ဗုဒ္ဓဟူး၊ မေလ ၈ရက်၊ ၂၀၂၄

ရခိုင်တွင် ပွင့်လင်းရာသီရောက်လာ၍ ဇာတ်သဘင်များ နယ်အနှံ့ ကပြဖြေဖျော်


  • ရေးသူ: Web Master (NN 12)
  • | ရက်စွဲ: ၁၀ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.9k

ရခိုင်တွင် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်ပြီး တိုက်ပွဲများလည်း မရှိဘဲ နယ်မြေ အခြေအနေ တည်ငြိမ်နေသည့်အတွက် ရခိုင် ကျေးလက်ဒေသများတွင် ဇာတ်သဘင်များကပြ ဖျော်ဖြေနေကြပြီ ပရိသတ်များလည်း အတိုင်းအတာတိ အားပေးကြည့်ရှုမှုရှိနေဟု သတင်းရရှိသည်။

ရခိုင်ရှိ အမ်း၊ မြေပုံ၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်းနှင့် ကျောက်ဖြူ စသည့် မြို့နယ်တို့တွင် နိုဝင်ဘာလ ပထမအပတ်မှစတင်ကာ ဇာတ်သဘင်များက ကပြဖျော်ဖြေနေကြခြင်းဖြစ်သည်။

ဇာတ်ပိုင်ရှင်များအနေဖြင့်လည်း ဒေသခံများက ပွဲငှားခေါ်ယူ၍ ဇာတ်ကပြ ဖျော်ဖြေနိုင်ရန်အတွက် သက်ဆိုင်ရာမြို့နယ်အလိုက် ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီလက်အောက်ခံ သက်ဆိုင်ရာတာဝန်ရှိသူ အာဏာပိုင်များကို အသိပေးအကြောင်းကြားပြီးမှ ကပြဖျော်ဖြေခွင့်ရယူကာ ကပြနေကြခြင်း ဖြစ်သည်ဟု ဇာတ်ပိုင်ရှင်များထံမှတစ်ဆင့် သိရသည်။



ဇာတ်ပိုင်ရှင်တစ်ဦးက "ကျွန်တော်တို့က ပွဲကမယ်ဆိုရင် နှစ်ဘက်တာဝန် ရှိသူတွေကို အသိပေးရတယ်။ အေအေဘက်ကတော့ ဇာတ်ကလို့ရမယ့် မြို့နယ်တွေနဲ့အခြေအနေတွေကိုကြည့်ပြီး တရားဝင်ခွင့်ပြုပေးတယ်။ မြန်မာစစ်တပ်ဘက်ကတော့ တရားဝင်ခွင့်ပြုပေးတာမျိုးတော့ မရှိဘူး။ ဒါပေမဲ့ သူတို့ကိုအသိပေးတယ်။ သွားရောက်တိုင်ကြားတယ်။ သူတို့ဘက်ကတော့ ဘာမှအကြောင်းမပြန်ပါဘူး" ဟု ပြောသည်။

ရခိုင်တွင် လက်ရှိ အချိန်၌  ဘုရားပွဲတော်များ ကျင်းပသည့် ကာလမဟုတ်သဖြင့်  ဇာတ်သဘင်များကို ဒေသခံများက ကန်ထရိုက်ယူကာ ပွဲငှားခေါ်ယူ၍ ကပြဖျော်ဖြေနေကြခြင်း ဖြစ်သည်ဟု သိရသည်။

ဇာတ်ပိုင်ရှင်များမှာ ဘုရားပွဲဆိုလျှင် ဇာတ်ခ ကျပ် ၂၅ သိန်းအထိရရှိပြီး ရုံပွဲဆိုလျှင် ကျပ် ၁၈ သိန်းမှ ၁၉ သိန်းအထိရရှိသည်ဟု သိရသည်။




ရခိုင်တွင် ပွင့်လင်းရာသီဖြစ်သည့် တန်းဆောင်မုန်း၊ နတ်တော်၊ ပြာသို၊ တပို့တွဲ၊ တပေါင်းစသည့် ရာသီအချိန်မျိုးတွင် ရခိုင်ပြည်၌ ဘုရားပွဲများရှိသည့်အတွက် အဆိုပါပွဲများတွင် ကပြဖြေဖျော်နိုင်ရန် မိုးတွင်းပိုင်းမှစတင်ကာ ဇာတ်ပိုင်ရှင်များ အနေဖြင့် ဇာတ်တိုက်ခြင်း၊ တီးလုံးတိုက်ခြင်း၊ ပြဇာတ်နှင့် အငြိမ့်အကတို့ကို ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ခဲ့ကြရသည်ဟု သိရသည်။

ယခုလို ဇာသဘင်များ ကပြဖြေဖျော်နေသော်လည်း တစ်ဖက်တွင် စစ်ရေး အခြေအနေ တင်းမာနေ၍ ဒေသခံပြည်သူများအနေဖြင့်  စိုးရိမ်ထိတ်လန့်မှုများဖြင့် ပွဲကြည့်နေကြရသည်ဟု ဆိုသည်။

စစ်ကောင်စီက ရခိုင်တွင် စစ်အင်အားဖြည့်တင်းခြင်း၊ ရိက္ခာဖြည့်တင်းခြင်းအပြင် စစ်ရေးလှုပ်ရှာမှုများနှင့် လက်နက်ကြီးများ စမ်းသပ်ပစ်ခတ်ခြင်း တို့ကို မကြာခဏ ဆိုသလိုပြုလုပ်လျက်ရှိနေ၍ တိုက်ပွဲများ ပြန်ဖြစ်လာနိုင်သည့် အနေအထားလည်း ရှိနေသည်ဟု သုံးသပ်မှုများလည်း ထွက်ပေါ်နေသည်။

ပုဏ္ဏားကျွန်းဒေသခံတစ်ဦးက "ဒီအချိန်ကတော့ ပွဲလမ်းသဘင်တွေကို သွားရောက်ပြီး အပျော်မက်နေရမယ့်အချိန်မဟုတ်ဘူး။ ရခိုင်မှာ အခုလက်ရှိ စစ်ရေးအခြေအနေတွေဘယ်လိုရှိနေတယ်ဆိုတာ အကုန်သိထားကြမှာပါ။ တိုက်ပွဲတွေလည်း အချိန်မရွေးထဖြစ်လာနိုင်တဲ့ အခြေအနေတွေရှိနေတယ်" ဟု ပြောသည်။

ရခိုင်မှာ ပြီးခဲ့သည့်နှစ် ပွင့်လင်းရာသီတုန်းက ဇာတ်သဘင်များကို မြို့ပေါ်တွင် ကပြဖြေဖျော်ခွင့်အား စစ်ကောင်စီ တာဝန်ရှိသူများက ပိတ်ပင်ထား၍ လုပ်ငန်းများ ရပ်နားထားရသည်အထိ အခက်အခဲကြုံတွေ့ခဲ့ကြရပြီး ယခုနှစ်တွင်လည်း ထိုသို့ အခက်အခဲမျိုး မကြုံချင်ဘဲ ဇာတ်ပွဲရာသီကုန်ဆုံးအောင်ထိ ကပြခွင့် ရရှိစေချင်သည်ဟု ဇာတ်ပိုင်ရှင်တစ်ဦးက ပြောသည်။

ဇာတ်သဘင်လောကသားများမှာ ဇာတ်ကပြီး ဘ၀ဝမ်းကျောင်းနေကြရသူများ ဖြစ်၍ ဇာတ်ကရမှ ဝမ်း၀ကြရသူများဖြစ်သဖြင့် ရခိုင်ပြည်နယ်ကို တည်ငြိမ်အေးချမ်း စေချင်သည်ဟု ၎င်းက ပြောကြားသွားသည်။

ကျေးလက်များကိုသွားရောက်ကပြကြရာတွင်လည်း လမ်းခရီးမကောင်း၍ သွားလာရခက်ခဲပြီး စရိတ်စခများလည်း များပြားကာ အကုန်အကျများ၍ အမြတ်လည်း နည်းပါးသည်ဟု  ဇာတ်သဘင်အသိုင်းအဝိုင်းမှ သိရသည်။

ရခိုင်တွင် ယခုနှသ် ကပြနေသည့် ဇာတ်သဘင် ၂၀ ခန့်ရှိပြီး ပုံမှန်ဆိုလျှင် ပွင့်လင်းရာသီများဖြစ်သည့် အောက်တိုဘာလမှ ဧပြီလအထိ ကပြဖြေဖျော် ကြကြောင်းသိရသည်။  (NN-12)

ဓာတ်ပုံ - ရခိုင်တွင် ယခုနှစ်ပွင့်လင်းရာသီ၌ ကပြဖျော်ဖြေလာသော ဇာတ်သဘင်များအားတွေ့ရစဥ်။

ဆက်စပ် သတင်းများ