Preview

တရုတ်တွင် ရခိုင်အမျိုးသမီးငယ်တစ်ဦး တရုတ်မယားအဖြစ်ရောင်းစားခံရလုဆဲဆဲ၌ ထွက်ပြေးလွတ်မြောက်လာ

အောက်တိုဘာ ၂၅/ ၂၀၂၃ | ကြည့်ရှုသူ :2736
ရခိုင် သတင်း
(ရွှေလီမြို့ရှိ ရက္ခိုင်လူမှုရေးအသင်းက ကူညီစောင့်ရှောက်ထားပြီးရခိုင်သို့ ပြန်ပို့ရန် စီစဉ်နေ)


တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ တက်ဟုန်ခရိုင်၊ ရွှေလီမြို့တွင်ရခိုင်အမျိုးသမီးငယ်တစ်ဦးသည် တရုတ်မယားအဖြစ်ရောင်းစားခံ၇လုဆဲဆဲအခြေအနေမှအောက်တိုဘာ ၂၄ ရက်တွင် ထွက်ပြေးလွတ်မြောက်လာခဲ့ကြောင်း သိ၇သည်။

ထွက်ပြေးလွတ်မြောက်လာသူမှာ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့၊ကံပိုင်ရပ်ကွက်မှ အသက် (၁၈) နှစ်ခန့်ရှိ အမျိုးသမီးငယ်ဖြစ်သည်။

သူမသည် မန္တလေးမြို့မှ ကျော်နိုင်ဆိုသူနှင့် အွန်လိုင်းမှတဆင့်ခင်မင်ပြီး ဆက်သွယ်စကားပြောရာ ၎င်းထံသို့လာလျှင် တရုတ်နိုင်ငံ၊ ရွှေလီမြို့ရှိ နားကျပ်စက်ရုံတွင်အလုပ်လုပ်ရမည်ဟု သွေးဆောင်ဖျားယောင်းမှုဖြင့် တရုတ်ပြည်သို့ ပြီးခဲ့သည့်အပတ်ကသွားရောက်ခဲ့ကြောင်း ကာယကံရှင်အမျိုးသမီးငယ်က နိရဥ္စရာသို့ ပြောသည်။

"ဒီမှာ အလုပ်မရှိဘူး။ အလုပ်လုပ်ချင်တယ်လို့ သူ့ကို ပြောတယ်။သူက အလုပ်လုပ်ချင်ရင် ဒီကို တက်လာခဲ့ဆိုလို့ ညီမ ဖုန်းကို ရောင်းပြီးတက်လာခဲ့တာပါ။ သူ့ဖုန်းနံပါတ်ကိုတော့ စာရွက်ကလေးနဲ့ မှတ်ပြီးယူလာတယ်။မိဘတွေကိုလည်း သူငယ်ချင်းနဲ့ အလုပ်သွားလုပ်မယ်လို့ ပြောခဲ့တယ်" ဟု ပြောသည်။

သူမသည် ပြီးခဲ့သည့် အောက်တိုဘာ ၁၈ ရက်တွင် ရှမ်းပြည်နယ်၊ မူဆယ်ဘက်မှတရုတ်နိုင်ငံ၊ ဂျယ်ဂေါင်မြို့သို့ ၆ ရက်အိပ် ရ ရက် တစ်ပတ်အလည်သွားလာခွင့်ကတ်ဖြင့်ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သူမအား အလုပ်ပေးရန် ပြောထားသူအမျိုးသားက အငှားယာဉ်(Taxi)ဖြင့် ရွှေလီမြို့သို့ ခေါ်ဆောင်ခဲ့ပြီး ယင်းမြို့ရှိ တိုက်ခန်းတစ်ခုတွင်အစားအသောက်များထည့်ပေးကာ အောက်တိုဘာလ ၂၄ ရက်အထိ ပိတ်လှောင်ထားကြောင်း သူမကဆက်ပြောသည်။

"တိုက်ခန်းတစ်ခုမှာ ပိတ်လှောင်ထားတယ်။ ပြီးတော့သူ့ဖုန်းနံပါတ်မှတ်ထားတဲ့ စာရွက်ရယ်။ ညီမ မှတ်ပုံတင်နဲ့ တစ်ပတ်သွားလာခွင့်ကတ်ကိုပါယူသွားတယ်။ သူက တစ်ရက်မှာ တစ်ကြိမ်လာတွေ့တယ်။ ညီမလည်း နောက်ပိုင်း ကြောက်လာတယ်။ရောင်းစားခံ၇မှာ ကြောက်လာတယ်" ဟု ပြောသည်။

ယင်းနောက် ပြီးခဲ့သည့် အောက်တိုဘာ ၂၄ ရက်၊ နံနက်ပိုင်းတွင်ထိုအမျိုးသားက သူမအား ကော်ဖီထုပ်ဝယ်ခိုင်းလိုက်ရာမှ ထွက်ပြေးလာခဲ့ပြီး လမ်းဘေး၌သန့်စင်ခန်းတစ်ခုတွင် တွေ့သည့် ရခိုင်အမျိုးသမီးတစ်ဦးထံ ငိုယိုအကူအညီတောင်းခံရာမှရက္ခိုင်လူမှုရေးအသင်း (ရွှေလီမြို့)သို့ ရောက်လာခဲ့ကြောင်းကာယကံရှင်အမျိုးသမီးငယ်က ပြောသည်။

"မနေ့က (အောက်တိုဘာ ၂၄) မနက်စောစောသူရောက်လာတယ်။ ညီမက ဗိုက်ဆာတယ်။ ဘာမှ မစား၇သေးဘူးလို့ ပြောတယ်။ သူကအောက်ကိုဆင်းပြီး ကော်ဖီသွားဝယ်ဖို့ ခိုင်းလိုက်တယ်။ အဲအချိန်မှာ ညီမလည်းကြောက်ကြောက်နဲ့ ထွက်ပြေးလာတာပါ။ အခု ဘာအလုပ်မှ မလိုချင်တော့ဘူး။ အိမ်ပဲပြန်ချင်တယ်" ဟု ပြောသည်။

သူမသည် ရခိုင်တွင် နေစဉ်တုန်းက မိုးရာသီတွင် မျှစ်ချိုး၍ ရောင်းစားနေသူတစ်ဦးဖြစ်ပြီးပွင့်လင်းရာသီတွင် အလုပ်အကိုင်ရှားမှုကြောင့် ယခုကဲ့သို့ အလုပ်ရရှိရန် အရဲစွန့်ကာထွက်လာခဲ့၇ကြောင်း ဆက်ပြောသည်။

လက်ရှိတွင် သူမအား လုံခြုံစွာ ထိန်းသိမ်းစောင့်ရှောက်ထားပြီးရခိုင်ပြည်သို့ ပြန်ပို့ရန် တရုတ်နိုင်ငံ၊ ကူမင်းမြို့အခြေစိုက် မြန်မာကောင်စစ်ဝန်ရုံးနှင့်ချိတ်ဆက်အကူအညီတောင်းခံထားကြောင်း ရက္ခိုင်လူမှုရေးအသင်း(ရွှေလီမြို့)မှ တာဝန်ရှိ ဦးဆောင်လူငယ် ကိုနေထွန်းက နိရဥ္စရာသို့ ပြောသည်။

"လက်ရှိမှာတော့ သူ့ကို အိမ်ပြန်ပို့နိုင်ဖို့အတွက်ကူမင်းမြို့အခြေစိုက် ကောင်စစ်ဝန်ရုံးနဲ့ ဆက်သွယ်ပြီး အကူအညီတောင်းထားပါတယ်"ဟု နိရဥ္စရာသို့ ပြောသည်။

တရုတ်နိုင်ငံသို့ အလုပ်အကိုင်ရှာဖွေရန် လာကြသည့် ရခိုင်အမျိုးသမီးငယ်အချို့သည်ရခိုင်ပွဲစားများနှင့် အခြားပွဲစားများ၏ ယုတ်မာလိမ်လည်မှုများကြောင့်တရုတ်မယားအဖြစ် ရောင်းစားခံထားရပြီး ၎င်းတို့အဖွဲ့ လက်လှမ်းမီသည့်ယူနန်ပြည်နယ်အနီးတဝိုက်တွင် ကူညီဆောင်ရွက်ပေးနေရမှုများရှိကြောင်းလည်းကိုနေထွန်းက ပြောသည်။

#တရုတ်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.