ကြာသပတေး၊ မေလ ၉ရက်၊ ၂၀၂၄

ရမ်းဗြဲ သစ်ပုတ်တောင်ကျေးရွာသို့ စစ်ကောင်စီတပ်သား ၂ဝ ခန့် လက်နက်အပြည့်အစုံဖြင့်ဝင်ရောက်


  • ရေးသူ: Web Master (NN 23)
  • | ရက်စွဲ: ၂၇ အောက်တိုဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 802

(ရွာသားများကို စောင့်ကြပ်နေခဲ့သည့်အတွက် စိုးရိမ်ထိတ်လန့်ခဲ့ရ)

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ သံချောင်းကျေးရွာအုပ်စုရှိ သစ်ပုတ်တောင်စံပြကျေးရွာသို့ ယနေ့အောက်တိုဘာလ ၂၇ ရက်၊ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ဝ ဦးခန့် လက်နက်အပြည့်အစုံဖြင့်ဝင်ရောက်ခဲ့ပြီး ရွာသားများကို စောင့်ကြပ်နေခဲ့သည့်အတွက် ရွာသားများ စိုးရိမ်ထိတ်လန့်ခဲ့ရသည်ဟု သိရသည်။

နံနက် ၁၀ နာရီခန့်က သစ်ပုတ်တောင်ကျေးရွာထဲသို့ဝင်ရောက်လာခြင်းဖြစ်ပြီး နေ့လယ်ပိုင်းအထိ သစ်ပုတ်တောင်ကျေးရွာဘုန်းကြီးကျောင်းအနီးရှိ နေအိမ်များအနီးအနားတွင် စောင့်ကြပ်နေရာယူထားခဲ့ကြကြောင်း ကျေးရွာသားများက ပြောသည်။

မည်သည့်အတွက် ယခုကဲ့သို့ ကျေးရွာထဲသို့ရောက်လာပြီး စောင့်ကြပ်နေခဲ့သည်ကို ရွာသားများအနေဖြင့်မသိရှိရကြောင်း သစ်ပုတ်တောင်ကျေးရွာသားတစ်ဦးက ပြောသည်။

"ဘာအတွက် အခုလိုလာတယ်ဆိုတာမျိုးကို မသိရသေးပါဘူး။ ရွာသားတွေကလည်း သူတို့နဲ့စကားမပြောကြတော့။ ပြည်တွင်းမှာစစ်ရေးတင်းမာမှုတွေရှိတယ်။ လက်နက်ကြီးပစ်ခတ်တာတွေလည်းရှိနေတော့ တစ်ခုခုဖြစ်မှာကိုတော့ စိုးရိမ်တယ်" ဟုပြောသည်။

ရွာသားများကိုလည်း တစ်စုံတစ်ရာပြောဆိုခဲ့ခြင်းမျိုးမရှိခဲ့ဘဲ ညနေပိုင်းတွင် ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာဘက်သို့ ထွက်ခွာသွားခဲ့ကြသည်ဟု ရွာသားများက ပြောသည်။

သစ်ပုတ်တောင်ကျေးရွာသည် ရမ်းဗြဲမြို့နှင့် ၈ မိုင်ခန့်ကွာဝေးပြီး အိမ်ခြေ ၂၀၀ ကျော်နှင့် လူဦးရေ ၁၀၀၀ ခန့် နေထိုင်သည့်ကျေးရွာဖြစ်ကြောင်း သိရသည်။

ရခိုင်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ အပစ်ရပ်စဲထားသည်မှာ တစ်နှစ်ခန့်ရှိလာပြီဖြစ်သည်။

ယခုနောက်ပိုင်း ရခိုင်တွင် စစ်ကောင်စီတပ်က စစ်သားအင်အားနှင့် ရိက္ခာများ တိုးမြှင့်နေကြပြီး လက်နက်ကြီး၊ လက်နက်ငယ်များလည်း စမ်းသပ်ပစ်ခတ်လျက်ရှိသည်ဟု ဒေသခံများက ပြောသည်။

ယင်းအပြင် စစ်ကောင်စီတပ်ဘက်က ဒေသခံများကို စစ်ကောင်စီစစ်ဆေးရေးဂိတ်များနှင့် ရပ်ရွာများအတွင်း စစ်ဆေးမှုများ ပိုမိုတင်းကျပ်လာ၍ တိုက်ပွဲများပြန်ဖြစ်မည်ကို စိုးရိမ်လျက်ရှိနေကြသည်။

ဆက်စပ် သတင်းများ