(စစ်ကောင်စီတပ်ရင်းမှူးများက ဖားဖြိုရွာ ရာအိမ်မှူးထံမှ AA နယ်မြေခံဖုန်းအား တောင်းနေ၍ ထွက်ပြေးနေ၇)
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ဖားပြိုကျေးရွာအနီး သင်္ချိုင်းတောင်ကုန်းပေါ်တွင်တပ်စွဲထားသည့်စစ်ကောင်စီတပ်စခန်းမှ တပ်သား ၁ ဦးသည် လက်နက်များနှင့်အတူထွက်ပြေးသွားသည့်အတွက်ယင်းအနီးတဝိုက်တွင် စစ်ကောင်စီတပ်သားများက ပိုက်စိပ်တိုက်ရှာဖွေနေကြသည်ဟု သိ၇သည်။
ထွက်ပြေးသွားသည့်စစ်ကောင်စီတပ်သားမှာ ကျောက်တော်မြို့နယ်ရှိ ၃၇၅ တပ်မှဖြစ်ပြီးသင်္ချိုင်းတောင်ကုန်းပေါ်ရှိ တပ်စခန်းတွင် တာဝန်ကျနေသည်မှာလပိုင်းခန့်သာရှိသေးကြောင်း သိ၇သည်။
သူသည် ပြီးခဲ့သည့် အောက်တိုဘာ ၂၂ ရက်က အဆိုပါတပ်စခန်းမှ လက်နက်ခဲယမ်းများနှင့်အတူထွက်ပြေးသွားသည့်အတွက် စစ်ကောင်စီတပ်သားများက ယင်းအနီးအနားရှိ ဖားပြိုကျေးရွာသို့ယင်းနေ့ ညမှစတင်ကာ ယနေ့ အောက်တိုဘာ ၂၇ ရက်အထိ ဝင်ရောက်ရှာဖွေနေကြကြောင်းဒေသခံများက ပြောသည်။
ဖားပြိုကျေးရွာသားတစ်ဦးက "နေ့တိုင်းလိုက်ရှာကြတယ်။အိမ်ထဲတွေကိုတော့ ဝင်မရှာဘူး။ ရွာကလူကြီးတွေဆီမှာ မေးမြန်းပြီးတော့ ရှာကြတယ်။ကြမ်းကြမ်းတမ်းတမ်းတော့ မဟုတ်ဘူး။ ရွာအနီးအနားက ချုံပုတ်တွေမှာလည်းကင်းပုန်းဝပ်ပြီးရှာကြတယ်။ လက်နက်တွေပါသွားလို့ ရှာနေကြတယ်လို့ ပြောတယ်။ အခုတော့ ရွာထဲထိလည်းအဲ့လောက်ထိ ဝင်မရှာကြပါဘူး"ဟု နိရဥ္စရာသို့ပြောသည်။
၎င်းစစ်သားအား ရှာဖွေတွေ့ရှိပါက ယင်းသင်္ချိုင်းတောင်ကုန်းတပ်စခန်းရှိတာဝန်ရှိသူများထံ အကြောင်းကြားရန်လည်း ဖားပြိုရွာဒေသခံများအား စစ်ကောင်စီတပ်ကပြောဆိုခဲ့သည်ဟု ဒေသခံများက ဆိုသည်။
ဖားပြိုရွာသားတစ်ဦးက "ပြီးခဲ့တဲ့နေ့ကလည်းဖားပြိုရွာအရှေ့က ဆနွင်းတောင်တပ်စခန်းက တပ်ရင်းမှူးလည်း လာပြီးတော့အဲဒီစစ်သားကိုရှာကြတယ်။ အထက်ကအမိန့်အရ ဒီလိုဝိုင်းရှာနေကြတယ်လို့ ပြောတယ်" ဟုပြောသည်။
အဆိုပါစစ်သားအား ရှာဖွေနေကြသည့် စစ်ကောင်စီတပ်ရင်းမှူးများသည်ဖားပြိုရွာကျေးရွာ ရာအိမ်မှူးထံမှ ယင်းနယ်မြေ ရက္ခိုင့်တပ်တော်(AA)မှ တာဝန်ရှိသူ ဖုန်းနံပါတ်အား တောင်းဆိုမှုကြောင့်ဖားပြိုရွာရာအိမ်မှူးမှာလည်း ကြောက်လန့်ကာ ထွက်ပြေးနေ၇ကြောင်း ဒေသခံများက ပြောသည်။
ယခင်မိုခါမုန်တိုင်းမီက သင်္ချိုင်းတောင်ကုန်းတပ်စခန်းရှိစစ်သားများသည် ဖားပြိုရွာထဲသို့ နေ့တိုင်းနီးပါး လာရောက်ကာ ဈေးဝယ်လေ့ရှိသော်လည်းမိုခါအပြီး တပ်များ အပြောင်းအရွေ့လုပ်ပြီးသည့်နောက်ပိုင်းတွင် ရွာထဲသို့တပ်သားများလာရောက်လေ့မရှိတော့ကြောင်း ဒေသခံများက ပြောသည်။
အာဏာသိမ်းမှုဖြစ်ပြီးနောက် ရခိုင်မှနယ်ခြားစောင့်တပ်ဖွဲ့ဝင်များနှင့်အတူ စစ်ကောင်စီတပ်ဖွဲ့ဝင်တို့သည်လက်နက်များနှင့်သော်လည်းကောင်း၊ လက်နက်မဲ့သော်လည်းကောင်း ထွက်ပြေးမှုများဖြစ်ပွားလျက်ရှိသည်။
ပြီးခဲ့သည့် မတ်လ ၁၉ ရက် ညနေပိုင်းကလည်း ရသေ့တောင်မြို့နယ်၊စေတီပြင်ကျေးရွာအနီးရှိ အထက်နန်းရာချောင်း၊ စေတီတောင်ဘုရားတွင် တပ်စွဲထားသည့် နယ်ခြားစောင့်တပ်စခန်းမှစစ်ကောင်စီတပ်သားနှစ်ဦးသည် လက်နက်မဲ့ ထွက်ပြေးသွားခဲ့ပြီး AA ထံ အလင်းဝင်သွားခဲ့သည်ဟု AA နှင့်နီးစပ်သူများက နိရဥ္စရာကိုပြောဆိုထားသည်။
အလားတူ မတ်လ ၆ ရက်ကလည်း မောင်တောမြို့နယ်တောင်ပိုင်း၊မြင်းလွှတ်နယ်ခြားစောင့်စခန်း နခခ ၉ တပ်ရင်းမှ နယ်ခြားစောင့်တပ်ဖွဲ့ဝင် (၄)ဦးသည်လက်နက်များနှင့်အတူ ထွက်ပြေးသွားခဲ့သေးသည်။
ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းကလည်း မြောက်ဦးမြို့ အခြေစိုက် (၅၄၀)တပ်ရင်းမှ စစ်ကောင်စီတပ်သား (၃) ဦးနှင့် မြောက်ဦးအခြေစိုက် (၃၇၈)တပ်ရင်းမှစစ်ကောင်စီတပ်ကြပ် ၁ ဦးတို့သည်လည်း လက်နက်အပြည့်အစုံဖြင့် ထွက်ပြေးသွားခဲ့ကြသည်ဟုသိ၇သည်။
အလားတူ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်းကလည်း ကျောက်တော်မြို့ရှိ မဟာမုနိဘုရားကုန်းပေါ်မှစစ်ကောင်စီတပ်ဖွဲ့ဝင်အချို့လည်း လက်နက်မဲ့ ထွက်ပြေးသွားခဲ့ကြသည်။
ဓာတ်ပုံ - ပုံဟောင်း