ကြာသပတေး၊ မေလ ၉ရက်၊ ၂၀၂၄

ရသေ့တောင်မှ ဆရာမ ဒေါ်နှင်းယုနွယ်အား သတ်ဖြတ်ခဲ့မှု အကြောင်းရင်းအမှန်ကို ULA/AA က ထုတ်ပြန်ပေးရန် မိသားစု တောင်းဆို


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၂၆ အောက်တိုဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.3k

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ကျွန်းပေါ်ပေါက်တောကျေးရွာမှ အလယ်တန်းပြဆရာမ ဒေါ်နှင်းယုနွယ်အား သတ်ဖြတ်ခဲ့မှုကို အကြောင်းရင်းမှန်အား ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)က ထုတ်ပြန်ပေးရန် ဆရာမ၏မိသားစုဝင်များက တောင်းဆိုလိုက်ကြောင်း သိရသည်။


အလယ်တန်းပြဆရာမ ဒေါ်နှင်းယုနွယ် အသတ်ခံရမှုနှင့်ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူ ဦးမောင်မောင်အေးအား တရားစီရင်မှုအနေအထားကို ULA/AA
 ဦးဆောင်သော အာရက္ခပြည်သူ့အစိုးရ၊ တရားဥပဒေရေးရာဌာန၏ တရားဝင်လူမူကွန်ရက်စာမျက်နှာဖြစ်သည့် Justic For Arakan က ယမန်နေ့ အောက်တိုဘာ ၂၅ ရက်နေ့က အသိပေးထုတ်ပြန်ခဲ့သည်။

အဆိုပါထုတ်ပြန်ချက်တွင် မည်သည့်အကြောင်းကြောင့် ဆရာမအားသတ်ဖြတ်ခဲ့သည်ဟု မပါရှိသဖြင့် သတ်ခဲ့ရသည့်အကြောင်းရင်းအမှန်ကို ထုတ်ပြန်စေချင်သည်ဟု ဆရာမ၏ဝမ်းကွဲအစ်ကိုက နိရဥ္စရာသတင်းဌာနကို ပြောသည်။

ဝန်ခံထွက်ဆိုထားတာတော့ ထုတ်ပြန်ပါတယ်။ ကျနော့်ညီမကို ဘာကြောင့်သတ်ခဲ့လဲဆိုတာ ကျနော်တို့မိသားစုဝင်တွေရော၊ ပြည်သူတစ်ရပ်လုံးရောသိချင်နေတယ်။ ဒါပေမယ့် ထုတ်ပြန်ချက်မှာ ဘာကြောင့်သတ်ခဲ့တာလဲဆိုတာ မပါဘူးပေါ့နော်။ အဲဒါကြောင့် ဘာကြောင့်သတ်ခဲ့လဲဆိုတဲ့ အကြောင်းရင်းမှန်ကို ထုတ်ပြန်ပေးဖို့ အလေးနက်ထားပြီး တောင်းဆိုပါတယ်”ဟုပြောသည်။

ယင်းအပြင် ဦးမောင်မောင်အေးထွက်ပြေးပြီး ပုန်းရှောင်နေခဲ့စဉ်က ၄င်းအား မဖမ်းမိစေရန် ဝှက်ထားသည့် မိသားစုများအားလည်း အပြစ်ပေးသင့်သည်ဟု ဆရာမ၏ဝမ်းကွဲအစ်ကိုဖြစ်သူက ဆက်ပြောသည်။

ယမန်နေ့က Justic For Arakan ၏ ထုတ်ပြန်ချက်တွင် ပြစ်မှုကျူးလွန်သူ ဦးမောင်မောင်အေးက ဆရာမဒေါ်နှင်းယုနွယ် သတ်ဖြတ်ခံရပုံနှင့်ပတ်သက်ပြီး အခင်းဖြစ်ပွားခဲ့သည့်နေရာတွင် သရုပ်ပြလုပ်ဆောင်ပြသည်ကို ဖော်ပြထားသည်။

မောင်မောင်အေးကိုယ်တိုင် ဆရာမဒေါ်နှင်းယုနွယ်ကို အမှန်အကန်သတ်ဖြတ်ခဲ့တယ်လို့ အောက်တိုဘာ ၁၁ ရက်နေ့က ဝန်ခံထွက်ဆိုခဲ့တယ်”ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သူ၏ ထွက်ဆိုချက်အရ ဆရာမဒေါ်နှင်းယုနွယ်ကို သတ်ဖြတ်ခဲ့သည့်အချိန်တွင် အသုံးပြုခဲ့သည့် သက်သေခံပစ္စည်းဖြစ်သော ဓားမကိုလည်း အာရက္ခပြည်သူ့အစိုးရ ရဲတပ်ဖွဲ့က ရှာဖွေဖော်ထုတ်ရရှိထားပြီး အမှုကို ဥပဒေနှင့်အညီ စစ်ဆေးစီရင်နိုင်ရေး စနစ်တကျ ဆက်ပြီးဆောင်ရွက်နေသည်ဟု ထုတ်ပြန်ထားသည်။

အသက် ၃၇ နှစ်အရွယ်ရှိ အလယ်တန်းပြကျောင်းဆရာမ ဒေါ်နှင်းယုနွယ်သည် သူနေထိုင်ရာ ရသေ့တောင်မြို့နယ်၊ ကျွန်းပေါ်ပေါက်တောကျေးရွာမှ ပန်းဖော်ပြင် အလယ်တန်းကျောင်းသို့ စက်တင်ဘာလ ၁၆ ရက်၊ နံနက်က စာပြရန်သွားစဉ် လမ်းတွင် အသတ်ခံလိုက်ရခြင်းဖြစ်သည်။

အသက် ၄၀ ကျော်အရွယ်ရှိ ဦးမောင်မောင်အေးသည် ဆရာမအသတ်ခံရမှုတွင် အဓိကသံသယရှိသူ တစ်ဦးဖြစ်ပြီး သူအပါအဝင် အဓိကသံသယရှိသူ ၂ ဦး၊ ဆက်စပ် သံသယရှိသူ ၁ ဦးနှင့် ဆရာမ အလောင်းအား မျက်မြင်တွေ့ရှိသူ ၆ ဦးတို့ကို ULA/AA က စက်တင်ဘာ ၁၇ ရက်မှစတင်စစ်ဆေးနေခဲ့ခြင်းဖြစ်သည်။

ယင်းသို့စစ်ဆေးနေစဉ် အဓိကသံသယရှိသူ ဦးမောင်မောင်အေးသည် စက်တင်ဘာ ၁၉ ရက်ညတွင် ထွက်ပြေးသွားခဲ့သော်လည်း စက်တင်ဘာ ၂၆ ရက်တွင် ကျွန်းပေါ်ပေါက်တောရွာရှိ သူ၏ အစ်မ နေအိမ်အတွင်း ULA/AA က ဖမ်းမိခဲ့သည်။

ရခိုင်ပြည်သူများကမူ ထိုက်သင့်သည့် ပြစ်ဒဏ်ချပေးရန် တောင်းဆိုလျက်ရှိပြီး ULA/AA ဘက်က ချမည့်ပြစ်ဒဏ်ကို စိတ်ဝင်တစား စောင့်ကြည့်လျက်ရှိသည်။ (NN-11)

 

 

ဆက်စပ် သတင်းများ