တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ပလက်၀မြို့နယ်မှ လက်နက်ကြီးကျည်စ ထိမှန် ဒဏ်ရာရသူ အမျိုးသမီးကို စစ်တွေဆေးရုံသို့ ပို့ဆောင်


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၀၆ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.2k

ချင်းပြည်နယ်၊ ပလက်၀မြို့နယ်၊ ဘား၀ကျေးရွာမှ လက်နက်ကြီးကျည်စ ထိမှန်ခဲ့သည့် အမျိုးသမီးကို နိုဝင်ဘာ ၅ ရက်နေ့လယ်က စစ်တွေပြည်သူ့ဆေးရုံကြီးသို့ ကျောက်တော်မှ တစ်ဆင့် ပို့ဆောင်လိုက်သည်ဟု သတင်းရရှိသည်။

ဒဏ်ရာရရှိသူအမျိုးသမီးမှာ ဒေါ်မိုးအေးသွယ် (၂၇) နှစ်ဖြစ်ပြီး စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ရန် မိသားစုများအကူအညီတောင်းခံလာသဖြင့် ကျောက်တော်မြို့ ဖြူစင်မေတ္တာ ပရဟိတအသင်းမှ ကျောက်တော်မြို့ သင်္ဘောဆိပ်မှတစ်ဆင့် စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးသို့ ကားဖြင့် ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။

ကျောက်တော်မြို့ ဖြူစင်မေတ္တာပရဟိတအသင်းမှ ထုတ်ပြန်ချက်တွင် ပလက်၀မြို့နယ်၊ ဆမီးမြို့မှ ဒေါ်မိုးအေးသွယ် (၂၇) နှစ် (ကျောကုန်းကျည်ထိမှန်)အား ဆေးကုမှု ခံယူရန် စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးရန်  မိသားစုက ဖုန်းဆက်အကူအညီတောင်းခံလာသဖြင့် စေတနာယာဉ်မောင်း ကိုညီသန့်နှင့် စေတနာယာဉ်မောင်းအကူ ကိုအောင်မြတ်ဟိန်းတို့က အသင်း၏ ကားဖြင့် နေ့လယ် ၁ နာရီက ပို့ဆောင်ပေးခဲ့သည်ဟု ဖော်ပြသည်။

ဒေါ်မိုးအေးသွယ်သည်  နိုဝင်ဘာလ ၄ ရက်၊ မနက် ၇ နာရီကျော်ခန့်က ပလက်ဝမြို့နယ်၊ ဆမီးမြို့နှင့် ၅ မိုင်ခန့်ကွာဝေးသော ဘားဝကျေးရွာ အနီးတွင် PDF နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့စဉ် ရွာထဲသို့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့၍ ဒဏ်ရာ ရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

ပလက်ဝမြို့မှ ဒေသခံတစ်ဦးက "ဘားဝမှာ စစ်တပ်စခန်းငယ်တစ်ခုရှိတယ်။ အဲ့ဒီတပ်စခန်းကို PDF က ဝင်တိုက်တယ်လို့ ကြားတယ်။ မနက် ၇ နာရီကနေ တိုက်ပွဲဖြစ်တာ မနက် ၉ နာရီလောက်မှာ ငြိမ်သွားတယ်"ဟု နိရဉ္စရာ သတင်းဌာနကို ပြောဆိုခဲ့သည်။

တိုက်ပွဲဖြစ်ပွားစဉ် လက်နက်ကြီးကျည်သည်  ဘားဝကျေးရှိ သူမ၏ နေအိမ်အနီး၌ ကျရောက် ပေါက်ကွဲ၍ ကလေးမိခင် ဒေါ်မိုးအေးသွယ် ဒဏ်ရာရရှိသွားခဲ့သဖြင့်  ဆမီးဆေးရုံသို့ ဆေးကုသရန် ပို့ဆောင်ထားခဲ့ရပြီး ဆမီးဆေးရုံမှတစ်ဆင့် စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးသို့ ဆက်လက်ပို့ဆောင်ခဲ့ရခြင်း ဖြစ်သည်။ (NN-30)

 

ဓာတ်ပုံ- ကျောက်တော်မြို့ ဖြူစင်မေတ္တာ ပရဟိတအသင်းမှ ကူးယူဖော်ပြသည်။

ဆက်စပ် သတင်းများ