ကြာသပတေး၊ မေလ ၉ရက်၊ ၂၀၂၄

ရှမ်းမြောက်တိုက်ပွဲအရှိန်ကြောင့် ရခိုင်တွင်တိုက်ပွဲ အချိန်မရွေး ပြန်ဖြစ်လာနိုင်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ အောက်တိုဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.2k

(ပြည်သူများအသွားအလာ အနေထိုင် ဆင်ခြင်သတိထားကြရန်လို)

ရှမ်းပြည်နယ်မြောက်ပိုင်းအပါအဝင် တစ်နိုင်ငံလုံးဖြစ်ပွားလာနေသောတိုက်ပွဲအရှိန်ကြောင့် ရခိုင်တွင်လည်း ရက္ခိုင့်တပ်တော်(ULA/AA)နှင့် စစ်ကောင်စီတပ်တို့  အကြား အချိန်မရွေး တိုက်ပွဲထပ်မံ ဖြစ်ပွား လာနိုင်သည်ဟု ရခိုင့်ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက သုံးသပ် ပြောဆိုသည်။

"ရခိုင်စစ်ပွဲက ဟိုဘက်မှာတိုက်မှမဟုတ်ဘူး။ အချိန်မရွေး ဖြစ်လာနိုင်တယ်။ ဘာလို့လဲဆိုတော့ ULA/AA ရဲ့ ရည်ရွယ်ချက်နဲ့ စစ်ကောင်စီရဲ့သဘောထားနဲ့ ပြဒါးတစ်လမ်း၊ သံတစ်လမ်းပေါ့။ မိုးနဲ့မြေလောက်ကွာနေတယ်။ တိုက်ပွဲတွေဆိုတာတော့ တစ်နေ့နေ့ဖြစ်လာမှာပဲ” ဟု ၎င်းက ပြောသည်။

ရက္ခိုင့်တပ်တော် (AA) သည် ရှမ်းပြည်မြောက်ပိုင်းတွင် မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့များဖြစ်ကြသည့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့နှင့်အတူ စစ်ကောင်စီ တပ်စခန်းများကို ဗျူဟာမြောက် ထိုးစစ်ဆင်တိုက်ခိုက်မှုတွင် အဓိက ပါဝင်တိုက်ခိုက်လျက်ရှိသည်။

ထိုသို့ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ရက္ခိုင့်တပ်တော် (AA) သည် မြောက်ပိုင်း မဟာမိတ်များနှင့် လက်တွဲ၍ စစ်ကောင်စီတပ်ကို တိုက်ခိုက်နေသဖြင့် ၎င်းစစ်ပွဲမှာ ရခိုင်ထိ ကျယ်ပြန့်လာနိုင်သည်ဟု စစ်ရေးအကဲခတ်များက သုံးသပ်ထားကြသည်။

ဦးဖေသန်းက “ ရခိုင်မှာ ဒုတိယအကြိမ် အပစ်အခတ်ရပ်စဲပြီးပြီ။ နောက်တစ်ကြိမ်ဟာ အပြီးသတ်ပဲ။ နောက်ဆုံးအကြိမ် အပစ်အခတ်ရပ်စဲမှုဆိုတာ မရှိတော့ဘူး။ အပြီးသတ်တိုက်ပွဲတစ်ခုပဲရှိတော့မယ်လို့ ထင်တယ်" ဟု ဖြစ်လာမည့် ရခိုင်စစ်ပွဲအပေါ် သုံးသပ်ပြောဆိုသည်။

ယင်းအပြင် ရှမ်းပြည်နယ် မြောက်ပိုင်းတွင်လည်း Operation 1027 (၁၀၂၇ စစ်ဆင်ရေး)ကို ယနေ့ အောက်တိုဘာလ ၂၇ ရက်တွင်စတင်ပြီဖြစ်ကြောင်း ညီနောင် မဟာမိတ် ၃ ဖွဲ့က ပူးတွဲ ကြေညာချက် ထုတ်ပြန်ခဲ့ပြီးနောက် တိုက်ပွဲများမှာလည်း မြန်မာ-တရုတ်နယ်စပ်တစ်လျှောက်  ပြင်းထန်စွာ ဖြစ်ပွားနေပြီး နယ်စပ်ကားလမ်းများလည်း ပိတ်ဆို့သွားပြီဟုသိရသည်။

ယင်းကြောင့် အပစ်အခတ်ရပ်စဲထားသည့် ရခိုင်တွင်လည်း စစ်မီးကူးစက်လာနိုင်ပြီး ယခုတစ်ကြိမ် ဖြစ်ပွားလာပါ အပြီးသတ်တိုက်ပွဲဖြစ်နိုင်သည်ဟု ဦးဖေသန်းက သုံးသပ်ပြောကြားခြင်းဖြစ်သည်။

ရခိုင်တွင် ရက္ခိုင့်တပ်တော် (AA) သည် မြန်မာစစ်ကောင်စီတပ်နှင့် အကြီးအကျယ် တိုက်ပွဲ ဖြစ်ပွားပြီးနောက်  ၂ဝ၂ဝ ပြည့်နှစ်တွင်တစ်ကြိမ်နှင့် ၂ဝ၂၂ ခုနှစ်တွင် တစ်ကြိမ်၊ နှစ်ကြိမ်တိုင် နားလည်မှုဖြင့် အပစ်ရပ်နားထားသည်။

လက်ရှိတွင် စစ်ကောင်စီသည်  ရခိုင်၌ လက်နက်အင်အားဖြည့်တင်းမှုများနှင့် လက်နက်စမ်းသပ် ပစ်ခတ်မှုများလည်း ဆက်တိုက်ရှိနေသည့်အတွက် ပြည်သူများအနေနှင့် စစ်ရေးသတိအမြဲရှိရန် လိုအပ်သလို ကြိုတင်ပြင်ဆင်ထားရန်လည်းလိုအပ်သည်ဟု ဦးဖေသန်းက ဆိုသည်။

"ဒီကိစ္စက ပိုပြီးပြင်းထန်လာတယ်ဆိုတဲ့အခါမှာ ဒီဘက်ကိုလည်းလာပြီး စစ်ကောင်စီအနေနဲ့ ရခိုင်မှာလည်း စစ်မီးတောက်တဲ့အထိဖြစ်လာအောင် ဖန်တီးနိုင်တဲ့အခြေအနေရှိတယ်။ ဒါကတော့ ကျနော်တို့ သတိထားရမှာပေါ့"ဟု ပြောသည်။

အောက်တိုဘာလ ၂၇ ရက် တစ်ရက်တည်းတွင် ပုဏ္ဏားကျွန်းမြို့ရှိ ၅၅ဝ တပ်၊ မောင်တောမြို့နယ်ရှိ အင်းဒင်နှင့် ကျောက်ပန္ဒူတပ်နှင့် တောင်ကုတ်မြို့နယ်၊ တရဂူကျေးရွာအနီးရှိ စစ်ကောင်စီတပ်၏ စစ်ရေးလေ့ကျင်းကွင်းတို့၌ နံနက် ၆ နာရီခန့်မှ ညနေ ၆ နာရီအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များ စမ်းသပ်ပစ်ခတ်နေခဲ့ကြောင်း ဒေသခံများက ပြောသည်။

ရခိုင်စစ်ရေးအခြေအနေမှာ သတိထားစောင့်ကြည့်ရန်လိုအပ်သည့်အနေအထားဖြစ်ပြီး ထပ်မံ ဖြစ်ပွားလာပါက ပြည်သူကို ဦးတည်တိုက်ခိုက်လာနိုင်သည်ဟု အမည်မဖော်လိုသည့် ပြည်သူ့လ ွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးကလည်း သုံးသပ်သည်။

"ပြည်သူတွေအနေနဲ့ ကြိုတင်ပြင်ဆင်မှုတွေလုပ်ဖို့လိုတယ်။ ဘာမဆို ဖြစ်နိုင်တယ်။ တိုက်ပွဲ ဖြစ်လာရင်လည်း ပြည်သူကို ပိုပြီး ဦးတည်လာနိုင်တဲ့အတွက် စစ်ရေးသတိမပေါ့ဆမှ ရမယ်" ဟု ဆိုသည်။

ရခိုင် စစ်ရေးအခြေအနေများနှင့်ပတ်သက်၍ ရက္ခိုင့်တပ်တော်(AA)ပြောခွင့်ရ ဦးခိုင်သုခကို နိရဥ္စရာက ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရသေးပါ။ (NN-7)

ဆက်စပ် သတင်းများ