ဗုဒ္ဓဟူး၊ မေလ ၁၅ရက်၊ ၂၀၂၄

ရခိုင်တိုက်ပွဲ တကျော့ပြန်ဖြစ်လာမည်စိုး၍ ဒေသခံတချို့ ထွက်ပြေးတိမ်ရှောင်နေရ


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၀၇ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1k

ရခိုင်ပြည်နယ်တွင် စစ်ကောင်စီဘက်မှ လူအင်အား၊ လက်နက်အင်အား၊ ရိက္ခာဖြည့်တင်းခြင်းများနှင့် စစ်ရေးလှုပ်ရှားမှုများ ပိုများလာခြင်းကြောင့် နောက်ထပ်တကျော့ပြန်တိုက်ပွဲဖြစ်လာမည်ကိုစိုးရိမ်၍ ဒေသခံတချို့မှာ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရသည်။


ယခုရက်ပိုင်းအတွင်းတွင် စစ်ကောင်စီဘက်မှ စစ်ရေးလှုပ်ရှားမှုပိုများလာသောကြောင့် တကျော့ပြန်တိုက်ပွဲပြန်လည်ဖြစ်ပွားလာမည်ကို စိုးရိမ်နေသည်ဟု  ရသေ့တောင်မြို့နယ် ပြိန်းတောကျေးရွာမှ ဒေသခံအမျိုးသမီးတစ်ဦးက နိရဉ္စရာကိုပြောသည်။

"ကျမတို့ အပြင်တွေဘာတွေသွားလို့ရှိရင် အငူမော်ဘက်တို့မှာလည်း အဲ့စစ်သားတွေကိုမကြာမကြာတွေ့တယ်။ ကျမတို့မကြောက်ဘဲနေမလား။ တိုက်ပွဲကြောင့် ကျမတို့ဘဝတွေစတေးရတာများနေပါပြီ။ ခုလည်းကြောက်လို့ တိမ်းရှောင်ဖို့နေရာရှာနေရတယ်" ဟုပြောသည်။

စစ်တွေဘက်မှ ရသေ့တောင်ဘက်သို့လည်း ကုလားတန်မြစ်‌ကြောင်းတစ်‌လျှောက်တွင် စစ်ကောင်စီနေဗီများ မကြာခဏသွားလာမှုများရှိကြောင်း သိရသည်။

ယင်းသို့စစ်ရေးလှုပ်ရှားမှုများလာခြင်းကြောင့် တိုက်ပွဲဖြစ်လာမည်ကိုစိုးရိမ်၍ ကျေးရွာတချို့မှာ လုံခြုံဘေးကင်းနိုင်သည့် မြို့ပြများသို့ရွေ့ပြောင်းနေကြပြီဟု ကျောက်တော်မြို့နယ်မှ ဒေသခံအမျိုးသားတစ်ဦးက နိရဉ္စရာကိုပြောသည်။

" ရုပ်သားရွာမှာဆို တစ်ရွာလုံးနီးပါးစစ်ရှောင်နေကြပြီ။ ကျန်တဲ့ရွာတွေလည်း သူ့အဆက်နဲ့သူတိမ်းရှောင်နေကြပါပြီ။ မဖြစ်ခင်ကြိုတင်ကာကွယ်မှ " ဟုပြောသည်။

ကျောက်တော်မြို့နယ်တွင်လည်း ယခုလနိုဝင်ဘာလအတွင်းမှာပင် ရိက္ခာသယ်ယူသည့်စစ်ကားများနှင့် ရေကြောင်းလမ်းဘက်မှလည်း ရိက္ခာများကို စက်လှေများသယ်ဆောင်သွားလာခြင်းများရှိနေသည်ဟု ဒေသခံများက ပြောသည်။

ရသေ့တောင်မြို့နယ်တွင်လည်း ရက္ခိုင့်တပ်တော်အေအေဘက်မှ ဗုံးခိုကျင်းမဖြစ်မနေတူးခိုင်းနေကြောင်း ရသေ့တောင်ဒေသခံတစ်ဦးက နိရဉ္စရာကိုပြောသည်။

" ဗုံးခိုကျင်းတွေ မဖြစ်မနေတူးရမယ်လို့‌ ပြောပါတယ်။ မတူးရင် ပိုက်ဆံလျော်ရမယ်လို့ပြောတယ်။ ဒါကလည်း တစ်ဖက်က ကြည့်ရင် အသက်အန္တရာယ်ထိခိုက်မှာစိုးလို့ပါ။ တစ်ဖက်ကလည်းငွေကြေးအဆင်မပြေတဲ့ သူရှိတယ်လေ"ဟုပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ရက္ခိုင့်တပ်တော်(AA) ပါဝင်သည့် မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးတိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်ဘက်မှာလည်း တိုက်ပွဲများပြန်ဖြစ်လာမည်ကို ဒေသခံအများစုက စိုးရိမ်မှုများရှိနေကြောင်း သိရသည်။


မာန်အောင်မြို့ခံတစ်ယောက်က “မာန်အောင်မှာခုရက်ပိုင်း တက်ကြွလှုပ်ရှားတဲ့သူတွေကိုရော၊ ရိုးရိုး အရပ်သား‌တွေ မာန်အောင်ပြင်ပ အထွက်အ၀င်ကို   စစ်ကောင်စီက စိုးရိမ်တကြီး စစ်ဆေးမေးမြန်း စကားနှိုက်တာတွေ လုပ်နေတာတွေရှိတယ် "ဟု ပြောသည်။


လက်ရှိတွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ်အတွင်းရှိ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ကျောက်တော်၊ ရ‌သေ့တောင်၊ ဘူးသီးတောင်၊ မောင်တောနှင့် မာန်အောင်မြို့နယ်တို့တွင်လည်း
 ယခင်ကထက် စစ်ရေးလှုပ်ရှားမှုများရှိသလို လူမှုရေးတက်ကြွလှုပ်ရှားသူများကိုလည်း စုံစမ်းနေကြောင်း သိရသည်။

ရခိုင်တွင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် သြဂုတ်လက ဖြစ်ပွားခဲ့သည့် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်‌တော်တို့၏ တကျော့ပြန်တိုက်ပွဲမှာ နိုဝင်ဘာလ ၂၆ ရက်တွင် အပစ်ရပ်စဲခဲ့သည်။

နိရဥ္စရာသတင်းဌာက ပြုစုထားသော စာရင်းအရ ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ်၊ သြဂုတ်လဆန်းပိုင်းမှစတင်ကာ နိုဝင်ဘာအထိ ဖြစ်ပွားခဲ့သော တကျော့ပြန်တိုက်ပွဲ ၄ လတာ ကာလအတွင်း သေဆုံးခဲ့ရသည့် ရခိုင်အရပ်သားပြည်သူ ၄၆ ဦးနှင့် ဒဏ်ရာရသူ ၈၉ ဦးရှိခဲ့ပြီး နေအိမ် (၉) လုံး မီးရှို့ဖျက်ဆီးခံခဲ့ရသည်ဟု သိရသည်။

 

Photo - AA Info Desk

 

ဆက်စပ် သတင်းများ