တနင်္ဂနွေ၊ မေလ ၅ရက်၊ ၂၀၂၄

ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ (၄၅) နှစ်ပြည့်မွေးနေ့သို့ NUG ယာယီသမ္မတဒူဝါလရှီးလက မွေးနေ့ ဆုမွန်တောင်းသဝဏ်လွှာပေးပို့


  • ရေးသူ: Web Master (NN 07)
  • | ရက်စွဲ: ၀၇ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 2.1k

(လက်ရှိကာလကို နိုင်ငံ့အပြောင်းအလဲ၏ ကနဦးရောင်နီဦးဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဖော်ညွှန်းတုံ့ပြန်) 

ယနေ့ နိုဝင်ဘာလ (၇) ရက်နေ့တွင် ကျရောက်သည့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA) ဥက္ကဋ္ဌ၊ ရက္ခိုင့်တပ်​တော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ (၄၅) နှစ်ပြည့်မွေးနေ့သို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလထံမှ မွေးနေ့ဆုမွန်တောင်း သဝဏ်လွှာ ရေးသား  ပေးပို့ခဲ့သည်။

နိုဝင်ဘာ ၇ ရက်နေ့စွဲဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလပေးပို့သော သဝဏ်လွှာတွင် “စနစ်ပြောင်းလဲရေးတွင် ပါဝင်နေသည့် တော်လှန်ရေး ခေါင်းဆောင်တစ်ဦး၏ မွေးနေ့မှာ အမှတ်တရ စာရေးသားခွင့်ရသည့်အတွက် အများကြီး ဝမ်းသာပါကြောင်း၊ နှစ်ပေါင်းများစွာ မြန်မာပြည်သူလထု တိုင်းရင်းသားအပေါင်းခံစားနေရသည့် ဖိနှိပ်သည့် စစ်အုပ်ချုပ်မှုဘဝမှ လွတ်မြောက်ရေးတွင် ကျန်းကျန်းမာမာဖြင့် ဆက်လက်ဦးဆောင်မှုပေးနိုင်ပါစေကြောင်း ဆုမွန်တောင်း ဆန္ဒပြုပါကြောင်း”ဟု ပါရှိသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလထံမှ မွေးနေ့ဆုမွန်တောင်းစာရေးသားပေးပို့မှု အပေါ်  ဗိုလ်ချုပ် ထွန်းမြတ်နိုင်က တုံ့ပြန်ရာတွင် “ယနေ့အချိန်ကာလသည် မြန်မာပြည် အတွင်း၌ စစ်ရေးအရှိန်အမြင့်ဆုံးသော အချိန်ကာလဖြစ်သည့်အပြင် နိုင်ငံ့အပြောင်းအလဲ၏ ကနဦး ရောင်နီဦးကိုတွေ့မြင်နေရသော ကာလလည်းဖြစ်ကြောင်း” ဖော်ပြထားသည်။

ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ စာထဲတွင် “ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၇) ရက်နေ့တွင် ကျရောက်သော ဗိုလ်ချုပ် ထွန်းမြတ်နိုင်၏ (၄၅) နှစ် ပြည့်မွေးနေ့သို့ NUG ယာယီသမ္မတ ဒူဝါလရှီးလ ထံမှ မွေးနေ့ဆုမွန်တောင်းမေတ္တာစကား သဝဏ်လွှာပေးပို့လာသည့်အပေါ် မိမိတို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် အနေဖြင့် ဝမ်းမြောက်ခြင်းနှင့်အတူ ကျေးဇူးတင်မိပါကြောင်း၊  ယနေ့အချိန် ကာလသည် မြန်မာပြည်အတွင်း၌ စစ်ရေးအရှိန်အမြင့်ဆုံးသော အချိန်ကာလဖြစ်သည့်အပြင် နိုင်ငံ့အပြောင်းအလဲ၏ ကနဦး ရောင်နီဦးကိုတွေ့မြင်နေရသော ကာလလည်း ဖြစ်ပါကြောင်း၊  ထို့ကြောင့် မိမိတို့အဖွဲ့ အစည်းအနေနှင့် နိုင်ငံ့အပြောင်းအလဲကိုလိုလားကြသော မြန်မာပြည်သူလူထု တစ်ရပ်လုံးနှင့်လက်တွဲပြီး မိမိတို့ မျှော်မှန်းထားသော စစ်ရေး၊ နိုင်ငံရေး ဘုံရည်မှန်းချက်များကို အမြန်ဆုံးပြည့်ဝစေရန် ပူးပေါင်းဆောင်ရွက်၍ ရသောသူများနှင့် လက်တွဲကာ အတူတကွ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရေးသားဖော်ပြထားသည်။

ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ (၄၅) နှစ်ပြည့် မွေးနေ့အတွက် ကမ္ဘာလုံးဆိုင်ရာ အာရက္ခအမျိုးသား ကွန်ရက် (WUAN)ကလည်း ယမန်နေ့ နိုဝင်ဘာ ၆ ရက်တွင် မွေးနေ့ဂုဏ်ပြုဆုတောင်းစကားကို ပေးပို့ခဲ့သည်။ (NN-7)

ဓာတ်ပုံ - NUG ယာယီသမ္မတ ဒူဝါလရှီးလ

ဆက်စပ် သတင်းများ