ကြာသပတေး၊ မေလ ၉ရက်၊ ၂၀၂၄

ရခိုင်အမျိုးသမီးငယ်များ တရုတ်မယားအဖြစ် ရောင်းစားခံရမှု ပိုများလာ


  • ရေးသူ: Web Master (NN 09)
  • | ရက်စွဲ: ၀၃ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 863

( တရုတ်သားကောင်များဖြစ်လာရသည့် ရခိုင်အမျိုးသမီးငယ်များ)

 ရခိုင်အမျိုးသမီးငယ်အများအပြားသည် တရုတ်နိုင်ငံတွင်ရှိ ယူနန်ပြည်နယ်တွင်တရုတ်မယားအဖြစ် ရောင်းစားခံရမှုများ ပိုများလာနေကြောင်း သတင်းရရှိသည်။

မကြာသေးခင်က  ပြီးခဲ့သည့် အောက်တိုဘာ ၃၀ ရက်နေ့တွင် စစ်တွေနှင့် ကျောက်ဖြူ မှ အသက်၂၀ ကျော် အမျိုးသမီး ၂ ဦးသည်  ယူနန်ပြည်နယ်အတွင်း ရောင်းစားခံရမည့် အခြေအနေဖြင့် ကြုံတွေ့ခဲ့ရကြောင်းသိရသည်။

၎င်းတို့နှစ်ဦးအပါအဝင် တရုတ်မယားအဖြစ် ရောင်းစားခံရခြင်းအဖြစ်မှ ကူညီကယ်ဆယ်ထားသူ စုစုပေါင်း ရခိုင်အမျိုးသမီးငယ် ၆ ဦးအထိ ရှိနေကြောင်း ရခိုင်လူမှုကူညီရေးအသင်း (ရွှေလီမြို့)က နိရဉ္စရာသို့ ပြောသည်။

ရခိုင်လူမှုကူညီရေးအသင်း (ရွှေလီမြို့)မှ တာဝန်ရှိသူတစ်ဦးက “သူတို့နှစ်ယောက်က အောက်တိုဘာ ၂၅ ရက်နေ့ကနေ အလုပ်လုပ်ဖို့ဆိုပြီးတော့ မူဆယ်က ရခိုင်ပွဲစားက ဒီဘက်က ရှမ်းပွဲစားနဲ့ လမ်းကြောင်းချပြီးတော့ ခေါ်လာတယ်။ အလုပ်ရှာမပေးဘဲ အခန်းတစ်ခန်းမှာ ပိတ်ထားတယ်လို့ သိရပါတယ်။ နောက်တော့ သံသယဝင်လာတော့ ကျနော်တို့ကို ဆက်သွယ်လို့ သွားရောက်ကူညီခဲ့တာပါ။ အမှန်တကယ်လည်း တရုတ်မယား အဖြစ်ရောင်းစားဖို့အတွက် လုပ်ထားတာပါ။ သူတို့တွေကို ဓာတ်ပုံတွေ ရိုက်ပြီးတော့ ယူသွားတယ်လို့ သိရပါတယ်။ အခုလို့ ရောင်းစား ခံနေရတာတွေက အများကြီးပါ။ ကျနော်တို့က ကြိုတင်သတင်းကြားလို့ အကူအညီတောင်းလို့ ရောင်းစားမခံရအောင် တားဆီးတာရှိတယ်။ မိုင်ထောင်နဲ့ချီဝေးတဲ့ တရုတ်ပြည်မကြီးမှာ လူသူမသိဘဲ ရောင်းစားခံထားရတာ အများကြီးရှိပါတယ်။ အဲဒါတွေကို ကျနော်တို့လည်း ကူညီပေးဖို့ အခက်အခဲရှိပါတယ်” ဟု ပြောသည်။

အဆိုပါ ရောင်းစားခံရမည့် ရခိုင်အမျိုးသမီးငယ်အများစုသည် အသက် ၁၇ နှစ် မှ ၂၉ နှစ်အရွယ်ကြားဖြစ်ကြသည်။

 အချို့တွင်  ဆွေနီးရပ်မျိုးတွေ ကိုယ်တိုင်က ရပ်ရွာရှိသည့် ဆယ်ကျော်သက်အရွယ် အမျိုးသမီးငယ်များကို မက်လုံများဖြင့် စည်းလုံးသိမ်းသွင်းကာ တရုတ် - မြန်မာနယ်စပ် ရွှေလီမြို့တွင် ရှိသော အခြားပွဲစားများနှင့် ဆက်သွယ်ပူးပေါင်းကာ ရောင်းစားရန် ပြင်ဆင်နေခြင်းဖြစ်ကြောင်း ရခိုင်လူမှုကူညီရေးအသင်း (ရွှေလီမြို့)က တာဝန်ရှိသူတစ်ဦးက ပြောသည်။

“အခု ဆယ်ကျော်သက်အရွယ်ရခိုင်အမျိုးသမီးတွေက မသိနားမလည်တဲ့ အရွယ် ဖြစ်တဲ့အတွက် ပွဲစားတွေအတွက် စည်းလုံးရတာကောင်းတယ်။ အဲဒါကြောင့် ပွဲစားတွေက သူတို့ ကျေးရွာမှာရှိတဲ့ အသက်ငယ်မိန်းကလေးတွေကို အကွက်ဆင်ပြီးတော့ လုပ်တာလို့ မြင်ပါတယ်။ နောက်တစ်ခုက ရောင်းစားခံထားရတဲ့ အမျိုးသမီးတွေထဲက နှစ်တွေကြာလာတဲ့ သူတွေက ကိုယ့်ရပ်ရွာမှာရှိတဲ့ ဆွေးမျိုးအသိုင်းအဝိုင်းထဲက အဓိက ၁၅ နှစ်ကနေ ၁၉ နှစ်ကြာအရွယ်အမျိုးသမီးငယ်တွေကို ဒီဘက် မကောင်းတာတွေကိုမပြောဘဲ ကောင်းတာတွေ မက်လုံးတွေပေးပြီး မြန်မာနယ်စပ် မူဆယ်ဘက်က ရခိုင်ပွဲစားတွေနဲ့ ပေါင်းပြီးခေါ်ကြတာမျိုးလည်းတယ်”ဟု ပြောသည်။

ရောင်းစားခံရတဲ့ အမျိုးသမီးတွေနဲ့ ပတ်သက်လို့ ဆန္ဒအရ ဒါမှမဟုတ် အခြေအနေအမျိုးမျိုးကြောင့် လာရောက်လုပ်ကိုင်ကြရတဲ့ အမျိုးသမီးတွေထက် မသိနားမလည်လို့  မက်လုံးတွေကိုပဲကြည့်ပြီး ‌ရောင်းစားခံရမဲ့အမျိုးသမီးငယ်တွေကို အဓိက ထားကူညီပေးချင်ကြောင်း ဆက်လက် ရှင်းပြပေးခဲ့ပါသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၂ ရက်နေ့ကလည်း တရုတ်မယားအဖြစ်ရောင်းစားခံရမည့် မင်းပြားမြို့နယ်မှာ ဆယ်ကျော်သက် အမျိုးသမီး သူငယ်ချင်း၂ ဦးကိုလည်း  မူဆယ်ဘက်မှ ကြိုတင်သတင်းပေးပို့မှုကြောင့် တရုတ်မြန်မာနယ်စပ် ဂျယ်ဂေါင်မြို့၏ ဆင်ဖြူဂိတ်ပေါက်သို့ ရခိုင်လူမှုကူညီရေးအသင်း (ရွှေလီမြို့) က သွားရောက် ကူညီတားမြစ်ခဲ့ကြောင်း ဆိုသည်။

အလားတူ ဆယ်ကျောက်သက်အမျိုးသမီးတစ်ဦးသည်လည်း  ရွှေလီမြို့တွင် တရုတ်မယားအဖြစ် ရောင်းစားခံရလုဆဲဆဲအခြေအနေမှ ထွက်ပြေးလွတ်မြောက်လာခဲ့ပါသည်။

ထို့အပြင် ဆယ်ကျော်သက် အမျိုးသမီးငယ်တစ်ဦးကိုလည်း ပွဲစားများက တရုတ်မယားအဖြစ် ရောင်းမထွက်ဖြစ်နေ၍ ရွှေလီမြို့နှင် ၅ မိုင်ခန့် ဝေးသော ဝမ်တိန်မြို့တွင် တစ်ဦးတည်း စွန့်ပစ်ထားခဲ့သည်ဟုလည်း သိရသည်။

တရုတ် - မြန်မာနယ်စပ် ရှမ်းပြည်နယ်၊ မူဆယ်ဘက်မှ တရုတ်နိုင်ငံ၊ ဂျယ်ဂေါင်မြို့သို့ အစိမ်းရောင်ကဒ် (ခေါ်) ၆ ရက်အိပ် ၇ ရက် တစ်ပတ်အလည်သွားလာခွင့်ကတ်ဖြင့် ကျပ်နှစ်ထောင်ပေးကာ ဝင်ရောက်သူ အများအပြားရှိသည် ဟုလည်းသိရသည်။

ယခုကဲ့သို့ ရခိုင်အမျိုးသမီးငယ်များအပါအဝင် အခြားတိုင်းရင်းသားလူမျိုးများမှ အမျိုးသမီးငယ်များကို ကုန်ပစ္စည်းသဖွယ် ရောင်းစားနေခြင်းသည် မိမိတို့မြန်မာပွဲစားများ၏ လောဘတက်မှုနှင့် စက်ဆုတ်ယုတ်ညံ့မှုများကြောင့် ဈေးပေါ့ပေါ့ဖြင့် တရုတ်များထံ အတင်းရောင်းချနေသည့်အတွက် တစ်ဘက်ကလည်း လက်ခံနေခြင်းဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ ဥပဒေအားနည်းခြင်းမျိုးမဟုတ်သည့်အပြင် တရုတ်နိုင်ငံဘက်မှာလည်း တရားဝင်ခွင့်ပြုထားခြင်းမဟုတ်ဟု တရုတ်အစိုးရနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ယင်းသို့ရောင်းချရာတွင် ၁၈ နှစ်မှ ၂၅ နှစ်အကြာ အမျိုးသမီးတစ်ဦးလျှင် တရုတ်ယွမ် ( ၅၀,၀၀၀ - ၇၀,၀၀၀) အထိရရှိနိုင်ပြီး ပွဲစားများက ၎င်းငွေ၏ ဆယ်ပုံတစ်နှစ်ခန့်ငွေဖြင့် မက်လုံးပေးကာ ရခိုင်အမျိုးသမီးငယ်များအား ရောင်းစားနေခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

ကိုဗစ်နှင့် စစ်ဘေးဒဏ်များကို အလူးအလဲခံစားခဲ့ရသည့် ရခိုင်ပြည်သည် အာဏာသိမ်းပြီးနောက် ဖြစ်ပွားလျက်ရှိသည့် စီပွားရေးအကြပ်အတည်းနှင့် မကြာခင်က တိုက်ခတ်သွားသည့် မိုခါမုန်တိုင်းတို့ကြောင့် ရခိုင်ပြည်သူတို့ ဘဝသည် ချွတ်ခြုံကျသွားကာ အခက်အခဲမျိုးစုံကို ခါးစည်းကာခံစားနေရသည်။

ယခင်ကနေ ပြည်တွင်းအလုပ်အကိုင်ရှားပါးမှုနှင့် ဆင်းရဲမွန်းကြပ်မှု ဒဏ်များကြောင့် ရခိုင်မှ ရခိုင်အမျိုးသမီးအပါအဝင် အခြားတိုင်းရင်းသား အမျိုးသမီးများသည် တရုတ်ပြည်မနှင့် အရှေ့အလယ်ပိုင်းနိုင်ငံများအပါအဝင် အိမ်နီးချင်းနိုင်ငံများသို့ နည်းလမ်းမျိုးစုံဖြင့် ထွက်ခွာ နေကြသည်ဟု အမျိုးသမီးရေးလှုပ်ရှားနေသူများက ထောက်ပြသည်။

ရခိုင့်ရှေ့ဆောင်အမျိုးသမီးများအဖွဲ့ ဥက္ကဋ္ဌ “အဓိကတော့ ဆင်းရဲနွမ်းပါးမှုပါပဲ။ ဆင်းရဲနွမ်းပါးမှုကို အကြောင်းပြုပြီးတော့ ကိုယ်ရပ်ရွာ ကိုယ်ဒေသတွေမှာ လုပ်ကိုင်စားသောက်ဖို့ အခြေအနေတွေ မပေးတဲ့အခါမှာ အသက်မပြည့်သေးရင်တောင် ဘယ်လိုမှာ မိသားစု စားဝတ်နေရေး အဆင်မပြေတဲ့အခါ ရုန်းကန်လှုပ်ရှားဖို့အတွက် အမျိုးသမီးငယ်တွေကပါ စိတ်သဘောထား ရှိလာကြပါတယ်။ အဲဒါကြောင့် ရတဲ့အလုပ်ကို လုပ်မယ်။ သွားလို့ရတဲ့ နေရာကို သွားမယ်ဆိုတဲ့ စိတ်တွေကတော့ အလွယ်တကူဖြစ်ပွားလာတာပေါ့။ လူကုန်ကူးတာတွေနဲ့ တရားမဝင် လုပ်သားဘဝနဲ့ တရုတ်ပြည်မအပါအဝင် အိမ်နီးချင်းနိုင်ငံတွေ ထွက်ကြတဲ့အထဲမှာ အများအားဖြင့် ရပ်ရွာကအတန်းပညာမရှိတဲ့အမျိုးသမီးငယ်တွေက ပိုများပါတယ်။ အလုပ်ရရင် ပြီးရောဆိုတဲ့ သဘောမျိုးနဲ့ ပွဲစားတွေနဲ့ ချိတ်ဆက်တဲ့အခါ ဘယ်လောက် သေချာလဲဆိုတာကို လေ့လာစုံစမ်းနိုင်တဲ့ အနေအထားမျိုးမရှိကြဘူး။ အဲတာကြောင့် ရောင်းစားခံရတဲ့ အနေအထားမျိုးကို ရောက်သွားကြတယ်။ ရောင်းစားတဲ့ နေရာမှာ တစ်ခါတည်း ခေါ်သွားပြီးတော့ ဘယ်လောက်နဲ့ ရောင်းစားလိုက်တယ်ဆိုတာတွေကို သဘောပေါက်တဲ့ သူတွေရှိပါတယ်။ အစပိုင်းကတော့ အလုပ်လုပ်ဖို့သွားကြတာပေါ့။ ရောက်သွားတဲ့ အခြေအနေမျိုးမှာ ကိုယ်ကို ရောင်းစားရမယ့် အခြေအနေမျိုးပေါ့။ အဓိကတော့ လက်ဗလာနဲ့ အိမ်မပြန်လာချင်တဲ့ စိတ်ဓာတ်တွေ၊ ဘယ်လိုပဲဖြစ်ဖြစ် ဆင်းရဲခြင်းကနေ လွန်မြောက်ရေးအတွက် ကိုယ်ခန္ဓာကို ရောင်းစားလိုက်ရင် ပိုက်ဆံရမယ်ဆိုတဲ့ စိတ်သဘောတွေ အပေါ်မှာ အများကြီးမူတည်ပါတယ်။ တစ်ဖက်မှာ စားဝတ်နေရေးက အရင်လို ရပ်ရွာမျိုးမှာ သမရိုးကျနေထိုင်တဲ့ အဆင့်မဟုတ်တော့ဘဲ ခေတ်ရဲ့ လိုအပ်ချက်အရ အသုံးဆောင်ပစ္စည်းအစ လိုအပ်လာတဲ့အခါ အခုလိုအခြေအနေမျိုးတွေကို ဖြစ်ဖို့အတွက် တွန်းအားဖြစ်စေတယ်လို့ မြင်ပါတယ်” ဟု ပြောသည်။

ယင်းအပြင် ယခုကဲ့သို့ဖြစ်ရပ်မျိုးဖြစ်နေခြင်းသည် အသိပညာပေးခြင်းများဖြင့် မလုံလောက်ဘဲ တစ်ဘက်တွင်လည်း ဆင်းရဲမွန်းကြပ်မှု ဒဏ်ကိုခံစားနေရသည့် ကျေးရွာနေ ပြည်သူများအတွက် ၎င်းတို့ကိုယ်တိုင် စိတ်ကျေနပ်မှုရနိုင်အောင် လုပ်ငန်းခွင်အများအပြား မဖန်တီး ပေးနိုင်သရွေ့ ထိုဖြစ်ရပ်များ ထပ်တလဲလဲရှိနေမည်ဖြစ်ကြောင်း ထောက်ပြသည်။

“အဓိကတော့ တောက်လျှောက်မှာ အသိပညာပေးမှုတွေကလည်း အရမ်းအားနည်းနေသေးပါတယ်။ တစ်ဖက်မှာလည်း ကျေးရွာအနှံ့မှာ လူကုန်ကူးမှုတွေနဲ့ ပတ်သက်လို့ အသိပညာပေးမှုတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဖို့လိုအပ်သလို အမျိုးသမီးတွေကို ဦးတည်ပြီးတော့ တနိုင်တပိုင်လုပ်ငန်းတွေကို လုပ်လာနိုင်အောင် ဖန်တီးပေးစေချင်ပါတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံ မူဆယ်မြို့တွင် တစ်ပတ်ကဒ်ရရှိပြီး နယ်စပ်ဖြတ်ကျော်ရန်စောင့်နေသူနှင့် တစ်ပတ်ကဒ်ရရှိရန် စောင့်ဆိုင်းနေကြသူ ရခိုင်လူမျိုးပေါင်း ၂၀၀၀ နီးပါးခန့်ရှိကြောင်း ရခိုင်စာပေနှင့်ယဉ်ကျေးမှုအသင်း (မူဆယ်) တာဝန်ရှိသူတစ်ဦးက ပြောသည်။

“မူဆယ်က ရခိုင်ထမင်းဆိုင်တွေမှာ အယောက် ၃၀ /၄၀ ရှိတယ်။ အဲလို့ ထမင်းဆိုင်တွေ ၂၀ ကျော်လောက်ရှိတယ်။ တခြားအသိမိတ်ဆွေအိမ်မှာ အများကြီးနေကြတာတွေ့ရတယ်။ ကျော့ချမယ့်နေရာတောင် မရှိကြဘူး” ဟု ပြောသည်။

လက်ရှိတွင် တရုတ်မြန်မာနယ်စပ် မူဆယ်-ရွှေလီ နယ်စပ်ဂိတ်တွင် တစ်ရက်လျှင် လူဦးရေ ၆၀၀ သာ ဝင်ခွင့်ပြုထားပြီး နိုဝင်ဘာ ၅ ရက်နေ့အထိ မြန်မာဘက်မှ တရုတ်ပြည်ဘက်သို့ ဝင်ရောက်ရန် စောင့်နေသူ လူပေါင်း ၆၀၀၀ နီးပါးကို တုံကင်ပေးထားပြီးဖြစ်ကြောင်း တုံကင် လက်မှတ်ပေးရာတွင် ကူညီဆောင်ပေးနေသည့် လူသားချင်းစာနာထောက်ထားမှုအကူအညီပေးအပ်ရေးကွန်ယက်မှ တာဝန်ရှိတစ်ဦးက ပြောသည်။

၂၀၁၃ ခုနှစ်မှစ၍ ၂၀၂၃ ခုနှစ် အောက်တိုဘာလအထိ တရုတ်ပြည်အတွင်း ရောင်းစားခံရသူနှင့် ကိုယ်ကို ရောင်းစားခံသူပေါင်း ၂၀၀ နီးပါးခန့် ရှိပြီး ၎င်းတို့သည် အသက် ၁၇ အရွယ်မှ အသက် ၄၀ ကျော် အရွယ်အထိဖြစ်ကြပြီး ပြည်မတွင် လူတွေမသိအောင် ရောင်းစားခံထားရသည့် ရခိုင်အမျိုးသမီးအများအပြားရှိနိုင်ကြောင်း ရခိုင်လူမှုကူညီရေးအဖွဲ့ (ရွှေလီမြို့)၏ စာရင်းအရသိရသည်။

နောက်ထပ်မြန်မာပြည်ဘက်မှာ ဝင်လာကြမည့် သူများတွင် ပွဲစားများ ယုတ်မာစက်ဆုတ်ယုတ် ညံ့မှုကြောင့် တရုတ်သားကောင်အဖြစ် ရောင်းစားခံရမည်သူနှင့် ကိုယ်ကို တရုတ်သားကောင် အဖြစ်ခံယူသူထားများ မပါဝင်ဖို့ ဆန္ဒပြုရမှာဖြစ်ပေသည်။ 

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!