တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

စစ်ကောင်စီက ပင်လယ်ပြင်အတွင်း လက်နက်စမ်းသပ်ပစ်ခတ်မည်ဟုဆိုကာ သံတွဲမြို့နယ်မှရေလုပ်သားများအား ပင်လယ်သို့ ၃ ရက်တာ မထွက်ရန် အမိန့်ထုတ်​ထား


  • ရေးသူ: Web Master (NN 23)
  • | ရက်စွဲ: ၀၇ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 608

စစ်ကောင်စီတပ်က ပင်လယ်ပြင်တွင် လက်နက်စမ်းသပ်ပစ်ခတ်ရန်ရှိသည်ဟုဆိုကာ သံတွဲမြို့နယ်မှ ကမ်းနီးကမ်းဝေးရေလုပ်ငန်းနှင့် ငါးဖမ်းစက်လှေများကို ၃ ရက်တာ ပင်လယ်ပြင်သို့မထွက်ကြရန် အမိန့်ထုတ်ညွှန်ကြားထားကြောင်း သိရသည်။

ပင်လယ်ပြင်တွင် လက်နက်စမ်းသပ်ပစ်ခတ်ရန်ရှိသည့်အတွက် နိုဝင်ဘာလ ၉ ရက်အထိ ပင်လယ်ပြင်သို့ထွက်ခွာခြင်း မပြုလုပ်ကြရန် နိုဝင်ဘာလ ၆ ရက်က ဆော်ဩ​ကြေညာအမိန့်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း သံတွဲမြို့နယ်ဒေသခံ ရေလုပ်သားများက နိရဥ္စရာသို့ပြောသည်။


ငပလီမြို့၊ ဂျိတ္တော အမှတ်(၅)ရပ်ကွက်မှ အမျိုးသမီးတစ်ဦးက "လက်နက်တွေဘာတွေစမ်းမယ်။ လူကြီးလမ်းကြောင်းလည်းရှိတယ်လို့ပြောပြီးတော့ ပင်လယ်ပြင်ကိုမထွက်ရဘူးဆိုပြီး ရပ်ကွက်ထဲမှာ မိုက်နဲ့ကြေညာသွားပါတယ်" ဟု နိရဥ္စရာသို့ပြောသည်။

လက်နက်စမ်းသပ်မည်ဟု ကြေညာသော်လည်း ပင်လယ်ပြင်နှင့် ရေမိုင်အကွာအဝေးတည်နေရာ၊ စမ်းသပ် ပစ်ခတ်မည့် အချိန်တို့ကို ထည့်သွင်းကြေညာခဲ့ခြင်းမရှိကြောင်း ဒေသခံရေလုပ်သားများကပြောသည်။

ဂျိတ္တောရပ်ကွက်မှ ဂျမ်းပိုက်လှေလုပ်သားလူငယ်တစ်ဦးက "သူတို့လက်နက်စမ်းသပ်မယ်။ ပင်လယ်ကိုမထွက်ရဘူးဆိုလို့ ၆ ရက်နေ့ကစပြီးတော့ လှေမထွက်ဘဲရပ်နားထားရပါတယ်" ဟု
 နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

သံတွဲမြို့နယ်တွင် ပင်လယ်ပြင်ကိုအမှီပြု၍ အသက် မွေးဝမ်းကျောင်းပြုနေရသည့် ရေလုပ်သား အမြောက်အများရှိကြောင်း သိရသည်။

စစ်ကောင်စီက ယခုကဲ့သို့ ပင်လယ်ပြင်သို့ ၃ ရက်အထိ ထွက်ခွင့်ပိတ်ပင်ထားသည့်အတွက် ဒေသရှိရေလုပ်ငန်းများ ရပ်နားထားရပြီး အဆိုပါရေလုပ်ငန်းများအပေါ် မှီခိုအသက်မွေးနေရသည့် ရေလုပ်သားမိသားစုများမှာလည်း စားဝတ်နေရေးအခက်အခဲကြုံတွေ့နေရကြောင်း နိရဥ္စရာသို့ ပြောသည်။

တစ်ဘက်တွင်လည်း
 စစ်ကောင်စီနှင့် ရုရှား နှစ်နိုင်ငံ ရေကြောင်းလုံခြုံရေးဆိုင်ရာလေ့ကျင့်ခန်းကို
ပထမအကြိမ်မြောက်အဖြစ် မြိတ်မြို့၏ အနောက်ဘက် ရေမိုင် ၈၅ မိုင်အကွာတွင် နှစ်နိုင်ငံရေတပ်မှ စစ်ရေယာဥ်များပူးပေါင်း၍ နိုဝင်ဘာလ ၇ ရက်မှ ၉ ရက်အထိ ပြုလုပ်သွားမည်ဟု စစ်ကောင်စီပိုင် မြန်မာ့အလင်းသတင်းစာတွင် ယနေ့ဖော်ပြထားသည်။ (NN-23)

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!