ကြာသပတေး၊ မေလ ၉ရက်၊ ၂၀၂၄

ဘူးသီးတောင်အကျဥ်းထောင်မှ ဘင်္ဂလားဒေ့ရှ်အကျဉ်းသား ၈ဦးထွက်ပြေးလွတ်မြောက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 945

ရခိုင်ပြည်နယ်၊ဘူးသီးတောင်မြို့ အကျဉ်းထောင်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၈ ဦး ထွက်ပြေး လွတ်မြောက်သွားကြောင်း သတင်းရရှိသည်။

၎င်းသူများသည် ပြည်မဖက်တွင် လဝကအမှုဖြင့်ထောင်ချခံခဲ့ရပြီးနောက်  ဘင်္ဂလားဒေ့ရှ်သို့ လွှဲပြောင်းရန်  ဘူးသီးတောင်ထောင်သို့ ပို့ဆောင်ထားစဉ်  ယမန်နေ့ နိုဝင်ဘာ၁ ရက်နေ့ ညနေ ၃ နာရီကျော်ခန့်တွင် အကျဉ်းထောင်မှ ထွက်ပြေးလွတ်မြောက်သွားသည်ဟု အကျဥ်းထောင်နှင့်နီးစပ်သူ ဘူးသီးတောင်မြို့ခံတစ်ဦးက နိရဥ္စရာသတင်းဌာနကိုပြောသည်။

” မနေ့ကညနေကထွက်ပြေးသွားတာမှန်တယ်။ သူတို့က ပြည်မဖက်က ထောင်ကျပြီး ဒီဘက် အကျဥ်းထောင်ကို သူတို့ဘက်က ပို့ပေးလိုက်တာပါ။ သူတို့ကို လွတ်လွတ်လပ်လပ်ထားတာပါ။ တစ်ဖက်နိုင်ငံကို မလွှဲခင် ထွက်ပြေးသွားကြတာလို့ သိရပါတယ်” ဟုပြောသည်။

ထွက်ပြေးသွားသည့်   ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများမှာ အသက်  ၂၀နှင့် ၃၀ အရွယ်အမျိုးသားများ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၈ ဦးမှာ မလေးရှားနိုင်ငံသို့ မြန်မာပြည်ကို ဖြတ်ပြီး တရားမဝင် သွားရာတွင်  ပြည်မဖက်တွင် ဖမ်းဆီးခံခဲ့ရသူများဖြစ်ကြပြီး  လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေ လ၀ကအက်ဥပဒေ ၁၃(၁) အမှုဖြင့် တရားစွဲဆိုခံရပြီး ထောင်ကျခဲ့သူများဖြစ်ကြောင်းသိရသည်။

ယင်းသို့ထောင်ကျခဲ့ပြီးနောက် စစ်ကောင်စီ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွှတ်လာသူများ ဖြစ်ကြသည်။

အဆိုပါ ထွက်ပြေးသွားသည့် အမျိုးသား ၈ဦးကို စစ်ကောင်စီ သက်ဆိုင်ရာ တာဝန်ရှိသူများက လိုက်လံ ရှာဖွေနေကြောင်းသိရသည်။

ပြီးခဲ့အောက်တိုဘာ ၃ ရက် နေ့ကမြန်မာနိုင်ငံရှိ အကျဥ်းထောင်အသီးသီးကနေ ပြန်လည် လွတ်မြောက်လာသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂၉ ဦးကို မောင်တောမြို့ POE  ဝင်/ထွက် ဆိပ်ကမ်းမှ ဘင်္ဂလားအစိုးရထံ လွှဲပြောင်းပေးအပ်လိုက်ကြောင်း သိရသည်။

၎င်းသူ ၂၉ ဦးမှာ မြန်မာနိုင်ငံ အကျဥ်းထောင်အသီးသီးမှ လွတ်မြောက်လာသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၉၈ ဦး အထဲမှဖြစ်ပြီး ဘင်္ဂလားဒေ့ရှ် အစိုးရက စိစစ်လက်ခံခဲ့ပြီးနောက် ပြန်လည် ပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁ ရက်နေ့က စစ်ကောင်စီ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ အမျိုးသား ၁၀၈ ဦးနှင့် အမျိုးသမီး ၃ ဦး စုစုပေါင်း ၁၁၁ ဦးအား အကျဉ်းထောင်အသီးသီးမှ ပြန်လွတ်မြောက်လာခဲ့သည်။

၎င်းဘင်္ဂလားဒေ့ရှ်နိုင်ငံသားများအား  နှစ်နိုင်ငံ လွှဲပြောင်းလက်ခံရေး အစီအစဉ်ဖြင့်  ဆောင်ရွက်သွားမည်ဖြစ်ပြီး ထိုသို့ မလွှဲပြောင်းမီကာလအတွင်း ဘူးသီးတောင် အကျဉ်းထောင်၌ ခေတ္တယာယီထိန်းသိမ်းထားကြောင်း စစ်ကောင်စီက သြဂုတ်လ ၁၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ဆက်စပ် သတင်းများ