ကြာသပတေး၊ မေလ ၉ရက်၊ ၂၀၂၄

စစ်ကိုင်းတိုင်းတွင် AAနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ အောက်တိုဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.5k

(ယနေ့အချိန်ထိ အပြန်အလှန်ထိုးစစ်များဖြင့် တိုက်ပွဲအရှိန်မြင့်တက်နေဟုဆို)

 

၁၀၂၇ စစ်ဆင်ရေးစတင်သည့် အောက်တိုဘာ ၂၇ ရက်မှစပြီး  စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်တွင်လည်း ရက္ခိုင့်တပ်တော် ( AA) နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေကြောင်း ညီနောင်မဟာမိတ် ၃ဖွဲ့၏ အောက်တိုဘာ ၃၀ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

 

၎င်းတိုက်ပွဲများမှာ စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ မော်ကွန်းတောင် အနောက်ဖက်တောင်ရိုး တလျှောက်၌ ယနေ့ အချိန်ထိ ရင်ဆိုင်တိုက်ပွဲများ၊ ကြိုကြားကြိုကြား ဖြစ်ပွားလျက်ရှိ ကြောင်း၊ အပြန်အလှန်ထိုးစစ်ဆင် တိုက်ခိုက်မှုများနှင့် အတူ တိုက်ပွဲအရှိန် ဆက်လက်မြင့်တက်နေကြောင်းလည်း ကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

 

တိုက်ပွဲမှာ စစ်ဆင်ရေး ပထမနေ့ဖြစ်သော ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၇) ရက်နေ့၊ နံနက် (၈) နာရီ (၂၂) မိနစ်တွင် စတင်ခဲ့ကာ  ယခုတိုက်ပွဲ ဖြစ်ပွားနေသော နေရာသည် စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှု အများဆုံးသော နေရာများထဲမှတစ်ခုလည်း ဖြစ်ပြီး စစ်ကောင်စီဖက်မှ ထိခိုက် ကျဆုံးမှုများခဲ့သလို မိမိတို့ဖက်မှလည်း အထိအခိုက်၊ အကျအဆုံး အချို့ရှိနေသည်ဟု ဆိုသည်။

 

 (၁၀၂၇ စစ်ဆင်ရေး) စတင်သည့်အချိန်တွင် ရက္ခိုင့်တပ်တော် (AA) အနေဖြင့် ကိုးကန့်၊ တအာင်းညီနောင် မဟာမိတ်များနှင့် အတူသာမက ကချင်အပါအဝင် အခြားသောမဟာမိတ်များရှိရာ နေရာဒေသများ၊ စစ်ဆင်ရေး၏ အရေးကြီးသောနေရာများနှင့် စစ်ဆင်ရေးကို အထောက်အပံ့ဖြစ် စေသောနေရာများတွင် စစ်ကောင်စီ၏တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားနေကြောင်းဖြင့်လည်း ထုတ်ပြန်ထားသည်။

 

 ထို့အပြင် ရက္ခိုင့်တပ်တော်အခြေစိုက် လှုပ်ရှားသောနေရာများထဲမှတစ်ခုဖြစ်သော ကချင်ပြည်၊ လိုင်ဇာဌာနချုပ် ပတ်ဝန်းကျင်အနီး တိုက်ပွဲ များ၌လည်း အေအေမှ အာရက္ခစစ်သည်တော်များ သည် မဟာမိတ်များနှင့်အတူ  ဟန်ချက်ညီပူးပေါင်းစစ်ဆင်ရေးများကို ဆက်တိုက်ဆင်နွှဲနေကြောင်း သိရသည်။

 

မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော်ကိုးကန့်(MNDAA) ၊ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA) ၊ ရက္ခိုင့်တပ်တော်(AA) ညီနောင်မဟာမိတ်သုံးဖွဲ့ မှ အောက်တိုဘာ ၂၇ ရက်နေ့က ၁၀၂၇ ပူးပေါင်းစစ်ဆင်ရေးကြေညာချက် ထုတ်ပြန်ပြီး ဒုတိယရက် (အောက်တိုဘာ ၂၈) ရက်တွင် MNDAA မှ အာဏာသိမ်း စစ်ကောင်စီ၏ တပ်စခန်း(၁၅)ခု ကို သိမ်းယူနိုင်ခဲ့ကာ နောက်ထပ် စခန်းများကိုလည်း တစ်ခုပြီး တစ်ခု သိမ်းယူနေရာ လက်ရှိအချိန်ထိ ညီနောင်မဟာမိတ် ၃ ဖွဲ့မှ သိမ်းပိုက်မိ ရရှိသည့် စခန်းမှာ ၄၀ ကျော်သွားပြီဟု သိရသည်။  (NN-11)



ဆက်စပ် သတင်းများ