ကြာသပတေး၊ မေလ ၉ရက်၊ ၂၀၂၄

ရခိုင်ဝန်ကြီးချုပ်ဟောင်း ဦးညီပု၏သမီး မမိုးဆန်းစုကြည် သာယာဝတီထောင်တွင် လည်ပင်းကြီးရောဂါနှင့် အရေပြားရောဂါခံစားနေရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ အောက်တိုဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.6k

စစ်ကောင်စီကဖမ်းဆီးထောင်ချထားသည့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပု၏သမီး မမိုးဆန်းစုကြည်သည် ပဲခူးတိုင်းရှိ သာယာဝတီ အကျဉ်းထောင်အတွင်း လည်ပင်းကြီးရောဂါနှင့် အရေပြားရောဂါ ခံစားနေရသည်ဟု မိသားစုဝင်များက ပြောသည်။

ယင်းသို့ ခံစားနေရသည်ကို အောက်တိုဘာလ ၂၆ ရက်၊ နံနက်ပိုင်းက မိသားစုဝင်များက ထောင်ဝင်စာသွားတွေ့ချိန်တွင် သိရှိခဲ့ခြင်းဖြစ်သည်ဟု ကိုယ်တိုင်သွားရောက်တွေ့ဆုံခဲ့သည့် သူမ၏အစ်မ မကြည်ကြည်ဦးက နိရဉ္စရာကို ပြောသည်။

“သူက လောလောဆယ်တော့ လည်ပင်ကြီးဖြစ်ချင်တော့ ဆေးသောက်နေရတယ်ပေါ့။ သောက်နေရတုန်း အဲဒီအတွက်ကို သူက သွေးစစ်ထားတော့ အဖြေက မရသေးဘူးတဲ့။ ဘယ်လိုအခြေအနေရှိတယ်ဆိုတာပေါ့။ ဆက်ပြီးတော့ ဒီရောဂါတိုးနေလား၊ ပုံမှန်ပဲလားဆိုတာတော့ အဖြေကတော့ မသိခဲ့ရသေးဘူး။ သွေးစစ်ထားတာ မရသေးတော့လေ”ဟု ပြောသည်။

မမိုးဆန်းစုကြည်တွင် လည်ပင်းကြီးရောဂါသည် ရန်ကုန်ရှိ အင်းစိန်အကျဉ်းထောင်တွင်ရှိနေခဲ့ချိန်ကပင် ဖြစ်ပွားစရှိလာခဲ့ခြင်းဖြစ်ပြီး ယင်းအချိန်ကပင် ဆေးဝါးများ စတင်သောက်သုံးနေရပြီဟု ဆိုသည်။

လက်ရှိ သာယာဝတီထောင်ထဲတွင်လည်း ရေမသန့်ရှင်းသည့်အတွက် သူမ၏ခန္ဓာကိုယ်၌ ယားနာများဖြစ်ပွားလျက်ရှိသည်ဟု သိရသည်။

ယားနာအတွက် ဆရာဝန်ထောက်ခံချက်မရ၍ ပြင်ပမှ ဆေးများသွင်းခွင့်မရှိဘဲ ထောင်တွင်းတွင်ပေးသည့် ဆေးကိုသာ သောက်နေရသည်ဟု မကြည်ကြည်ဦးက ဆက်ပြောသည်။

“ဆရာဝန်ထောက်ခံချက်၊ ဆေးထောက်ခံချက်မရှိဘူးဆိုရင် သွင်းမရတော့ အဲလိုမျိုး ဆေးတွေက သွင်းမရဘူးဖြစ်နေတယ်ပေါ့။ အထဲမှာ သူတို့ပေးတဲ့ ဘာမီတွန်လောက်၊ ဘာလောက်ပဲ သောက်ရတယ်တဲ့။ အဲလိုပြောတယ်”ဟု ပြောသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပု၏သမီး မမိုးဆန်းစုကြည်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၏ လူငယ်တာဝန်ခံလည်းဖြစ်သည်။

စစ်အာဏာသိမ်းပြီးနောက် ၂ဝ၂၁ ခုနှစ်၊ မေလ ၉ ရက်တွင် ရန်ကုန်မြို့၊ လှည်းတန်းမြို့နယ်ရှိ တိုက်ခန်းအတွင်း စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းကိုခံခဲ့ရပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅-က၊ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁)တို့ဖြင့် ထောင် ၆ နှစ် ချခံရမှတ်ခံထားရသူဖြစ်သည်။

သူမသည် ပြီးခဲ့သည့် ဇွန်လ ၉ ရက်က ရန်ကုန်မြို့ရှိ အင်းစိန်အကျဉ်းထောင်မှ သာယာဝတီအကျဉ်းထောင်သို့ ပြောင်းရွှေ့ခံလိုက်ရခြင်းဖြစ်သည်။

သူမ၏ဖခင် ဝန်ကြီးချုပ်ဟောင်း ဦးညီပုသည်လည်း နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာဥပဒေ ပုဒ်မ ၅၀၅(ခ)ဖြင့် အလုပ်ကြမ်းနှင့် ထောင် ၂ နှစ်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ(၅၅)ဖြင့် ထောင်ဒဏ် ၉ နှစ်၊ စုစုပေါင်း ထောင်ဒဏ် ၁၁ နှစ် ကျခံထားရသည်။

ဦးညီပုသည် ပြီးခဲ့သည့်မေလအတွင်းက စစ်တွေအကျဉ်းထောင်မှ ရန်ကုန်ရှိ အင်းစိန်အကျဉ်းထောင်သို့ ပြောင်းရွှေ့ခံထားရသည်။ (NN-16)


ဓာတ်ပုံ - လူမှုကွန်ရက်


ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!