ကြာသပတေး၊ မေလ ၉ရက်၊ ၂၀၂၄

ရခိုင်တွင် စစ်မျက်နှာပြန်ပွင့်လာနိုင်၍ နယ်ဘက်မှ ဒေသခံများ ဗုံးခိုကျင်းများ တူးနေရ


  • ရေးသူ: Web Master (NN 12)
  • | ရက်စွဲ: ၀၁ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 779

ရခိုင်တွင် စစ်မျက်နှာပြန်ပွင့်လာနိုင်သည့်အတွက် နယ်ဘက်မှ ဒေသခံပြည်သူများမှာ နေအိမ်များအတွင်း ဗုံးခိုကျင်းများနှင့် အကာအကွယ်များ ကြိုတင်လုပ်ဆောင်နေကြရပြီဟု သိရသည်။

ရက္ခိုင့်တပ်တော်(AA)၊ တအာန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)နှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တို့သည် စစ်ကောင်စီတပ်များအား  ၁၀၂၇ စစ်ဆင်ရေးဖြင့် ပူးတွဲဆင်နွှဲတိုက်ခိုက်လျက်ရှိနေသည်။

အဆိုပါ စစ်ဆင်ရေးတွင် ရက္ခိုင့်တပ်တော်(AA)လည်း ပါဝင်နေ၍ ရခိုင်တွင် စစ်မျက်နှာပြန်ပွင့်လာနိုင်သည့်အတွက် နယ်ဘက်ရှိ ဒေသခံပြည်သူများအနေဖြင့် ဗုံးခိုကျင်းနှင့် အကာအကွယ်များကို ကြိုတင်ပြင်ဆင်နေခြင်းဖြစ်သည်ဟု ပုဏ္ဏားကျွန်းမြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။

"ဗုံးခိုကျင်းတွေကတော့ ဟိုအရင်ကတည်းက တူးခိုင်းထားတာတွေရှိတယ်ပေါ့နော်။ အခုလည်း ပြည်မဘက်ကစစ်ဆင်ရေးတိုက်ပွဲတွေကြောင့် ဘယ်လိုတွေဖြစ်လာမလဲဆိုတာတော့ မပြောတတ်ဘူး။ ဗုံးခိုကျင်းတွေတူးကြတယ်။ လုံခြုံအောင်ပြင်ဆင်ကြတယ်။ ပြီးတော့ သဲအိတ်တို့၊ ကျောက်အိတ်တို့ကို အကာအကွယ်တွေအဖြစ်လုပ်နေကြတာတွေတော့ရှိတယ်" ဟု ပြောသည်။

စစ်မျက်နှာပြန်ပွင့်လာနိုင်၍ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ ခမောင်းတော၊ ယိုးတရုတ်၊ အစရှိသည့်ကျေးရွာအများအပြားနှင့် ကျောက်တော်မြို့နယ်အတွင်းရှိ ကန်စောက်၊ ပန်းဖဲချောင်း၊ ချောင်းတူစသည့် ကျေးရွာအများအပြားမှ ဒေသခံများသည် တိုက်ပွဲပြန်ဖြစ်မည်ကို စိုးရိမ်သည့်အတွက် ဗုံးခိုကျင်းနှင့် အကာအကွယ်များကို ကြိုတင်လုပ်ဆောင်ထားကြခြင်းဖြစ်သည်ဟုလည်း သိရသည်။

ကျောက်တော်မြို့နယ်မှ ဒေသခံတစ်ဦးက "ဒေသခံတွေအနေနဲ့တော့ ဒီဗုံးခိုကျင်းတူးပြီး ကာကွယ်ရတာပဲရှိတာလေ။ တချို့ရွာက ရွာသားတွေဆို လုံခြုံမယ်လို့ထင်ရတဲ့ တခြားရွာတွေကို ပစ္စည်းတွေပြောင်းရွေ့ထားတယ်။ တစ်ခုခုဆို ချက်ချင်းပြောင်းရွေ့လို့ရအောင်ပေါ့။ တချို့တွေကျတော့လည်း မဖြစ်သရွေ့ အရေးတယူမလုပ်ကြတာလည်းရှိတယ်။ ပေါ့ပေါ့ပျက်ပျက်နဲ့ပေါ့" ဟု ပြောသည်။

ယင်းအပြင် ရခိုင်တွင် စစ်မျက်နှာပြန်ပွင့်၍ တိုက်ပွဲများဖြစ်ပွားလာပါက ယခင်ကထက် ပိုမိုပြင်းထန်သည့် တိုက်ပွဲများဖြစ်လာနိုင်သလို ဒေသခံပြည်သူများအနေဖြင့်လည်း အထူးဂရုစိုက်ကြရန်လိုအပ်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူများက သုံးသပ်ပြောဆိုထားသည်။

ကျောက်တော်မြို့နယ်မှ ဒေသခံတစ်ဦးက "ပွင့်ပွင့်လင်းလင်းပြောရရင်တော့ တိုက်ပွဲတွေထပ်ဖြစ်လာရင် တစ်ခါတည်း အဆုံးသတ်တိုက်ပွဲတွေဖြစ်စေချင်တယ်။ ဘာလို့လဲဆိုတော့ ဟိုဟာစိုးရိမ်ရ၊ ဒီဟာစိုးရိမ်ရနဲ့ နေရမယ့်တူတူ လာမယ့်ဘေးကို ကြိုတင်ပြီး ရင်ဆိုင်လိုက်တာက အကောင်းဆုံးလို့ထင်တယ်။ အဆုံးသတ်တိုက်ပွဲဖြစ်ရင်တော့ ပိုကောင်းတာပေါ့" ဟုပြောသည်။

ရခိုင်တွင် ရက္ခိုင်တပ်တော်(AA)နှင့်စစ်ကောင်စီတပ်တို့သည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေးကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလက ရပ်စဲခဲ့သည်။

သို့သော်လည်း စစ်ကောင်စီက ရခိုင်တွင် စစ်အင်အားဖြည့်တင်းခြင်း၊ ရိက္ခာဖြည့်တင်းခြင်းအပြင် စစ်ရေးလှုပ်ရှားမှုများနှင့် လက်နက်ကြီးများစမ်းသပ်ပစ်ခတ်ခြင်းတို့ကို မကြာခဏဆိုသလိုပြုလုပ်လျက်ရှိသည်။

ရခိုင်ရှိ ကုန်းလမ်း၊ ရေလမ်းတို့တွင်လည်း စစ်ကောင်စီက ယခုအချိန်ထိ စစ်ဆေးမှုများကို တင်းတင်းကျပ်ကျပ်ပြုလုပ်နေဆဲဖြစ်ကာ အချိန်ကြာမြင့်စွာ စစ်ဆေးခြင်းကြောင့် ဒေသခံတချို့ အသက်သေဆုံးသည်အထိ ရှိခဲ့သည်။(NN-12)

ဆက်စပ် သတင်းများ