သောကြာ၊ မေလ ၁၀ရက်၊ ၂၀၂၄

အဂတိမှုဖြင့် ထောင် ၃ နှစ်ကျခံခဲ့ရသည့် ရခိုင်ဝန်ကြီးဟောင်း ဦးကျော်လွင် လွတ်ရက်စေ့၍ လွတ်မြောက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ အောက်တိုဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 874

(ဝန်ကြီးချုပ်ဟောင်း ဦးညီပုအပါအဝင် ကျန်ဝန်ကြီးများနှင့် ထောင်ဝင်စာတွေ့ခွင့်မရသေး)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)လက်ထက်က ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီးဖြစ်ခဲ့သူ ဝန်ကြီးဟောင်း ဦးကျော်လွင်သည် စစ်တွေအကျဉ်းထောင်မှ လွတ်ရက်စေ့၍ လွတ်မြောက်လာခဲ့ပြီဟု သိရသည်။

ဝန်ကြီးဟောင်း ဦးကျော်လွင်သည် ပြီးခဲ့သည့် အောက်တိုဘာလ ၂ဝ ရက်က လွတ်မြောက်လာခြင်း ဖြစ်သည်ဟု ရခိုင့်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့မှ ဒါရိုက်တာ ဦးမြတ်ထွန်းက နိရဥ္စရာကို ပြောသည်။

“လွတ်ရက်စေ့လို့ လွတ်လာတာပါ။ တခြားဝန်ကြီးတွေကတော့ မလွတ်သေးဘူး။ တခြားဝန်ကြီးတွေက သူ့ထက် နှစ်များတယ်လေ”ဟု ပြောသည်။

ဝန်ကြီးဟောင်း ဦးကျော်လွင်သည် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ (၅၅)ဖြင့် ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်က စစ်တွေအကျဉ်းထောင်အထူးတရားရုံး၏ အလုပ်နှင့် ထောင်ဒဏ် ၃ နှစ်ချမှတ်ခြင်းကို ခံခဲ့ရသူဖြစ်သည်။

လက်ရှိတွင် ဝန်ကြီးဟောင်း ဦးကျော်လွင်သည် ရမ်းဗြဲရှိ သူ့နေအိမ်မှတဆင့် ရန်ကုန်သို့ ဆေးစစ်ရန်သွားနေသည်ဟုလည်း သိရသည်။

ဝန်ကြီးဟောင်း ဦးကျော်လွင်နှင့်အတူ ရခိုင်ဝန်ကြီးချုပ်ဟောင်း ဦးညီပု၊ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဟောင်း ဦးအောင်ကျော်ဇံ၊ ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေး ဝန်ကြီးဟောင်း ဦးကျော်အေးသိန်းနှင့် စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်တို့သည်လည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ (၅၅)ဖြင့် ယင်းနေ့တစ်နေ့တည်းတွင် အလုပ်နှင့် နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံခဲ့ရသည်။

၎င်းတို့အနက် ဝန်ကြီးချုပ်ဟောင်းဦးညီပု၊ ဝန်ကြီးဟောင်း ဦးအောင်ကျော်ဇံ၊ ဝန်ကြီးဟောင်း ဦးကျော်အေးသိန်းတို့သည် အလုပ်နှင့် ထောင်ဒဏ် (၉)နှစ်စီ၊ ဝန်ကြီးဟောင်း ဦးကျော်လွင်သည် ထောင် ၃ နှစ်နှင့် ဝန်ကြီးဟောင်း ဦးမင်းအောင်သည် ထောင်ဒဏ် (၇)နှစ်ချမှတ်ခံခဲ့ရခြင်းဖြစ်သည်။

၎င်းတို့(၅)ဦးကို အမှုနံပါတ်(၁) ဂုံးသောင်တန်ဖိုးနည်းမြေကွက်ဖော်ဆောင်ရာတွင် ညွှန်ကြားချက်ပါ တင်ဒါစည်းမျည်းစည်းကမ်းများဖြင့် ကိုက်ညီမှုမရှိဘဲ ဆက်စပ်ကုမ္ပဏီတစ်ခုကိုစာချုပ်ချုပ်ဆိုကာ လုပ်ငန်းဆောင်ရွက်စေပြီး ငွေအလွဲသုံးစားပြုမှု၊ အမှုနံပါတ်(၂) အစိုးရပိုင်အဆောက်အဦ ၃ ခုအား ပြည်သူသို့ ငှားရမ်းမှု၊ အမှုနံပါတ်(၃) Third Party မှငွေအချို့ သတ်မှတ်ဘဏ်အကောင့်တွင် ရှိမနေဘဲ အခြားအကောင့်တွင် ရှိနေမှု၊ အမှုနံပါတ်(၄) ဦးမင်းအောင်မှ အစိုးရရန်ပုံငွေတွင်ပါဝင်ခြင်းမရှိဘဲ၊ ပြည်နယ်လွှတ်တော်ခွင့်ပြုချက်မရှိဘဲ တောင်ကုတ်မြို့မဈေးအပါအဝင် ဈေး(၅)ခုကို တင်ဒါစည်းကမ်းနှင့်မညီဘဲ ငွေကြေးအပိုပေးမှုဖြင့် အဂတိတိုက်ဖျက်ရေးကော်ရှင်က တရားစွဲဆိုခဲ့ပြီးနောက် ယခုကဲ့သို့ နှစ်ရှည်ထောင်ဒဏ်အသီးသီး ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု စစ်ကောင်စီက ပြောသည်။

လက်ရှိတွင် ဝန်ကြီးချုပ်ဟောင်း ဦးညီပုကို စစ်တွေအကျဉ်းထောင်မှ ရန်ကုန်ရှိ အင်းစိန်အကျဉ်းထောင်သို့ပြောင်းရွှေ့ထားပြီး ဝန်ကြီးဟောင်း ဦးအောင်ကျော်ဇံ၊ ဝန်ကြီးဟောင်း ဦးကျော်အေးသိန်းနှင့် ဝန်ကြီးဟောင်း ဦးမင်းအောင်တို့သည် စစ်တွေအကျဉ်းထောင်တွင် ထောင်ကျခံနေရသည်ဟု သိရသည်။

၂ဝ၂ဝ ပြည့်နှစ်မှစတင်ကာ ကိုဗစ်ကပ်ရောဂါကြောင့်ပိတ်ထားခဲ့ရသည့် ထောင်ဝင်စာတွေ့ခွင့်ကို စစ်ကောင်စီက အောက်တိုဘာလ ၂၄ ရက်မှစတင်ကာ ပြန်လည်ခွင့်ပြုလိုက်ပြီဖြစ်သော်လည်း ယနေ့ အောက်တိုဘာလ ၂၆ ရက်အထိ ဝန်ကြီးချုပ်ဟောင်းဦးညီပုအပါအဝင် ဝန်ကြီးဟောင်းများကို ထောင်ဝင်စာတွေ့ခွင့်မရသေးဟု မိသားစုဝင်များက ပြောသည်။

ဝန်ကြီးချုပ်ဟောင်း ဦးညီပု၏ သမီး မကြည်ကြည်ဦးက “ဖေဖေနဲ့တော့ အဲလိုထောင်ဝင်စာတွေ့ခွင့်တော့ မရသေးပါဘူး။ တွေ့ခွင့်ရဖို့လည်း လောလောဆယ်တော့ ဘာမှလည်း မလုပ်ရသေးဘူး။ သူတို့ အဲလို ဝန်ကြီးချုပ်တွေဘာတွေကျတော့ သူတို့ မိသားစုကို အဲလို တရားဝင်ပေါ့နော်။ တွေ့မဲ့ရက်ကို သူတို့ ဆက်သွယ်တာတို့၊ ဘာတို့ အဲလိုမျိုးတော့ ကြားမိတယ်။ ဆိုတော့ အဲဒါလေးကိုလည်း စောင့်နေတယ်ပေါ့။ ထွေထွေထူးထူးတော့ ဘာမှတော့ မကြားရသေးဘူး”ဟု ပြောသည်။

အကယ်၍ စစ်ကောင်စီဘက်က မိသားစုထံ ဆက်သွယ်လာခြင်းမရှိလျှင်လည်း မိမိအစီအစဉ်ဖြင့် သွားတွေ့မည်ဟု ဆိုသည်။

ဝန်ကြီးချုပ်ဟောင်း ဦးညီပုသည် အဂတိပုဒ်မဖြင့် ထောင်ဒဏ် ၉ နှစ်အပြင် နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာဥပဒေ ပုဒ်မ ၅၀၅(ခ)ဖြင့် အလုပ်ကြမ်းနှင့် ထောင် ၂ နှစ်၊ စုစုပေါင်း ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံထားရသူဖြစ်သည်။

အလားတူ စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်သည်လည်း အဂတိပုဒ်မဖြင့် ထောင်ဒဏ် ၇ နှစ်အပြင် ပြီးခဲ့သည့် ၂ဝ၂၁ ခုနှစ်၊ စက်တင်ဘာ ၁၇ ရက်တွင်လည်း တောင်ကုတ်မြို့နယ်တရားရုံး၏ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဥပဒေပုဒ်မ(၂၅)အရ ထောင်ဒဏ် ၂ လနှင့် ငြိမ်းစုစီဥပဒေပုဒ်မ (၁၉)အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ်(၂)နှစ်တို့ကို ချမှတ်ခံထားရသူဖြစ်သည်။ (NN-16)

ဓာတ်ပုံ - ဝန်ကြီးဟောင်း ဦးကျော်လွင်အား တွေ့ရစဉ်။


ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!