စနေ၊ မေလ ၄ရက်၊ ၂၀၂၄

AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ (၄၅) နှစ်ပြည့် မွေးနေ့အတွက် ကမ္ဘာလုံးဆိုင်ရာ အာရက္ခအမျိုးသားကွန်ရက် (WUAN)က မွေးနေ့ဂုဏ်ပြုဆုတောင်း စကားဆို


  • ရေးသူ: Web Master (NN 09)
  • | ရက်စွဲ: ၀၆ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.5k

မနက်ဖြန် နိုဝင်ဘာ ၇ ရက်တွင် ကျရောက်မည့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ဥက္ကဋ္ဌ၊ ရက္ခိုင့်တပ်တော်(AA)တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ (၄၅)နှစ်ပြည့်မွေးနေ့အတွက် ကမ္ဘာလုံးဆိုင်ရာ အာရက္ခအမျိုးသားကွန်ရက်(WUAN)က မွေးနေ့ဆုတောင်း ဂုဏ်ပြုသဝဏ်လွှာကို ယနေ့ နိုဝင်ဘာ ၆ ရက်တွင် ပေးပို့ ထုတ်ပြန်လိုက်သည်။

ယင်းမွေးနေ့ဆုတောင်း ဂုဏ်ပြုသဝဏ်လွှာထဲတွင် "အာရက္ခနိုင်ငံတော်အကြီးအကဲ၊ ရက္ခိုင့်တပ်တော် တပ်မှုးချုပ် ၏ (၄၅) နှစ်မြောက် မွေးနေ့အခါသမယတွင် စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံပါစေ၊ ဗိုလ်ချုပ်နှင့်အာရက္ခပြည်သူတို့ ယုံကြည်စွာ အတူလျှောက်လှမ်းနေကြသည့် ရက္ခိတလမ်းစိုင်၏ အန္တိမရည်မှန်းချက်ဖြစ်သော အာရက္ခနိုင်ငံတော်သစ်ကို အမြန်ဆုံး လက်ဝယ်ပိုင်ပိုင် ရောက်လာနိုင်ပါစေကြောင်း ပထမဦးစွာ ဆုတောင်းစကားနှင့် ဂါရဝပြုပါသည် ဗိုလ်ချုပ်"ဟု ရခိုင်ဘာသာစကားဖြင့် ရေးသားဖော်ပြထားသည်။

ယင်းအပြင် လူမျိုးတစ်မျိုး နိုင်ငံတစ်ခု၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှု ဆုံးရှုံးသွားခြင်းသည် မဟူရာညသန်းခေါင်ယံ အချိန်တွင် မိုးမှောင်ကျသကဲ့သို့ အမှောင်တကာ့ အမှောင်ဖုံးပြီး တစ်မျိုးသားလုံး ဦးတည်ရာ၊ ခိုကိုးရာမဲ့ ဖြစ်နေသည့်အချိန်တွင် ရက္ခိုင့်တပ်တော် တပ်မှူးချုပ် ဆိုသည့်
နေမင်းကြီးသည် မတရားအနိုင်ကျင့်ဖိနှိပ်ခံထားရခြင်းဆိုသည့် အမှောင်ကမ္ဘာအောက်တွင် လမ်းပျောက်နေသူ အဖိနှိပ်ခံလူတန်းစားများအားလုံးအတွက် နေမင်းကြီးပမာ အလင်းဆောင်နိုင်သူဖြစ်သကဲ့သို့ အတုယူအားကျဖွယ် စံနမူနာယူစရာကောင်းသော ခေါင်းဆောင်တစ်ဦးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

"ဗိုလ်ချုပ်၏ လမ်းပြဦးဆောင် အလင်းပြမှုကြောင့် အာရက္ခပြည်သူများသည် မိမိတို့၏ အဓိက ရန်သူမိတ်ဆွေ သေချာခွဲခြားသိမြင်နိုင်ကြပြီး ဖြစ်ပေါ်ပြောင်းလဲလာသည့် ဒေသအတွင်းနှင့် ကမ္ဘာ့နိုင်ငံရေး ရေစီးကြောင်း၊ အခြေအနေများပေးလျှင် ပေးသလို အခွင့်ကောင်းကိုယူပြီး ပန်းတိုင်အရောက်ချီတက်ရန် အဆင်သင့်ဖြစ်နေကြပါပြီ။ သဘာဝလောက၏ နေမင်းကြီးသည် တစ်လောကလုံးကို အမှောင်ခွင်း အလင်းကိုဆောင်နိုင်သလို ကျွန်တော်တို့ အာရက္ခနိုင်ငံတော် အကြီးအကဲ ရက္ခိုင့်တပ်တော် တပ်မှူးချုပ်ဆိုသည့် နေမင်းကြီးသည်လည်း မတရားအနိုင်ကျင့် ဖိနှိပ်ခံထားရခြင်းဆိုသည့် အမှောင်ကမ္ဘာအောက်တွင် လမ်းပျောက်နေသူ အဖိနှိပ်ခံလူတန်းစားများအားလုံးအတွက် နေမင်းပမာ အလင်းဆောင်နိုင်သူဖြစ်သည့်သာမက အတုယူအားကျဖွယ် စံနမူနာယူစရာကောင်းသည့် ခေါင်းဆောင်တစ်ဦးပါ ပါဗိုလ်ချုပ်"ဟု ဆက်လက်ဖော်ပြထားသည်။

ယင်းအပြင် "ယခုလို မျှော်လင့်ချက် အလင်းရောင်များကို ပေးစွမ်းနိုင်သည့် အာရက္ခနိုင်ငံတော်၏ အကြီးအကဲ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်ခေါင်းဆောင်နှင့် ရက္ခိုင့်တပ်တော်တပ်မှူးချုပ်၏
 မွေးနေ့အခါသမယတွင် ဗိုလ်ချုပ် ကိုယ်စိတ် နှစ်ဖြာ ကျန်းမာချမ်းသာပါစေ၊ လွတ်လပ်ပြီး ဂုဏ်သိက္ခာပြည့်ဝသည့် အချုပ်အခြာအာဏာပိုင် အာရက္ခ နိုင်ငံတော်သစ်မှာ မိသားစုနှင့်အတူ အာရက္ခပြည်သူများကို အလင်းစွမ်းအားများ ဆက်လက်ပေးနိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းပြီး ဗိုလ်ချုပ်၏ (၄၅)နှစ်မြောက် မွေးနေ့ဂုဏ်ပြုသဝဏ်လွှာကို ဂါရဝပြုစွာ မှတ်တမ်းတင်ပေးပို့လိုက်ပါသည်"ဟုလည်း ဆိုထားသည်။

ကမ္ဘာလုံးဆိုင်ရာ အာရက္ခအမျိုးသားကွန်ရက် (WUAN)သည် United Arakan Network USA United Arakan Network Canada နှင့် United Arakan Network Germany(UANG) အပါအဝင် နိုင်ငံပေါင်း ၁၇ နိုင်ငံရှိ ရခိုင်အဖွဲ့အစည်းများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

 

ဓာတ်ပုံ - လူမှုကွန်ရက်

 

ဆက်စပ် သတင်းများ