ကြာသပတေး၊ မေလ ၉ရက်၊ ၂၀၂၄

စစ်တွေတွင် မွတ်ဆလင်အလုပ်သမား ၇ ဦးအား ဆန်အိတ်များသယ်ခိုင်းမည်ဟု လိမ်လည်ခေါ်ဆောင်ပြီးပြန်ပေးဆွဲ ငွေညစ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ အောက်တိုဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.4k

(တစ်ဦးကို ငွေသုံးသိန်းစီ လွှဲပေးပြီးနောက် ပြန်လွတ်လာ)

 ရခိုင်ပြည်နယ်၊ စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်မှ မွတ်ဆလင်အလုပ်သမား  ၇ ဦးအား  ဆန်အိတ်များ သယ်ခိုင်းမည်ဟုဆိုကာ လိမ်လည်ခေါ်ဆောင်သွားပြီးနောက် စက်လှေတစ်စီးပေါ်ကို တင်ကာ ပြန်ပေးဆွဲ ခေါ်ဆောင်သွားပြီး ငွေညစ် မှုပြုလုပ်ခဲ့သည်ဟု ကာယကံရှင်များကပြောသည်။

 

လိမ်လည်ခေါ်ဆောင်ခံရသူများမှာ စစ်တွေမြို့၊ အောင်မင်္ဂလာရပ်ကွက်မှ ရူချပ်ခါ (၃၁နှစ်)၊အီစီမိုလ် ( ၂၀နှစ်)၊ ယာစိန်း (၂၄နှစ် )၊ ရော်ဖိတ် (၃၇ နှစ်)၊ ဖူသူယာ ( ၂၅ နှစ်)၊ အားဘူ (၂၇ နှစ်)နှင့် ဒါန်နွားမောရိစ် (၂၈ နှစ်)တို့ဖြစ်ကြသည်။

 

အောက်တိုဘာလ ၂၆ ရက်၊ နံနက် ၈ နာရီကျော်ခန့်က စစ်တွေမြို့၊ မင်းဘာကြီးလမ်း၊ မောလိပ်ခွဆုံတွင် နေ့စားကျပန်းအလုပ်လုပ်ရန် ထိုင်စောင့်နေကြသော ၎င်းမွတ်ဆလင် အလုပ်သမား  ၇ ဦးကို စစ်တွေမြို့၊ ကိုးရီးယားဆိပ်ကမ်းရှိ စက်လှေမှ ဆန်အိတ်များ သယ်မည့်အလုပ်ပေးမည်ဟုဆိုကာ လူတစ်ဦးမှ ကားဖြင့်ခေါ်ဆောင်သွားကြောင်း ကာယကံရှင်များကပြောသည်။

 

ယင်းကိုးရီးယားဆိပ်ကမ်းသို့ ကားဖြင့်ခေါ်ဆောင်သွားပြီးနောက်တွင် စက်လှေတစ်စီးပေါ်သို့ တင်ခေါ်သွားပြီး လမ်းတဝက်အရောက်တွင် ၎င်းတို့အား ရောင်းစားလိုက်ပြီဟုဆိုကာ ပြန်လိုလျှင် တစ်ဦးကို ငွေဆယ်သိန်းစီပေးဆောင်ရမည်ဟု လိမ်ခေါ်ခဲ့သူများမှပြောခဲ့ကြောင်း ကာယကံရှင် အမျိုးသားတစ်ဦးကပြောသည်။

 

"ဘုတ်သမား သုံးယောက်နဲ့ ကျနော်တို့ကိုခေါ်လာတဲ့ လူပွဲစားသုံးယောက် စုစုပေါင်း ၆ ဦး ပါလာပါတယ်။ မင်းတို့ကိုရောင်းစားလိုက်ပြီဆိုပြီးပြောတယ်။ ကျနော်တို့ကို လှေပေါ်ရောက်တော့ မျက်နှာတွေလည်း ပိတ်စတစ်ခုစီနဲ့ ဖုံးထားတယ်။ ဖုန်းတွေကိုလည်းသိမ်းလိုက်တယ်။ နောက်မှ မင်းတို့မိသားစုတွေကို ဖုန်းဆက်ဆိုပြီးဖုန်းပေးတယ်" ဟုပြောသည်။



 

ယနေ့ ညနေ ငါးနာရီခန့်တွင် ၎င်းတို့အား တစ်ဦးလျှင် ကျပ်သုံးသိန်းစီ ငွေလွှဲပေးပါက မိသားစုများထံသို့ ပြန်ပို့ပေးမည်ဟု သူတို့၏မိသားစုများထံသို့ ဖုန်းဆက်ပြောခိုင်းခဲ့သည်။

 

၎င်းတို့ ယင်းသို့ဖုန်းဆက်ပြီးနောက်ပိုင်းတွင် မိသားစုဝင်များက ငွေများလွှဲပေးခဲ့၍ ယနေ့ည ၈ နာရီခန့်တွင် ပေါက်တောမြို့နယ်၊ ဆင်တက်မော်ကျေးရွာအနီးရှိ မွတ်ဆလင်ကျေးရွာတစ်ရွာတွင် လူပွဲစားများက ချထားခဲ့ကြောင်း ကာယကံရှင်များကပြောသည်။

 

"ကျနော်တို့က ကျပန်းအလုပ်သမားတွေ၊ ပိုက်ဆံမရှိတဲ့ကြားက ပေးလိုက်ရပါတယ်။ အထူးအခက်အခဲဖြစ်ကြပါတယ်" ဟုပြောသည်။

 

၎င်းမွတ်ဆလင် အလုပ်သမား ၇ ဦးအား ခေါ်ဆောင်သွားသည့် လူပွဲစား ၃ ဦးမှာ အသက်လေးဆယ်ဝန်းကျင် အရွယ် ရခိုင်အမျိုးသားများဖြစ်သည်ဟု ဆိုသည်။

 

အဆိုပါဖြစ်စဉ်ကြောင့် အောင်မင်္ဂလာရပ်ကွက်ရှိ မွတ်ဆလင်အမျိုးသားများမှာ ကျပန်းအလုပ် လုပ်ကိုင်ရန်ပင် စိုးရိမ်နေကြကြောင်း ဒေသခံမွတ်ဆလင်တစ်ဦးကပြောသည်။

 

"အခုတစ်ရွာလုံးက စိုးရိမ်နေကြတာပါ။ ဒီနေ့တောင်မှ အလုပ်မသွားကြတော့ဘူး။ ကျပန်းအလုပ် လုပ်နေကြတဲ့အထဲ ဒီလိုကိစ္စတွေဖြစ်တော့ အကုန်လုံးကကြောက်သွားကြပြီ" ဟုပြောသည်။

 

စစ်တွေမြို့၊ အောင်မင်္ဂလာရပ်ကွက်ရှိ ကြုံရာကျပန်းလုပ်ကိုင်ကြသော မွတ်ဆလင်များသည် ယင်းရပ်ကွက်ကပ်ရပ်ရှိ မောလိပ်ခွဆုံတွင် အလုပ်လာခေါ်ရန် စောင့်မျှော်လေ့ရှိကြပြီး ယခုဖြစ်ရပ်ကြောင့် စိုးရိမ်ထိတ်လန့်နေကြသည်ဟု ဒေသခံမွတ်ဆလင်များကပြောသည်။

(NN-8)

ဓာတ်ပုံ-ပေးပို့

ဆက်စပ် သတင်းများ