ဗုဒ္ဓဟူး၊ မေလ ၈ရက်၊ ၂၀၂၄

မင်းပြား ရေဖြူသိမ်တောင်ရွာတွင် မီးလောင်မှုဖြစ်ပွား၍ လူနေအိမ်တစ်လုံး ပြာကျ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 600

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်၊ သိမ်တောင်အုပ်စု၊ ရေဖြူသိမ်တောင်ကျေးရွာတွင် ယနေ့ နေ့လယ်ပိုင်းက မီးလောင်မှုဖြစ်ပွား၍ လူနေအိမ်လုံး ပြာကျသွားကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားခဲ့သော နေအိမ်မှာ ရေဖြူသိမ်တောင်ကျေးရွာမှ ဦးလုံးချေ၏ နေအိမ်ဖြစ်သည်။

ယနေ့ နိုဝင်ဘာလ ၁၀ ရက်၊ နေ့လယ် ၁ နာရီခန့်တွင် နေအိမ်၌ လူမရှိသည့်အချိန် မီးဖိုချောင် မီးကြွင်းမီးကျန်မှတဆင့် နေအိမ်သို့ ကူးစက်ကာ လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်ဟု ရွာသားတစ်ဦးက ပြောသည်။

“မီးဖိုချောင်ကနေတဆင့် စလောင်သွားတာပါ။ မီးလောင်တဲ့အချိန်မှာ အိမ်ပိုင်ရှင်က စပါးသွားသိမ်းတယ်။ ဇနီးဖြစ်သူက ထင်းသွားခွေတယ်။ ကလေးတွေကတော့ ကျောင်းသွားတက်နေကြတယ်။ အဲဒီအချိန်မှာ လောင်သွားတာပါ။ လောင်တာက နာရီဝက်ပဲကြာလိုက်တယ်။ ရွာသားတွေဝိုင်းပြီးတော့ မီးငြှိမ်းသတ်ကြပေမဲ့ အိမ်က ပြာကျသွားတယ်”ဟု ပြောသည်။



မီးလောင်မှုစဖြစ်သည်နှင့် ရွာသားများက ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ကြသော်လည်း နေအိမ်မှာ နာရီဝက်အတွင်း ပြာကျသွားခဲ့သည်ဟု ဆိုသည်။

မီးလောင်ခဲ့သော‌ နေအိမ်မှာ ၉ ပေ ပတ်လည်ခန့်ရှိပြီး အုန်းမိုး၊ ဝါးထရံကာ၊ ကြမ်းခင်း၊ ဓနိမိုးထားသည့် နေအိမ်အမျိုးအစားဖြစ်သည်ဟု သိရသည်။

လက်ရှိတွင် အဆိုပါမီးလောင်ခဲ့သောနေအိမ်မှ မီးဘေးဒုက္ခသည် ၅ ဦးမှာ မီးလောင်ခဲ့သော မြေနေရာတွင် ယာယီတဲထိုး၍ နေနေကြရကြောင်းလည်း သိရသည်။

မောင်တောမြို့နယ်၊ လိပ်ရ(မြောက်) ကျေးရွာတွင်လည်း ယမန်နေ့ နိုဝင်ဘာ ၉ ရက်၊ ညဥ့်၂ နာရီခန့်က ပျဥ်စီ၊ ပျဥ်ထောင်၊ သွပ်မိုး လူနေအိမ်တစ်လုံးမှာ မီးလောင်၍ ပြာကျသွားခဲ့သေးသည်။

ယခုအချိန်မှာ ပွင့်လင်းရာသီ ရောက်လာပြီဖြစ်သည့်အတွက် ပြည်သူများအနေဖြင့် မီးသတိထားကြရန် လိုအပ်သည်ဟုလည်း လူမှုကူညီရေးလုပ်ကိုင်နေသူများက ပြောကြသည်။ (NN-3)

ဆက်စပ် သတင်းများ