သောကြာ၊ မေလ ၁၀ရက်၊ ၂၀၂၄

အမ်းမှ အမျိုးသမီးငယ်တစ်ဦးကို တရုတ်မယားအဖြစ်ရောင်းစားသူ အလုပ်နှင့် ထောင် ၁၀ နှစ်ချမှတ်ခံရ


  • ရေးသူ: Web Master (NN 16)
  • | ရက်စွဲ: ၂၇ အောက်တိုဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.1k

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်မှ အမျိုးသမီးငယ်တစ်ဦးကို တရုတ်မယားအဖြစ် ရောင်းစားသူတစ်ဦးအား စစ်ကောင်စီက အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်ကြောင်း သိရသည်။

ထောင်ဒဏ်ချမှတ်ခံရသူမှာ အမ်းမြို့နယ်မှ ဦးညီစိန်ဆိုသူဖြစ်သည်။

သူ့ကို အောက်တိုဘာလ ၂၅ ရက်တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင် တရားရုံးက လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၃၅ အရ ယခုပြစ်ဒဏ်ကို ချမှတ်လိုက်ခြင်းဖြစ်သည်ဟု သိရသည်။

ဦးညီစိန်အပါအဝင် သိန်းစိုးနှင့် ဖိုးဝဆိုသူတို့က တစ်မြို့နယ်တည်းနေ အသက် ၂၁ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးကို တရုတ်နိုင်ငံတွင် တရုတ်မယားအဖြစ် ပေါင်းသင်းနေထိုင်ပါက ကျပ်သိန်း ၅၀ ရမည်ဖြစ်ပြီး တစ်နှစ်ပေါင်းသင်း နေထိုင်ရမည်ဟု စည်းရုံးခဲ့ကြောင်း ယနေ့ အောက်တိုဘာ ၂၇ ရက်ထုတ် စစ်ကောင်စီပိုင်သတင်းစာများတွင် ဖော်ပြထားသည်။  

ကလေးမွေးပေးရမည်ဖြစ်ပြီး အဝတ်အစားများစီစဥ်ပေးမည်ဟု လိမ်လည် စည်းရုံးခေါ်ဆောင်ကာ တရုတ်မယားအဖြစ်ရောင်းစား၍ ငွေကြေး အကျိုးအမြတ်များအား ခေါင်းပုံဖြတ်ရယူရန် စီစဥ်ဆောင်ရွက်ခဲ့ကြသည်ဟုလည်း ဆိုသည်။

ထို ၃ ဦးအနက် ဦးညီစိန်ကိုဖမ်းမိကာ မြစ်ကြီးနားနယ်မြေရဲစခန်းတွင် လူကုန်ကူးမှု ပုဒ်မဖြင့် အမှုဖွင့်ကာ ယခုကဲ့သို့ တရားစွဲတင်ပြစ်ဒဏ်ချမှတ်လိုက်ခြင်း ဖြစ်သည်။

ဦးညီစိန်နှင့်အပေါင်းပါ နောက်ထပ်နှစ်ဦးမှာ ထွက်ပြေးလွတ်မြောက်နေသည့် အတွက် တရားခံပြေးအဖြစ်သတ်မှတ်ထားကြောင်းလည်း သိရသည်။

အမ်းမြို့နယ်မှ လူမှုရေးဆောင်ရွက်သူ ဦးသန်းချိုက ငွေကြေးမပြေလည်၍ အခက်အခဲဖြစ်နေသူများကို ငွေကြေးရယူခေါင်းပုံဖြတ် ရောင်းစားသည်ဆိုသည့် လုပ်ရပ်မှာ လုံးဝ မဖြစ်သင့်၊ မလုပ်အပ်ဟု နိရဥ္စရာကို ပြောသည်။

"မပြေလည်လို့ စီးပွားထွက်ရှာကြတယ်ဗျာ။ အဲဒါကို မှန်မှန်ကန်ကန်နဲ့ တည့်မတ် ကူညီပေးရမှာပေါ့။ ဒီလိုမျိုး အမြတ်ထုတ်ပြီးမှ လူကိုရောင်းစားတယ် ဆိုတာက မဖြစ်သင့်ဘူးပေါ့။ ဒီနေရာမှာ သူတို့သားသမီးနဲ့ သူတို့ဆွေမျိုးတွေဆိုရင် သူတို့ခံနိုင်မှာ မဟုတ်ဘူး"ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်အတွင်းကလည်း ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်မှ အမျိုးသမီးငယ်တစ်ဦးအား တရုတ်နိုင်ငံတွင် တရုတ်မယားအဖြစ်ရောင်းစားရန် အခန်းထဲပိတ်လှောင်ထားသည်ကို အဆက်အသွယ်ရလာ၍ ဦးသန်းချိုကိုယ်တိုင် အမ်း၊ မန္တလေးနှင့် မူဆယ်တို့မှ လူကုန်/တားရဲတပ်ဖွဲ့တို့နှင့်ပူးပေါင်းကာ အချိန်မီ ကယ်တင်နိုင်ခဲ့သည်ဟု ပြောသည်။

တောင်ကုတ်မြို့၊ ကံပိုင်ရပ်ကွက်မှ အသက် (၁၈) နှစ်ခန့်ရှိ အမျိုးသမီးငယ်တစ်ဦးသည်လည်း တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ တက်ဟုန်ခရိုင်၊ ရွှေလီမြို့တွင် တရုတ်မယားအဖြစ်ရောင်းစားခံရလုဆဲဆဲအခြေအနေမှ ပြီးခဲ့သည့် အောက်တိုဘာ ၂၄ ရက်က ထွက်ပြေးလွတ်မြောက်လာခဲ့ကြောင်း သိရသည်။

သူမသည် မန္တလေးမြို့မှ ကျော်နိုင်ဆိုသူနှင့် အွန်လိုင်းမှတဆင့် ခင်မင်ပြီး ဆက်သွယ်စကားပြောရာမှ ၎င်းထံသို့လာလျှင် တရုတ်နိုင်ငံ၊ ရွှေလီမြို့ရှိ နားကျပ်စက်ရုံတွင် အလုပ်လုပ်ရမည်ဟု သွေးဆောင်ဖျားယောင်းမှုဖြင့် တရုတ်ပြည်သို့ ပြီးခဲ့သည့်အပတ်က သွားရောက်ခဲ့ကြောင်း ကာယကံရှင်အမျိုးသမီးငယ်က နိရဥ္စရာသို့ ပြောဆိုထားသည်။ (NN-16)

ဆက်စပ် သတင်းများ