ကြာသပတေး၊ မေလ ၉ရက်၊ ၂၀၂၄

စစ်တွေဆိပ်ကမ်းအသစ်တွင် သင်္ဘောများဆိုက်ကပ်ရာ၌ အခြားဆိပ်ကမ်းများထက် ကုန်ကျစရိတ် ၄၀ ရာခိုင်နှုန်းအထိ များနေ


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၀၉ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 644

(ယင်းကြောင့် ၂ လခန့်အတွင်း သင်္ဘော ၃ စီးသာဆိုက်ကပ်နိုင်ခဲ့)

ရခိုင်ပြည်နယ် စစ်တွေမြို့က အိန္ဒိယ-မြန်မာချစ်ကြည်ရေး ကုလားတန်မြစ်ဘက်စုံသုံး သယ်ယူပို့ဆောင်ရေးစီမံကိန်း ဆိပ်ကမ်းအသစ်တွင် သင်္ဘောများဆိုက်ကပ်ရာ၌ အခြားဆိပ်ကမ်းများထက် ဆိုက်ကပ်ခ ကုန်ကျစရိတ် ၄၀ ရာခိုင်နှုန်းအထိ များနေသည်ဟု အဆိုပါဆိပ်ကမ်းနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

ယခုစစ်တွေဆိပ်ကမ်းအသစ်သည် နိုင်ငံခြား လိုင်စင်ရထားသည့်ဆိပ်ကမ်းဖြစ်သည့်အတွက် စစ်ကောင်စီဗဟိုဘဏ်က သတ်မှတ်ထားသော ဒေါ်လာဈေးနှင့်အညီ
 သင်္ဘောဆိုက်ကပ်သည့် စရိတ်ကောက်ခံရ၍ အခြားသော စစ်တွေဆိပ်ကမ်းများတွင် ကောက်ခံသည့် ဈေးနှုန်းထက်များခြင်းကြောင့် သင်္ဘောဝင်ရောက်မှု မရှိသလောက်နည်းပါးသည်ဟု စစ်တွေဆိပ်ကမ်းနှင့် နီးစပ်သူတစ်ဦးက နိရဉ္စရာကို ပြောသည်။

"ဒီဆိပ်ကမ်းက နိုင်ငံခြားလိုင်စင်ရထားတဲ့ ဆိပ်ကမ်းဆိုတော့ တခြားဆိပ်ကမ်းတွေထက် ဈေးအရမ်းများတယ်။ ခုအစိုးရကသတ်မှတ်ထားတဲ့ဈေးနှုန်းအတိုင်းပဲကောက်ခံရတော့ ဒီဆိပ်ကမ်းမှာ သင်္ဘော တွေသိပ်မဝင်ဘူးပေါ့နော်"ဟု ပြောသည်။

လက်ရှိတွင် စစ်တွေဆိပ်ကမ်းသစ်၌ ဆိုက်ကပ်ခ ကုန်ကျစရိတ်မှာ စစ်တွေရှိ အခြားသော ဆိပ်ကမ်းများထက်
 ၄၀ ရာခိုင်နှုန်းအထိ ပိုမိုများပြားနေ၍ စက်တင်ဘာ ၂၀ ရက်မှ နိုဝင်ဘာလအစောပိုင်းအထိ ၂ လခန့်အတွင်း ကမ်းရိုးတန်းသင်္ဘော ၃ စီးသာဆိုက်ကပ်နိုင်ခဲ့သည်ဟု သူက ဆိုသည်။

"ခုချိန်ထိ local သင်္ဘောတွေ ကပ်တာနည်းတယ်။ သုံးစီးလောက်ပဲ။ မိုခါကယ်ဆယ်ရေး သင်္ဘောတွေပဲကပ်တယ်။ ရန်ကုန်ကလာတာလေ။ စီးပွားဖြစ်ကပ်တာက နည်းတယ်လို့သိရတယ်" ဟုပြောသည်။

ဆိုက်ကပ်ခကုန်ကျစရိတ်များသော်လည်း ကုန်တင်ကုန်ချပြုလုပ်ရာတွင် စက်ယန္တရားကြီးများကိုအသုံးပြုသည့်အတွက် အခြားဆိပ်ကမ်းများထက် ပိုမိုမြန်ဆန် လွယ်ကူကြောင်း သိရသည်။

စစ်တွေတွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်လက်အောက်ရှိ ရွှေမင်းဂံဆိပ်ကမ်းနှင့် ဖောင်တော်ကြီးဆိပ်ကမ်းများသည် ကုန်ကျစရိတ်သက်သာ၍ ဆိုက်ကပ်သူများသည်ဟုလည်း ‌စစ်တွေမြို့ခံတစ်ဦးက နိရဉ္စရာကိုပြောသည်။

"ဆိပ်ကမ်းအသစ်မှာ သင်္ဘောတွေကပ်ချင်ပေမယ့် ဈေးကအရမ်းကွာတော့ မကပ်နိုင်ကြဘူးလေ။ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် မြန်မာရေကြောင်းဆိပ်ကမ်းတွေမှာကျတော့ ဆိပ်ကမ်းအသစ်နဲ့ ကွာတယ်။ ဆိပ်ကမ်းကပ်ခဈေးကြီးရင် ကုန်ဈေးနှုန်းကြီးတယ်။ ဒေသခံတွေအတွက် မကောင်းဘူး" ဟုပြောသည်။

စစ်တွေဆိပ်ကမ်းသစ်ကို ပြီးခဲ့သည့် မေလ ၉ ရက်တွင် မြန်မာ-အိန္ဒိယနှစ်နိုင်ငံ အစိုးရတာဝန်ရှိသူများက စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

ယင်းသို့ဖွင့်လှစ်ပြီးနောက် မေလ ၁၄ ရက်တွင် မိုခါမုန်တိုင်းတိုက်ခတ်ခဲ့ပြီးနောက် အဆိုပါဆိပ်ကမ်းကို စစ်ကောင်စီ၏ ရေကြောင်းမှလာသည့် လေဘေးကယ်ဆယ်ရေးရေယာဉ်များအတွက် အသုံးပြုနေခဲ့ရ၍ အခြားရေယာဉ်များ ဆိုက်ကပ်နိုင်ခြင်းမရှိခဲ့ဟု သိရသည်။

ယင်းနောက် အဆိုပါဆိပ်ကမ်း၌ နိုင်ငံတကာကုန်သင်္ဘောများနှင့် စစ်တွေ-ရန်ကုန်ပြေးဆွဲနေသည့် ကုန်သင်္ဘောများအပါအဝင် ပြည်တွင်းရေကြောင်းသင်္ဘောများ ဆိုက်ကပ်ခွင့်ကို စစ်ကောင်စီက စက်တင်ဘာ ၂၀ ရက်မှစတင်ကာ ခွင့်ပြုပေးခဲ့သည်။

စစ်တွေဆိပ်ကမ်းသည် မြန်မာနှင့် အိန္ဒိယ နှစ်နိုင်ငံကုန်စည်များ တိုက်ရိုက်ကူးသန်းနိုင်မည့် ကုလားတန် မြစ်ကြောင်း ဘက်စုံသုံး စီမံကိန်းတွင်ပါဝင်သည့် ဆိပ်ကမ်းတစ်ခုဖြစ်သည်။

ထိုဆိပ်ကမ်းကို ၂ဝဝ၉ ခုနှစ်မှစတင်ကာ အိန္ဒိယနိုင်ငံအစိုးရက အမေရိကန်ဒေါ်လာသန်း ၁၂ဝ အကုန်အကျခံတည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၂ ခုနှစ်၊ နှစ်ကုန်ပိုင်းတွင် ရာနှုန်းပြည့် တည်ဆောက် ပြီးစီးခဲ့ခြင်း ဖြစ်သည်။

တည်ဆောက်ပြီးနောက် ပြီးခဲ့သည့် ဇန်နဝါရီလ ၁၃ ရက်တွင် စစ်တွေဆိပ်ကမ်းမှတဆင့် ဆန်တန်ချိန် ၂၆ဝဝ ကျော်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အစမ်းသဘောမျိုး ပို့ဆောင်ပေးနိုင်ခဲ့သည်ဟုလည်း သိရသည်။

စစ်တွေဆပ်ကမ်းပါဝင်နေသည့် ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးစီမံကိန်းကိုလည်း မြန်မာ-အိန္ဒိယ နှစ်နိုင်ငံသဘောတူညီချက်ဖြင့် ၂ဝ၁၈ ခုနှစ်တွင် နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပြီး အိန္ဒိယမှ အမေရိကန် ဒေါ်လာသန်း (၅၀၀) ခန့်ရင်းနှီးမြှုပ်နှံထားခြင်းဖြစ်သည်။

ယင်းစီမံကိန်းကို စစ်တွေမှ ပလက်ဝအထိ ရေကြောင်းမှ ကုန်ပစ္စည်းများကို ပို့ဆောင်ရန်နှင့် ပလက်ဝမှတဆင့် မြန်မာ-အိန္ဒိယနယ်စပ်ဖြစ်သည့် အိန္ဒိယနိုင်ငံ၊ မီဇူရမ်ပြည်နယ်သို့ ကုန်းလမ်းဖြင့် ကုန်ပစ္စည်းများကို ပို့ဆောင်ရန် အကောင်အထည်ဖော်နေခြင်းဖြစ်သည်။

ရေကြောင်းမှ ကုန်ပစ္စည်းများပို့ဆောင်နိုင်ရန် စစ်တွေမြို့နှင့် ချင်းပြည်နယ် ပလက်ဝမြို့တို့တွင် ဆိပ်ကမ်းတစ်ခုစီကို တည်ဆောက်ပြီးစီးသွားပြီဖြစ်သည်။

လက်ရှိတွင် မီဇိုရမ်ပြည်နယ်၊ လွမ့်တလိုင်း (Lawngtlai) ခရိုင်မှ မြန်မာနယ်စပ်အထိ ၁၁၇ ကီလိုမီတာ အရှည်ရှိသော နှစ်လမ်းသွား ကားလမ်းကိုလည်း ဖောက်လုပ်နေပြီဖြစ်သည်။

အဆိုပါကားလမ်းဖောက်လုပ်ပြီးစီးရန် အချိန်အနည်းငယ်ကြာဦးမည်ဖြစ်ပြီး ယင်းကားလမ်း ဖောက်လုပ်ပြီးစီးပါက ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးစီမံကိန်းကို စတင် အသုံးပြုနိုင်တော့မည်ဖြစ်သည်။

အဆိုပါ စီမံကိန်း တည်ဆောက်ပြီးစီးပါက အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း ဒေသများနှင့် မြန်မာနိုင်ငံအနောက်ပိုင်းဒေသများကြား ကုန်စည်စီးဆင်းမှု ပိုမိုကောင်းမွန်လာမည်ဟု နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များက ခန့်မှန်းထားကြသည်။

 

ဓာတ်ပုံ - Sittwe Port


 

ဆက်စပ် သတင်းများ