ဗုဒ္ဓဟူး၊ မေလ ၈ရက်၊ ၂၀၂၄

မွတ်ဆလင်ဒုက္ခသည်များ ပြန်လည်လက်ခံရေး မြန်မာကိုယ်စားလှယ်အဖွဲ့ ဘင်္ဂလာဒေ့ချ်ရှိ ဒုက္ခသည်များနှင့် နှစ်ရက်ဆက်တိုက် သွားရောက်တွေ့ဆုံ


  • ရေးသူ: Web Master (NN 14)
  • | ရက်စွဲ: ၀၂ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 533

ဘင်္ဂလာဒေ့ချ်နိုင်ငံကို ထွက်ပြေးသွားသည့် မွတ်ဆလင်ဒုက္ခသည်များကို ပြန်လက်ခံရေး အစီအစဉ်နှင့်ပတ်သက်ပြီး မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဘင်္ဂလာဒေ့ချ်ရှိ ဒုက္ခသည်များနှင့် နှစ်ရက်ဆက်တိုက် သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။

မြန်မာကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာလ ၃၁ ရက်နှင့် နိုဝင်ဘာလ ၁ ရက်များတွင် ဘင်္ဂလာဒေ့ချ်နိုင်ငံ၊ တက်ကနက်မြို့တွင် မွတ်ဆလင်ဒုက္ခသည်များနှင့် သွားရောက် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

အောက်တိုဘာလ ၃၁ ရက်နေ့က ရခိုင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးမှူး ဦးစိုးနိုင် ခေါင်းဆောင်သည့် အဖွဲ့ဝင် ၃၄ ဦးပါ ကိုယ်စားလှယ်အဖွဲ့မှာ တက်ကနက်မြို့တွင် အိမ်ထောင်စု တစ်ရာခန့်မှ အိမ်ထောင်ဦးစီးများနှင့် တွေ့ဆုံဆွေးနွေးခဲ့သော်လည်း တစ်စုံရာ ဆုံးဖြတ်ချက် မချနိုင်ဘဲ ယင်းနေ့ညနေတွင် မောင်တောမြို့သို့ ပြန်လာခဲ့သည်ဟု သိရသည်။

အလားတူ နိုဝင်ဘာလ ၁ ရက်၊ နံနက် ၈ နာရီကျော်တွင်လည်း ရေလမ်းခရီးဖြင့် အဖွဲ့ဝင် (၂၆) ဦးပါ မြန်မာကိုယ်စားလှယ်အဖွဲ့သည် တက်ကနက်မြို့ကို ဒုတိယအကြိမ် သွားရောက်ပြီး ဒုက္ခသည်တချို့နှင့် တွေ့ဆုံခဲ့ကြောင်း မောင်တောမြို့ခံတစ်ဦးက ပြောသည်။

ပထမနေ့က သွားတွေ့တာ အဆင်မပြေဘူးထင်တယ်။ နောက်ထပ် မနေ့ကသွားတဲ့ အဖွဲ့မှာတော့ ၂၆ ယောက်ပါ တယ်လို့သိရတယ်။ အဲဒီက ဒုက္ခသည်တချို့စာရင်းတွေကို တိုက်ဆိုင် စစ်ဆေးတာတွေ လုပ်ခဲ့တယ်လို့တော့ကြားတယ်။ အသေးစိတ်တော့ မသိဘူး။ ညနေ ၄ နာရီလောက်မှ ပြန်ရောက်ကြတယ်”ဟု ပြောသည်။

အောက်တိုဘာလ (၃၁) ရက်နေ့က သွားရောက်ခဲ့သည့် ကိုယ်စားလှယ်အဖွဲ့ဝင် (၃၄) ဦးသည် ၂ ဖွဲ့ခွဲလိုက်ပြီး တစ်ဖွဲ့သည် ဒုက္ခသည်မိသားစု ၆၀ စာရင်းများကို စိစစ်ခဲ့ရကာ ကျန်တစ်ဖွဲ့သည် ဒုက္ခသည်မိသားစု ၁၀၀ ခန့်မှ အိမ်ထောင်ဦးစီးများနှင့် တွေ့ဆုံ၍ နေရပ်ပြန်ရေးကိစ္စများကို ဆွေးနွေးခဲ့ကြသည်ဟုသိရသည်။

မွတ်ဆလင်ဒုက္ခသည်များပြန်လည် လက်ခံရေးနှင့်ပတ်သတ်ပြီး လွန်ခဲ့သည့်နှစ် မတ်လ (၁၅) ရက်နှင့် မေလ (၂၃) ရက်နေ့တို့တွင်လည်း မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဘင်္ဂလာဒေ့ချ်နိုင်ငံသို့ သွားရောက်ပြီး ဒုက္ခသည်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

အလားတူ မေလ (၅) ရက်နေ့ကလည်း မွတ်ဆလင်ဒုက္ခသည်များအပါအဝင် အဖွဲ့ဝင် (၂၀) ဦးပါ၀င်သည့် ဘင်္ဂလားဒေ့ချ်ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့သည် ရခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ ဒုက္ခသည်များ ပြန်လည်လက်ခံရေးစခန်း များဖြစ်ကြသည့် ငခူရ၊ တောင်ပြို လက်ဝဲနှင့် လှဖိုးခေါင်စသည့် စခန်းများကို လာရောက်လေ့လာခဲ့ကြသည်။

၂၀၁၇ ခုနှစ်က ရခိုင်ပြည်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် ARSA လက်နက်ကိုင်အဖွဲ့က မြန်မာနယ်ခြားစောင့်စခန်းများကို
 တိုက်ခိုက်ခဲ့ပြီးနောက် မြန်မာစစ်တပ် နယ်မြေရှင်း လင်းမှုကြောင့် သိန်းနှင့်ချီသည့် မွတ်ဆလင်များမှာ ဘင်္ဂလာဒေ့ချ်နိုင်ငံသို့ ထွက်ပြေးခိုလှုံခဲ့ကြသည်။

၂၀၁၈ ခုနှစ်တွင် ဘင်္ဂလာအစိုးရက မွတ်ဆလင်ဒုက္ခသည် (၈) သိန်းကျော်စာရင်းကို မြန်မာဘက်သို့ ပေးပို့ထားပြီး ယင်းအထဲမှ ၁၀၁၀၀၀ (တစ်သိန်း တစ်ထောင်) ကျော်စာရင်းကို မြန်မာဘက်မှ စိစစ်လက်ခံခဲ့ကြောင်း သိရှိရသည်။

လက်ရှိအချိန် ဘင်္ဂလာဒေ့ချ်နိုင်ငံ၊ ကောစ့်ဘာဇားခရိုင်၊ တက်ကနက်နှင့် အိုးခီးယားမြို့နယ်ရှိ
 ဒုက္ခသည်စခန်း ၃၃ ခုတွင် မွတ်ဆလင်ဒုက္ခသည် ၁၂ သိန်းကျော် နေထိုင်နေကြပြီး လွန်ခဲ့သည့် ၆ နှစ်အတွင်း ဒုက္ခသည် တစ်ဦး တစ်ယောက်မျှ တရားဝင် ပြန်လာခြင်း မရှိသေးကြောင်း သိရှိရသည်။

ဓာတ်ပုံ - မွတ်ဆလင်ဒုက္ခသည်များ ပြန်လည်လက်ခံရေး မြန်မာကိုယ်စားလှယ်အဖွဲ့ မေလအတွင်း ဘင်္ဂလာဒေ့ချ်နိုင်ငံသို့ သွားရောက်ခဲ့စဥ်။ (Photo - MOI)

 

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!