သောကြာ၊ မေလ ၁၀ရက်၊ ၂၀၂၄

စစ်တွေက DMG ရုံး ဝင်ရောက်စီးနင်းခံရ၊ သတင်းထောက်တစ်ဦးနှင့် ညစောင့်ဝန်ထမ်းတစ်ဦး ဖမ်းဆီးခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ အောက်တိုဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.3k

ရခိုင်ပြည်နယ်၊ စစ်တွေမြို့အခြေစိုက် Development Media Group (DMG) သတင်းဌာနရုံးကို ယနေ့ နံနက်က  စစ်တပ်နှင့် ရဲပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်စီးနင်းသွားခဲ့ကြောင်း DMG သတင်းဌာန၏ တာဝန်ရှိသူတစ်ဦးကပြောသည်။

ယနေ့နံနက် ၉ နာရီကျော်ခန့်တွင် ရဲကားသုံးစီးနှင့် အင်အား  ၁၀ ကျော်ခန့်ရှိသော ရဲ၊စရဖ၊ စစ်တပ်ပူးပေါင်အဖွဲ့က ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး ဝင်ရောက်စီးနင်းစဉ် ရုံးတွင်ရှိနေသည့် ညစောင့်ဝန်ထမ်းတစ်ဦးတို့လည်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ဖမ်းဆီးခံရသူမှာ ညစောင့်ဝန်ထမ်းမှာ ကိုစိုးဝင်းအောင် ဖြစ်သည်။

စစ်သားများသည် DMG သတင်းဌာနမှ  သတင်းထောက်ကိုထက်အောင်ကို ယနေ့နံနက် ၈ နာရီကျော်ခန့်က စစ်တွေမြို့ ဆွမ်းတော်ကြီးလောင်းလှူပွဲသို့ သတင်းဓာတ်ပုံသွားရိုက်စဉ် ယင်းနေရာမှ ဖမ်းခေါ်သွားပြီး  DMG ရုံးကို ပြခိုင်းကာ ရုံးကို စီးနင်းခဲ့ခြင်း ဖြစ်သည်ဟု သတင်းဌာနတာဝန်ရှိသူတစ်ဦးကပြောသည်။

“ဖမ်းဆီးခံရသူ သတင်းထောက် ကိုထက်အောင်ကို မနက်တုန်းက ဆွမ်းတော်ကြီးလောင်းပွဲကို သတင်းဓာတ်ပုံသွားရိုက်တုန်းက စစ်သားတွေက ဖမ်းပြီးတော့ ရုံးကိုတစ်ခါတည်းခေါ်သွားတာ။ ရုံးက ပစ္စည်းတွေအကုန်သိမ်းတယ်။ ဘဏ်စာအုပ်တွေရောပဲ။ ရုံးက ညစောင့်ကိုပါ ဖမ်းသွားတယ်။ ပွဲမှာဓာတ်ပုံသွားရိုက်တာကို စစ်သားတွေက ဂွင်နဲ့စောင့်နေတာ ထင်တယ်” ဟု သူကပြောသည်။

အဆိုပါသတင်းထောက်အား ဖမ်းဆီးပြီးနောက်တွင် ရုံးနေရာကိုလမ်းညွှန်ခိုင်းပြီး DMGရုံးတစ်ခုလုံးကို ဝင်ရောက်စီးနင်းကာ ရုံးကိုလည်း ချိတ်ပိတ်ခဲ့သည်ဟု DMG သတင်းဌာန တာဝန်ရှိသူကပြောသည်။

ထို့အပြင် ရုံးရှိ ကွန်ပျူတာ၊ ကင်မရာများနှင့် ရုံးသုံးပစ္စည်းများကိုလည်း စစ်ကောင်စီက သိမ်းဆည်းသွားခဲ့ည်ဟု ရုံးတာဝန်ရှိသူက နိရဉ္စရာသို့ ပြောသည်။

ဖမ်းဆီးခံရသည့် သတင်းထောက်ကိုထက်အောင်၏ အိမ်ကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယနေ့နေ့လည်တွင် ရောက်ရှိလာခဲ့သည်ဟု မိသားစုဝင်တစ်ဦးကပြောသည်။

"သူက ရုံးပိတ်ရက်ပေမယ့် ရုံးမှာ ညစောင့်တစ်ယောက်နဲ့အတူရှိနေတာ။ နှစ်ယောက်လုံးကို ဖမ်းသွားတယ်။ရုံးကိုလည်းချိတ်ပိတ်သွားတယ်" ဟုပြောသည်။

ယခုကဲ့သို့ သတင်းထောက်ကို ဖမ်းဆီးခေါ်ဆောင်ကာ သတင်းဌာနအား ဝင်ရောက်စီးနင်းခြင်းသည် မီဒီယာလွတ်လပ်ခွင့်နှင့် ပြည်သူများ၏ သတင်းသိပိုင်ခွင့်ကို ပိတ်ပင်ရာရောက်သည်ဟု DMG သတင်းဌာန တာဝန်ရှိကပြောသည်။

“အဓိကကတော့ မီဒီယာရဲ့လွတ်လပ်ခွင့်၊ ပြည်သူတွေရဲ့ သတင်းသိပိုင်ခွင့်ကို ပိတ်ပင်ရာကျတယ်ပေါ့။ ဒါတွေကို မလုပ်သင့်ဘူး။ ရခိုင်ပြည်မှာလည်း DMG ဆိုတာကလည်း သတင်းမှန်ကန်မှုအပေါ်မှာ အဓိက ဘက်ပေါင်းစုံက  အသံအစုံနဲ့ လုပ်နေတဲ့ သတင်းဌာနဖြစ်တယ်။ အစိုးရဘက်က အသံလည်း ပါအောင်၊ ဒီဘက်က အသံလည်းပါအောင်လုပ်နေတာကို ဒီလိုလုပ်တယ်ဆိုတာက မကောင်းဘူးပေါ့။ သူတို့ဟာ ပြည်တွေရဲ့ မျက်စိနဲ့ နားကို အားလုံးပိတ်ပင်ရာ ရောက်တယ်။ ဆုံးရှုံးမှုတွေအများကြီးရှိတယ် DMG ဒီလိုဖြစ်သွားတယ်ဆိုတော့။ နောက်ပိုင်းလည်း လုပ်ဖို့ကိုင်ဖို့ အခက်အခဲတွေ အများကြီးဖြစ်သွားတယ်။ ဒီဟာဟာ သတင်းလုပ်နေတဲ့ သတင်းလောက တစ်ခုလုံးကိုလည်း ဂယက်ရိုက်စေတယ်” ဟုပြောသည်။

လက်ရှိတွင် DMG သတင်းဌာနမှ ဖမ်းဆီးခံရသူနှစ်ဦးကို စစ်တွေမြို့ အမှတ်(၁)ရဲစခန်းတွင် ထိန်းသိမ်းထားသည်။

ဆက်စပ် သတင်းများ