဆိုတာရှိတယ်။ အဲ့ဒီအဖွဲ့တွေက မြို့နယ်ဥပဒေရုံးက ဥအဒေအရာရှိတွေ၊ တရားသူကြီးတွေနဲ့ပူးပေါင်ပြီးတော့ ပြည်သူတွေကို ဥပဒေအသိပညာပေးတွေကိုဟောပြောနိုင်တယ်ဆိုလို့ရှိရင် လျော့ကျသွားနိုင်တယ်” ဟု စစ်တွေမြို့နယ်မှ တရားလွှတ်တော်ရှေ့နေဦးကျော်ဇံမောင်က ပြောသည်။


မြန်မာအမျိုးသမီးသမဂ္ဂအနေဖြင့် ဇွန်လက ထုတ်ဝေခဲ့သော နိုင်ငံရေးမတည်ငြိမ်မှုနှင့် အတူ အမျိုးသမီးများရင်ဆိုင်နေရသည့် လိင်အကြမ်းဖက်မှုများ သုံးသပ်ချက် စာတမ်းတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများထံသို့ မိမိတို့ ထိန်းချုပ်နယ်မြေအတွင်း ဖြစ်ပွါးသည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများနှင့် ပတ်သတ်၍ ကျူးလွန်သူများအား ထိရောက်သည့် အပြစ်ပေး၊  အရေးယူမှုများလုပ်ဆောင်ရန်၊ မိမိတို့ ထိန်းချုပ် နယ်မြေအတွင်း ဖြစ်ပွါးသည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများအား ကိုင်တွယ်ဖြေရှင်းရာတွင် အရပ်ဖက်အဖွဲ့အစည်းများ၊ ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့များနှင့် ပူးပေါင်းလုပ်ဆောင်ရန်နှင့် အရပ်ဖက်အဖွဲ့အစည်းများမှ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများအပါအဝင် အမျိုးသမီးများအပေါ်အကြမ်းဖက်မှု လျော့ချရေး လုပ်ဆောင်ချက်များကို လမ်းဖွင့်ပေးရန်နှင့် ပူးပေါင်းဆောင်ရွက်ရန်” ဆိုသည့် အစရှိသော အကြံပြုချက်တို့ပါဝင်ပါသည်။


ရခိုင်တွင် သီတင်းပတ်နှစ်ပတ်အတွင်းမှာပင် အဓမ္မကျူးလွန်မှု လေးခုနှင့် အထက်ရှိခဲ့ကြောင်း သိရသည်။ ယင်း အမှုများကို လေ့လာကြည့်ပါက အဓမ္မကျူးလွန်ကျူးလွန်သူ အများစုသည် အသက်မပြည့်သူ၊ စိတ်ပိုင်းဆိုင်ရာ ကိုယ်ခန္ဓာမသန်စွမ်းသူများကို ဦးတည်၍ ကျူးလွန်ခဲ့သည်ကို တွေ့ရပါသည်။ အလားတူပင် မြောက်ဦးနှင့် ရသေ့တောင်မြို့နယ်များတွင်လည်း အဓမ္မမှုအချို့ ဖြစ်ပွားခဲ့သည်ဟု သိရသည်။



ဆက်စပ် သတင်းများ