ကြာသပတေး၊ မေလ ၉ရက်၊ ၂၀၂၄

ရမ်းဗြဲ လေးတောင်မြို့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး ရာထူးမှနှုတ်ထွက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ အောက်တိုဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 867

(စစ်ရေးတင်းမာလာပါက ဘေးကျပ်နံကျပ်အခြေအနေများရှိ၍ ရခိုင်မှ အုပ်ချုပ်ရေးမှူးများ နှုတ်ထွက်နေခြင်းဟုဆို)

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ လေးတောင်မြို့မှ ရပ်ကွက်အုပ်ချုပ်ရေးတစ်ဦး ရာထူးမှနှုတ်ထွက်စာတင်၍ နှုတ်ထွက်သွားကြောင်း သိရသည်။

ယင်းသို့ နှုတ်ထွက်သွားသူမှာ လေးတောင်မြို့၊ အမှတ်(၅)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအေးလွင်ဖြစ်ပြီး အောက်တိုဘာလ ၂၇ ရက်က ရမ်းဗြဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထံ နှုတ်ထွက်စာတင်၍ နှုတ်ထွက်သွားခြင်းဖြစ်ကြောင်းသိရသည်။

ဦးအေးလွင်က "ကျွန်တော်နှုတ်ထွက်လိုက်တာ ဟုတ်ပါတယ်" ဟု နိရဥ္စရာသို့ အတည်ပြုပြောသည်။

မည်သည့်အခြေအနေကြောင့် နှုတ်ထွက်ခဲ့ရသည်ကိုမူ သူက မဖြေကြားလိုကြောင်း ပြောဆိုသည်။

ရခိုင်ပြည်တွင် အပစ်ရပ်ထားသည့်တစ်နှစ်ပြည့်ဝန်းကျင်တွင် နှစ်ဖက်စစ်ရေးတင်းမာမှုများရှိလာနေ၍ ရပ်ကျေးအုပ်ချုပ်ရေးမှူးများမှာ နှစ်ဖက်ဘေးကျပ်နံကျပ်အခြေအနေများရှိလာနိုင်သောကြောင့် ရာထူးမှနှုတ်ထွက်နေကြသည်ဟု ရခိုင်ဒေသခံများက ပြောသည်။

ရမ်းဗြဲမြို့နယ်ဒေသခံ လူမှုတက်ကြွလှုပ်ရှားသူအမျိုးသားတစ်ဦးက "တိုက်ပွဲဖြစ်လာပြီ။ စစ်ရေးတင်းမာလာပြီဆိုရင် သူတို့အုပ်ချုပ်ရေးမှူးတွေက ဟိုဘက်အဖွဲ့နဲ့ ဒီဖက်အဖွဲ့ကြား အနေအထိုင်ကျပ်တာကြောင့် သူတို့တွေနှုတ်ထွက်နေကြတာလို့ ကျွန်တော်တို့ သုံးသပ်လို့ရပါတယ်။ နောက်လည်း အုပ်ချုပ်ရေးမှူးတွေလည်းနှုတ်ထွက်လာနိုင်သေးတယ်" ဟု ပြောသည်။

ရမ်းဗြဲမြို့နယ်တွင်လည်း စစ်ကောင်စီကစစ်ရေးလှုပ်ရှားမှုများ၊ စစ်ကောင်စီတပ်များရွာများ ထဲဝင်ရောက်သွားလာမှုများရှိနေကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့အောက်တိုဘာလ ၂၇ ရက်၊ မနက် ၁၀ နာရီအချိန်က လက်နက်အပြည့်အစုံနှင့် အင်အား ၁၉ ဦးခန့်ပါသည့် စစ်ကောင်စီတပ်သည် ရမ်းဗြဲမြို့နယ်၊ သစ်ပုတ်တောင်ကျေးရွာထဲသို့ ဝင်ရောက်တပ်စွဲသွားခဲ့ကြောင်း ကျေးရွာသားတစ်ဦးက ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ရက္ခိုင့်တပ်တော် (AA)ပါဝင်သည့် ညီနောင်မဟာမိတ်(၃)ဖွဲ့က စစ်အာဏာရှင်အမြစ်ပြတ်ရေး ၁၀၂၇ စစ်ဆင်ရေးကြေညာပြီး မြို့သိမ်းတိုက်ပွဲများဆင်နွှဲနေသလို ရခိုင်ပြည်တွင်း၌လည်း စစ်ကောင်စီက စစ်အင်အားပြမှုများဆက်တိုက်ပြုလုပ်လာ၍ ရခိုင်စစ်မျက်နှာပြန်ပွင့်လာနိုင်ကြောင်း စစ်ရေးလေ့လာသုံးသပ်သူများနှင့် ပြည်သူများက ပြောသည်။

ပြီးခဲ့သည့်စက်တင်ဘာလ ၂၉ ရက်ကလည်း ပုဏ္ဏားကျွန်းမြို့ပေါ်ရပ်ကွက် ၄ ခုမှ အုပ်ချုပ်ရေးမှူးများမှာ "ကျန်းမာရေးမကောင်း၊ အသက်ကြီးပြီ" ဟုအကြောင်းပြကာ နှုတ်ထွက်စာတင်၍ နှုတ်ထွက် သွားခဲ့ကြသည်။

ရခိုင်တွင် ၂ဝ၁၈ ခုနှစ်မှစတင်ဖြစ်ပွားခဲ့သည့် AA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ ပြင်းထန်နေခဲ့ချိန်ကလည်း ကျောက်တော်၊ မြောက်ဦး၊ ရသေ့တောင်၊ မောင်တောစသည့်မြို့နယ်များမှ ကျေးရွာအုပ်ချုပ်ရေးမှူးများ အစုလိုက်အပြုံလိုက် နှုတ်ထွက်သွားခဲ့ကြသည်။ (NN-23)

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!