တနင်္လာ၊ မေလ ၆ရက်၊ ၂၀၂၄

ရခိုင်ရှိ မုန်တိုင်းသင့်ပြည်သူများအတွက် ပြန်လည်ထူထောင်ရေးရန်ပုံငွေ ဖျော်ဖြေပွဲ ရန်ကုန်တွင် ပြုလုပ်မည်


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၂၅ အောက်တိုဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.2k

ရခိုင်ပြည်မှ မိုခါမုန်တိုင်းသင့်ပြည်သူများအတွက် ပြန်လည်ထူထောင်ရေးရန်ပုံငွေဖျော်ဖြေပွဲတစ်ခုကို ရန်ကုန်မြို့တွင်ပြုလုပ်သွားမည်ဟု သိရသည်။

အဆိုပါပွဲကို We Love Rakhine အဖွဲ့က ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ ရန်ကုန်ဘူတာကြီးဘေး၊ အောင်ဆန်းကွင်းနှင့် မျက်နှာချင်းဆိုင်ရှိ The Heart Of Rangoon-THOR တွင် လာမည့် နိုဝင်ဘာ ၅ ရက်၊ ညနေ ၆ နာရီမှ ည ၉ နာရီအထိ ကျင်းပမည်ဖြစ်ပြီး ရန်ပုံငွေလက်မှတ်တစ်စောင်ကို ငွေကျပ် လေးသောင်း(၄၀၀၀၀)‌‌ ဖြင့် ရောင်းချပေးသွားမည်ဟု သိရသည်။

အဆိုပါပွဲတွင် ရခိုင်မှတေးသံရှင်များဖြစ်ကြသည့် မြတ်ခိုင်ကျော်၊ ဝင်းကိုခိုင်၊ ညီမင်းခိုင်၊ ရတနာမိုင်၊ မိချောနှင့် ဝါရင့်တေးသံရှင်များဖြစ်သည့် ဦးသန်းမောင်၊ ဦးညီအေးအပြင် ပြည်မဖက်မှ တေးသံရှင် ဝေကြီးကလည်း ပါဝင် ဖျော်ဖြေပေးသွားမည်ဟု သိရသည်။

မိုခါမုန်တိုင်းသင့်ပြည်သူများအတွက် We Love Rakhine အဖွဲ့မှတဆင့် လှူဒါန်းထားသည့် အလှူရှင်များ၏စေတနာကိုအသိမှတ်ပြု၍ ယခုပွဲကို ကျင်းပရန်စီစဉ်ရခြင်းဖြစ်သည်ဟု We Love Rakhine အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက နိရဥ္စရာကိုပြောသည်။

“ဒီပွဲက ရန်ပုံငွေဆိုတာထက် မိုခါတိုက်တုန်းက ကျနော်တို့ အဖွဲ့ကတဆင့် လှူဒါန်းကြတဲ့အလှူရှင်တွေပေ့ါ။ တခြားတိုင်းရင်းသားတွေလည်း လှူကြတယ်။ သိန်းကို ထောင်နဲ့ချီပြီးလှူဒါန်းကြတဲ့အလှူရှင်တွေလည်း ပါတာပေ့ါနော်။ အဲဒီအလှူရှင်တွေကို ကျနော်တို့ရခိုင်အဝိုင်းအဝန်းကပြန်ပြီး ဂုဏ်ပြုချင်တယ်ဆိုပြီး ပွဲလုပ်တဲ့သဘောပါ”ဟုပြောသည်။

ယခုပြုလုပ်မည့်ပွဲတွင် အလှူငွေများထပ်မံရရှိပါကလည်း ရခိုင်ရှိ မုန်တိုင်းသင့်မြို့နယ်များအတွက် သွပ်ပြား၊ စားစရာ၊ ဆန်၊ တာပေါ်လင်၊ အမျိုးသမီးလစဉ်သုံး၊ ဆေးဝါးနှင့် အဝတ်အထည်များကို ဆက်လက်ကူညီသွားမည်ဟု သူက ဆိုသည်။

အလွန့်အလွန်အားပြင်းသော မိုခါမုန်တိုင်းသည် ပြီးခဲ့သည့် မေလ ၁၄ ရက်က တိုက်ခတ်သွားခဲ့ခြင်းဖြစ်ပြီး ရခိုင်မှ လူပေါင်း ၁၄၈ ဦးသေဆုံးကာ အဆောက်အအုံပေါင်း သိန်းနှင့်ချီ ပျက်စီးဆုံးရှုံးခဲ့ရသည်။

ကျွဲနွားတိရစ္ဆာန်များ ကောင်ရေသောင်းနှင့်ချီ ထိခိုက်သေဆုံးကာ လယ်ယာမြေအများအပြားလည်း ဆားငန်ရေဝင်ရောက်ပျက်စီးခဲ့သလို လယ်သမားများတွင် သိုလှောင်ထားသည့် မျိုးစပါးများလည်း ထိခိုက်ပျက်စီးဆုံးရှုံးသွားခဲ့ရသည်။

စစ်ကောင်စီ၏ ကူညီထောက်ပံ့မှုများလည်း အားနည်းခဲ့သလို နိုင်ငံတကာအကူအညီပေးရေးအဖွဲ့များ၏ ဝင်ရောက်သွားလာထောက်ပံ့ခွင့်ကိုလည်း စစ်ကောင်စီက တားမြစ်ထား၍ မုန်တိုင်းသင့်ပြည်သူများတွင် လက်ရှိအချိန်ထိ လူမှုစီးပွားဘဝ နာလန်မထူနိုင်ကြသေးဟု သိရသည်။

ဓာတ်ပုံ - We Love Rakhine

ဆက်စပ် သတင်းများ