ကြာသပတေး၊ မေလ ၉ရက်၊ ၂၀၂၄

တပ်တောင်မြို့ရဲစခန်းမှူးနှင့် ရဲတပ်ဖွဲ့ဝင်နှစ်ဦးကို စစ်ကောင်စီတပ်က စခန်းတွင်းဝင်ရောက်ကာ အင်အားသုံးဖမ်းဆီးသွား


  • ရေးသူ: Web Master (NN 23)
  • | ရက်စွဲ: ၀၈ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.1k

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ တပ်တောင်မြို့ရဲစခန်းမှ စခန်းမှူးနှင့် ရဲတပ်ဖွဲ့ဝင် နှစ်ဦးတို့ကို ယမန်နေ့က စစ်ကောင်စီတပ်က အင်အားအပြည့်အစုံဖြင့် ရဲစခန်းတွင်းဝင်ရောက်ကာ ဖမ်းဆီးသွားကြောင်း သိရသည်။

စစ်ကောင်စီတပ်က ဖမ်းဆီးသွားသူများမှာ တပ်တောင်ရဲစခန်းမှူး မျိုးမင်းထွန်း(၅၀)နှစ်နှင့် နောက်ထပ်ရဲတပ်ဖွင့်ဝင် နှစ်ဦးတို့ဖြစ်ကြောင်း သိရသည်။

၄င်းတို့ကို အင်အား ၁၀၀ ခန်ပါဝင်သည့် အမ်းမြို့နယ်မှ စစ်ကောင်စီတပ်ဖွဲ့ တစ်ခုက ယမန်နေ့နိုဝင်ဘာလ ၇ ရက်၊ နံနက်ပိုင်းတွင် ရဲစခန်းတွင်းဝင်ရောက်ကာဖမ်းဆီးသွားခဲ့ခြင်းဖြစ်ကြောင်း တပ်တောင်မြို့မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးက နိရဥ္စရာသို့ပြောသည်။

"သူတို့ဘယ်တပ်ရင်းကလဲဆိုတာတော့ ကျွန်တော်တို့လည်း မသိဘူး။ အထက်ကအမိန့်အရ ဖမ်းရတဲ့ပုံစံမျိုးနဲ့ လာဖမ်းသွားတယ်။ စခန်းမှူးရယ်၊ ရဲတပ်ဖွဲ့ဝင် ကောင်လေးနှစ်ယောက်ရယ်ကို ဖမ်းသွားတာပါ" ဟုပြောသည်။

ယမန်နေ့က တပ်တောင်ရဲစခန်းကို ဝင်ရောက်ဖမ်းဆီးစဥ် စစ်ကောင်စီတပ်ကား သုံးစီးဖြင့်လာရောက်ခဲ့ပြီး အမ်းမြို့နယ်မှ ရဲတပ်ဖွဲ့ဝင်များလည်းပါဝင်ကြောင်း သူက ပြောသည်။

"ကားသုံးစီးနဲ့လာကြတာပါ။ ရဲကားလည်းပါတယ်။ စစ်တပ်နဲ့ ရဲနဲ့ပူးပေါင်းပြီး ဝင်ဖမ်းသွားကြတာ"ဟု
 ပြောသည်။

စစ်ကောင်စီတပ်ကဖမ်းဆီးသွားသည့် တပ်တောင်ရဲစခန်းမှူး မျိုးမင်းထွန်းအပါအဝင် ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များမှာ ဒေသခံပြည်သူလူထုနှင့် သဟဇာတကျသည့်ဆက်ဆံရေးရှိသူများဖြစ်ပြီး စစ်ကောင်စီအနေဖြင့် ရက္ခိုင်အမျိုးသားအဖွဲ့/ရက္ခိုင့်တပ်တော် (ULA/AA)နှင့် ဆက်စပ်သံသယဖြင့်ဖမ်းဆီးခြင်းဖြစ်နိုင်ကြောင်း သူက ဆက်ပြောသည်။

"သူတို့က ဒီကပြည်သူတွေနဲ့ဆက်ဆံရေးကောင်းအောင်နေကြတယ်။ သဟဇာတဖြစ်တယ်လို့ ပြောရမှာပေါ့။ သူတို့ဖမ်းတာကို တွေးကြည့်မယ်ဆိုရင်တော့ ULA နဲ့ ဆက်စပ်နေတယ်ဆိုပြီး
 ဖမ်းဆီးတာပဲဖြစ်နိုင်တယ်" ဟု ပြောသည်။

စခန်းမှူးမျိုးမင်းထွန်းမှာ တပ်တောင်ရဲစခန်းမှူးရာထူးမှ အမ်းမြို့နယ်သို့ တာဝန်ပြောင်းရွှေ့ထမ်းဆောင်ရမည့်ဆဲဆဲကာလတွင် ယခုကဲ့သို့ စစ်ကောင်စီက ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် တပ်တောင်မြို့တွင် ကပြမည့် အရပ်ဘက်ဇာတ်သဘင်တစ်ခုအတွက် ပါမစ်ချပေးခဲ့သည့်ကိစ္စနှင့်ပတ်သက်၍ ဖမ်းဆီးခြင်းဖြစ်သည်ဟုလည်း သတင်းပျံ့နှံနေကြောင်း
 အဆိုပါရပ်ကွက်အုပ်ချုပ်ရေးမှူးက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

လက်ရှိတွင် တပ်တောင်ရဲစခန်း၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များက လုံခြုံရေးယူတပ်စွဲထားပြီး ရဲတပ်ဖွဲ့ဝင်များထံမှ လက်နက်များကိုဖြုတ်သိမ်းထားကြောင်း၊ ဖမ်းဆီးသွားသည့်ရဲစခန်းမှူး မျိုးမင်းထွန်းတို့ကို မည်သည့်တပ်ရင်းသို့ခေါ်ဆောင်သွားသည်ကို မြို့ခံများအနေဖြင့်မသိရှိရကြောင်း သူကပြောသည်။

ရဲတပ်ဖွဲ့ဝင်နှစ်ဦး ထွက်ပြေးလွတ်မြောက်သွားသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း နိရဥ္စရာအနေဖြင့် အတည်ပြုနိုင်ခြင်းမရှိသေးပါ။

 

ဆက်စပ် သတင်းများ