ကြာသပတေး၊ မေလ ၉ရက်၊ ၂၀၂၄

မြောက်ဦးရှိ မကျွတ်မလွတ်သူများအတွက် အကျွတ်အလွတ်ပွဲနှင့် မိုးပေါ်ကျ ကထိန်ပွဲ မြောက်ဦးဆရာတော်ဦးဆောင် ကျင်းပ


  • ရေးသူ: Web Master (NN 08)
  • | ရက်စွဲ: ၀၃ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 566

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ရှိ မကျွတ်မလွတ်သူများအတွက်ရည်ရွယ်၍ မြောက်ဦးဆရာတော် အရှင်ဝါယာမိန္ဒက အကျွတ်အလွတ်ပွဲနှင့် မိုးပေါ်ကျ ကထိန်ပွဲတော်ကို မြောက်ဦးမြို့၌ ယမန်နေ့က ကျင်းပခဲ့သည်။

အဆိုပါကထိန်ပွဲကို ယမန်နေ့ နိုဝင်ဘာလ ၃ ရက်၊ ညနေ သုံးနာရီခန့်တွင် မြောက်ဦးရှိ ရတနာပါလနာရေးကူညီမှုဖောင်ဒေးရှင်းရုံးခန်းတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ယင်းကထိန်ပွဲအပြီးတွင် မြောက်ဦးမြို့၊ မင်းသားကျွန်းသုသာန်၌ မြောက်ဦးမြို့ရှိ မကျွတ်မလွတ်သူများအတွက် ရည်ရွယ်၍ မြောက်ဦးဆရာတော်က အမျှအတမ်းပေးဝေခဲ့ပြီး မေတ္တာဘာဝနာပွားများခဲ့ကြောင်း မြောက်ဦးမြို့ ရတနာပါလနာရေးကူညီမှုအသင်းမှ ဦးသန်းထွန်းက ပြောသည်။

"ကထိန်ပွဲပြီးတာနဲ့ မကျွတ်မလွတ်ပွဲစပါတယ်။ မင်းသားကျွန်းသုသာန်က မကျွတ်မလွတ်တွေကို အကြောင်းပြုပြီးတော့အစာကျွေးတယ်။ အမျှအတမ်းပေးဝေတယ်"ဟုပြောသည်။

ယင်းအပြင် မင်းသားကျွန်းသုသာန်ရှိ အကျွတ်အလွတ်စေတီတော်တွင်လည်း ဆီမီးများထွန်းညှိပြီး မီးရှူးမီးပန်းများ ပစ်ဖောက်ကာ မီးပုံးပျံများလည်း
 လွှတ်တင်ခဲ့သည်။

အဆိုပါကထိန်ပွဲကို မြောက်ဦးဆရာတော် အရှင်ဝါယာမိန္ဒကဦးဆောင်၍ နှစ်စဉ်နှစ်တိုင်းကျင်းပပြုလုပ်တတ်ပြီး ယခုနှစ်တွင် မြောက်ဦးမြို့ရှိ ရတနာပါလနာရေးကူညီမှုအသင်း၊ နန်းရိပ်ကရုဏာအောက်ဆီဂျင်အသင်း၊ ကရုဏာလှိုင်းသွေးလှူရှင်များအသင်းနှင့် ရက္ခပူရသာသနာလင်္ကာရအသင်းတို့ကလည်း ပါဝင်ဆောင်ရွက်ခဲ့ကြသည်။

ဓာတ်ပုံ - မြောက်ဦးဆရာတော် ဝါယာမိန္ဒ

 

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!