Preview

ကျပ်သိန်း ၁၉၀၀ ဖိုးရှိ ရွှေထည်များခိုးယူမှုနှင့် စွပ်စွဲဖမ်းဆီးခံထားရသူ ရခိုင်အမျိုးသမီးအား ဒုတိယအကြိမ်ရုံးထုတ်

အောက်တိုဘာ ၂၇/ ၂၀၂၃ | ကြည့်ရှုသူ :1292
ရခိုင် သတင်း

( သမီးဖြစ်သူအမှုဖြစ်၍ မိဘနေအိမ်ကိုရန်ကုန်ရဲတို့လာရောက်ချိတ်ပိတ်)

ရန်ကုန်တိုင်း၊ တာမွေမြို့နယ်ရှိ29 (တူးနိုင်း)ရွှေဆိုင်မှ ကျပ်သိန်း ၁၉၀၀ ဖိုးရှိ ရွှေများ ခိုးယူမှုနှင့် စွပ်စွဲဖမ်းဆီး ခံထားရသော ၇ခိုင်အမျိုးသမီးအား ယမန်နေ့၂ နာရီခန့်တွင် ဒုတိယအကြိမ် ရုံးထုတ်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါအမျိုးသမီးကို တာမွေမြို့နယ်တရားရုံးတွင်ဒုတိယအကြိမ်ရုံးထုတ်ခဲ့ပြီး နိုဝင်ဘာလ ၃ ရက်နေ့တွင်တရားလိုပြသက်သေအား စတင်စစ်ဆေးမည်ဖြစ်ကြောင်း စွပ်စွဲခံဖမ်းဆီးခံနေရသူ၏ရှေ့နေ ဒေါ်ဝိုင်းသူဇာက နိရဉ္စရာသို့ ပြောသည်။

"ဒီနေ့တော့ သူကိုရုံးထုတ်လာတယ်။ ဘာမှတော့ မလုပ်ဘူး။ နောက်တစ်ခေါက်ရုံးချိန်းမှာ တရားလိုကိုစစ်ဆေးမယ်လို့ တရားသူကြီးက ပြောလိုက်ပါတယ်" ဟု ပြောသည်။

သမီးဖြစ်သူ အမှုဖြစ်၍ အမှုနှင့် မသက်ဆိုင်သည့် မိဘများနေထိုင်သည့်မြောက်ဥက္ကလာပမြို့နယ်၊ အမှတ် ၂ ရပ်ကွက်ရှိ နေအိမ်ကို ပြီးခဲ့သည့် အောက်တိုဘာ၈ ရက် ညနေပိုင်းတွင်  ရန်ကုန်တိုင်း တာမွေမြို့နယ် ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က လာရောက်ချိတ်ပိတ်ခဲ့သည်ဟု သိ၇သည်။

ထိုသို့ ချိတ်ပိတ်ခဲ့သဖြင့်မိဘများမှာ အဝတ်တစ်ထည်ကိုယ်တစ်ခုဖြင့် အိမ်ကနေ ဆင်းခဲ့ရပြီး လက်ရှိမလုံခြုံမှုများခံစားနေ၇ကြောင်း ဖခင်ဖြစ်သူကပြောသည်။

"ဒီရုံးချိန်းကိုလည်း မသွားဖြစ်ဘူး။ရန်ကုန်က နေအိမ်ကို အသိမ်းခံထားရတော့ နေစရာမရှိဘူး။ ကျနော်တို့အတွက်ပါမလုံခြုံဘူးလို့ ခံစားရလို့ နယ်ဘက်မှာ ထွက်လာရတယ်။ ဘာမှလည်းမယူလိုက်ရဘူး။ သမီးလေးကိစ္စ အမှုမှန်ဖြစ်စေချင်ပါတယ်" ဟု ပြောသည်။

အဆိုပါ 29 ရတနာ ရွှေဆိုင်တွင်ဝန်ထမ်းများအနေဖြင့် ရုံးဆင်းသည့်အခါတွင် ကိုယ်နှင့်ပါသည့်ပစ္စည်းများကို စစ်ဆေးရုံသာမက တစ်ကိုယ်လုံးစစ်ဆေးခံပြီးမှသာရုံးဆင်းရကြောင်း၊ CCTV ကင်မရာလည်း တပ်ဆင်ထားပါလျှက်ကင်မရာ မှတ်တမ်းကိုလည်း တရားရုံးတွင် မတင်ကြောင်း၊ လက်ရှိအချိန်ထိလည်း ခိုးယူသွားသည့် ၎င်းရွှေထည်များကို ဖော်ထုတ်သိမ်းဆည်းရရှိခြင်းမရှိသေးကြောင်း၊ ယခုအမှုမှာ မြေနိမ့်ရာ လှံစိုက်သဘောမျိုးဖြစ်နေကြောင်း သူတို့နှင့်နီးစပ်သူ တစ်ဦးက ပြောဆိုသည်။

ရန်ကုန်မြို့ရှိ 29ရတနာရွှေဆိုင်များတွင် ရခိုင်ပန်းထိမ်ဆရာ၁၁၀ ကျော်ခန့်ရှိပြီး အလုပ်လုပ်ရန် အတွက် ရွှေကျပ်ချိန်စပေါ်  သိန်းတစ်သောင်းကျော်ခန့် အပ်နှံထားရကြောင်း ရခိုင်ပန်းထိမ် ဆရာအသိုင်းအဝိုင်းပြောပြချက်အရသိရသည်။

ဖမ်းဆီးတရားစွဲဆိုခံထားရသူမှာမြေပုံမြို့နယ် သရက်တောင်ကျေးရွာက အသက် (၂ရ)  အရွယ် ဘွဲ့ပညာတတ်အမျိုးသမီးငယ်တစ်ဦးဖြစ်သည်။

ပြီးခဲ့သည့် ဩဂုတ်လ၂၈ ရက်တွင် တာမွေမြို့နယ် ဦးချစ်မောင်လမ်းရှိ 29 ရွှေဆိုင်တွင် ရွှေထည်ပစ္စည်း ၃၄မျိုး (ကာလတန်ဖိုး သိန်း ၁၉၀၀ ခန့်)ရှိ ရွှေထည်ပစ္စည်းများပျောက်ဆုံးနေသည့်အတွက် ဝန်ထမ်း ၇၀ ခန့်အား မိသားစုနှင့် အဆက်အသွယ် လုံး၀လုပ်ခွင့် မပြုဘဲ  ၂ ရက် ပိတ်လှောင်စစ်ဆေးပြီးနောက် ပစ္စည်းလက်ခံရေးဌာနမှအဖွဲ့ခေါင်းဆောင် မောင်သန်းတိုးလင်းနှင့် မစိုးစံသူအပါအဝင်မထက်ထက်ခိုင်နှင့် မသဇင်သင်းသန့်တို့ ၄ ဦးတို့အား ၅ ရက်ထပ်မံစစ်ဆေးခဲ့သည်။

ယင်းနောက်တရားခံရှာမတွေ့၍ ဝန်ထမ်းများအား ပုံမှန် ရုံးတက်ရန် ကတိဖြင့်အလုပ်ပျက်ရက်မရှိ ဆင်းစေခဲ့ပြီးနောက် မစိုးစံသူမှာ နေမကောင်းသဖြင့်ရန်ကုန်မြို့ မြောက်ဥက္ကလာပ မြို့နယ် ရွှေလမင်း ဆေးရုံ၌ ဆေးခွင့်ဖြင့်ဆေးကုသခံနေစဉ် စက်တင်ဘာလ ၂၁ ရက်နေ့တွင် စွပ်စွဲဖမ်းဆီးခံခဲ့ရသည်ဟု သိ၇သည်။

သူမသည် 29 ရတနာရွှေဆိုင်ပစ္စည်းလက်ခံရေးဌာနတွင် အလုပ်လုပ်ကိုင်နေသည်မှာ ၄ လခန့်သာ ရှိသေးသည်။

ယခုအမှုတွင်29 ရတနာရွှေဆိုင်မှာမန်နေဂျာ ဦးမျိုးကိုကိုအောင်ကတရားလိုပြုလုပ်ကာ အမှုဖွင့်ထားပြီး အင်းစိန်အကျည်းထောင်တွင် ဖမ်းဆီးထားသည်။

လက်ရှိတွင် သူမအားရာဇသတ်ကြီးပုဒ်မ ၃၈၁ ဖြင့် အမှုနှင့် တာမွေမြို့နယ်တရားရုံးတွင် တရားစွဲဆိုထားသည်။

ရာဇသတ်ကြီးပုဒ်မ ၃၈၁သည် (အလုပ်ရှင်ထံမှ အလုပ်သမားဖြစ်စေ၊ အိမ်ရှင်ထံမှ အစေခံဖြစ်စေ ခိုးယူခြင်း)နှင့်သက်ဆိုင်သည့်ပုဒ်မ ဖြစ်ပြီး အလုပ်ကြမ်းနှင့် ထောင်ဒဏ် ရ နှစ်အထိ ချမှတ်သည့်အမှုဖြစ်သည်ဟု သိ၇သည်။ NN - 9

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.