ဗုဒ္ဓဟူး၊ မေလ ၈ရက်၊ ၂၀၂၄

ရခိုင်တွင် အမျိုးသမီးများအတွက် စွမ်းဆောင်ရည်မြှင့်တင်မှု အားနည်းနေ


  • ရေးသူ: Web Master (NN 16)
  • | ရက်စွဲ: ၁၁ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 454

ရခိုင်ပြည်နယ်တွင် အမျိုးသမီးများအတွက် စွမ်းဆောင်ရည်မြှင့်တင်ပေးမှုများကို စစ်ကောင်စီအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများနှင့် အရပ်ဘက်အဖွဲ့အစည်းများက လုပ်ဆောင်ပေးခြင်း အားနည်းလျက်ရှိသည်ဟု လေ့လာစောင့်ကြည့်သူများက ပြောသည်။

ဝံလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်းမှ ဒါရိုက်တာ ဦးခိုင်ကောင်းစံက “အမျိုးသမီးတွေအတွက် စွမ်းဆောင်ရည်မြှင့်တင်ပေးမှုအားနည်းတယ်လို့ ပြောတဲ့အခါကျတော့ ဘာနဲ့ သက်ဆိုင်မလဲဆိုရင် ဒေသတွင်းမှာရှိနေတဲ့ လူတွေကိုယ်၌ကလည်း အားစိုက်ဖို့ လိုတယ်ပေါ့နော်။ နိုင်ငံတကာအဖွဲ့အစည်းတွေကိုပဲ မျှော်လင့်လို့ချည်း မရဘူးပေါ့။ ဒေသတွင်းမှာရှိတဲ့ လုပ်ငန်းရှင်တွေကိုယ်၌ကလည်း အမျိုးသမီးတွေ သက်မွေးဝမ်းကျောင်းအလုပ်တွေအတွက် အဆင်ပြေအောင် ဖန်တီးပေးဖို့လိုတယ်။ အဲဒီအမျိုးသမီးတွေကိုယ်၌ကလည်း ကိုယ်တို့တတ်ကျွမ်းထားတဲ့ပညာတွေနဲ့ လုပ်ဖို့ဟာကိုလည်း ကိုယ်တို့ကိုယ်၌ကလည်း ယုံကြည်မှုရှိဖို့လိုတယ်။ သို့သော် ရှိရင်တောင်မှ ကျနော်ထင်တယ်။ Market မရှိဘူး ဒီဘက်မှာ။ ရယ်ဒီမိတ်တွေလာတယ်ပေါ့ ဒီခေတ်မှာဆိုရင်။ အစစအရာရာ အဲလိုမျိုးလာနေတော့ တစ်ခုမှကို အဆင်မပြေဘူးပေါ့”ဟု ပြောသည်။

ရခိုင်ရှိ Women Generation အဖွဲ့မှ ဒါရိုက်တာ ဒေါ်ခင်မြင့်ဇော်က “အဓိက အခက်အခဲမှာကျတော့ သင်တန်းလုပ်ရတဲ့အခါ စိတ်ပါဝင်စားမှုမရှိဘူးပေါ့နော်။ သင်တန်းတွေလုပ်တာက Awareness ပေါ့နော်။ သူတို့ အသိအမြင်ရလာဖို့၊ Behavior Change တွေဖြစ်လာဖို့၊ ပိုလို့ သိလာဖို့၊ ပိုလို့ဟိုဟာဖြစ်လာဖို့အတွက် အဓိက ပေးရတာပေါ့နော်။ သူတို့ကို အဲလိုပုံစံမျိုးပေးရုံလောက်နဲ့လည်း မရဘူး။ အလုပ်အကိုင်တွေ လက်တွေ့ သူတို့လုပ်နိုင်အောင်လည်း ဒီဘက်က ဖန်တီးပေးရမယ်။ အဲလောက်ထိလုပ်နိုင်အောင်အတွက်ကလည်း ဒီဘက်မှာ Awareness ပေးတဲ့သူတွေမှာကျရင် အချိန်ကာလရော၊ ဘတ်ဂျက်ရော အခက်အခဲတွေရှိတယ်ပေါ့နော်”ဟု ပြောသည်

ယင်းသို့ ပံ့ပိုးမှုအားနည်းနေသည့်အပြင် အလုပ်အကိုင်အခွင့်အလမ်းများမရှိသည့်အတွက် ရခိုင်ရှိ အမျိုးသမီးများ၊ အထူးသဖြင့် ကျေးလက်တောရွာများရှိ အလုပ်လက်မဲ့ အမျိုးသမီးများသည် စိတ်လေလွင့်ကာ အလွယ်လမ်းဖြစ်သော ဖဲရိုက်ခြင်းနှင့် ချဲ(ခေါ်) နှစ်လုံးထီနှင့် သုံးလုံးထီထိုးခြင်းစသည့် တရားမဝင်လောင်းကစားများကို ပိုမိုလုပ်လာနေကြသည်ဟုလည်း ဒေသခံများက ပြောသည်။

ကျောက်တော်မြို့နယ်မှ ဒေါ်မအေးသန်းက “အစတော့ တစ်ရာဖိုး၊ နှစ်ရာဖိုးထိုးတယ်လေ။ ပေါက်တယ်။ ပြီးရင် ထပ်ထိုးတယ်။ တချို့ကျတော့ မပေါက်ဘူး။ ထပ်ထိုးတယ်။ မပေါက်ဘူး။ အဲလိုမျိုးတွေလည်း မြင်ရပါတယ်။ ပြီးရင် ချဲထိုးလို့ စားဖို့မရှိ၊ သောက်ဖို့မရှိ၊ အကြွေးတွေများလာရင် မိန်းမပါ၊ လင်ပါ နိုင်ငံခြားထွက်။ သားသမီးတွေကို အဖိုး၊ အဘောင်တွေနဲ့ အပ်ထားခဲ့၊ အဲလိုမျိုးလည်းမြင်ရပါတယ်”ဟု ပြောသည်။

ငွေကျပ် တစ်ရာဖိုး၊ နှစ်ရာဖိုးမှ သိန်းနှင့်ချီ၍ လောင်းကစားမှုပြုလုပ်နေကြသည်ဟုလည်း ဆိုသည်။ အချို့ဆိုလျှင် ပြည်ပရှိ မိသားစုဝင်များပေးပို့လိုက်သည့် လုပ်အားခငွေကြေးများကို အဆိုပါလောင်းကစားမှုများတွင် အလွန်အကျွံသုံးစွဲမိ၍ အကြွေးများခေါင်ခိုက်သွားခြင်းများလည်း ရှိနေသည်ဟု ပြောကြသည်။ အကြွေးများပတ်လည်ဝိုင်းနေသည်ကို ပြည်ပရှိ မိသားစုဝင်များကိုလည်း အကျိုးအကြောင်းမပြောဝံ့တော့ဘဲ ပြန်လည်မဆပ်နိုင်မည်ကိုစိုးရိမ်၍ မိမိကိုယ်ကို သေကြောင်းကြံစည်မှုများလည်း ဖြစ်ပွားနေသည်ဟု ဒေသခံများက ပြောသည်။

ရခိုင်ပြည်နယ်အတွင်း အထူးသဖြင့် ကျေးလက်တောရွာများတွင် တရားဥပဒေစိုးမိုးမှုအားနည်းချက်ကို အခွင့်ကောင်းယူကာ ယခုနောက်ပိုင်း ချဲ(ခေါ်) နှစ်လုံးထီနှင့် သုံးလုံးထီလုပ်ငန်းများ တစ်နေ့တခြားတွင်ကျယ်လျက်ရှိနေ၍ စာရိတ္တများပျက်ယွင်းကာ လူမှုစီးပွားဘဝများ ပျက်စီးလျက်ရှိနေသည်ဟု ဒေသခံများက ပြောသည်။

ဝံလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်းမှ ဒါရိုက်တာ ဦးခိုင်ကောင်းစံက “ဒီပြဿနာက ကျေးလက်မှာဆိုရင်တော့ လွယ်တယ်ပေါ့လေ။ ကျေးလက်မှာ ချဲထိုးတယ်ဆိုရင်တော့ ကျေးလက်မှာ နှစ်ဘက်အုပ်ချုပ်တဲ့ အုပ်ချုပ်ရေးမှူးတွေလည်းရှိတယ်။ စသည်အားဖြင့်ပေါ့လေ။ မှန်မှန်ကန်ကန်နဲ့ ထိထိရောက်ရောက် လုပ်ကြမယ်ဆိုရင်တော့ ပပျောက်သွားမှာဖြစ်တယ်။ နောက်တစ်ခုက နှစ်ဘက်အုပ်ချုပ်ရေးတွေက မလုပ်ရင်တောင်မှ ကိုယ်တို့ကိုယ်၌က သိဖို့လိုတယ်ပေါ့။ ဥပမာ နှစ်လုံးထိုးတယ်ဆိုတာက အကွက် ၁ဝဝ ကမှ တစ်ကွက်ထွက်နေတာပေါ့လေ။ အဲဒါကို လူတိုင်းသိတယ်။ သိသိရင်းနဲ့ လုပ်နေကြတယ်ပေါ့”ဟု ပြောသည်။

ရခိုင်တွင် ယခုကဲ့သို့ တရားမဝင်လောင်းကစားမှုများပြုလုပ်နေခြင်းကို စစ်ကောင်စီကလည်း ထိထိရောက်ရောက်ကာကွယ်တားဆီးအရေးယူခြင်းမရှိသလို နယ်မြေအများစုကို လွှမ်းမိုးထားနိုင်သည့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)ကလည်း ထိရောက်စွာ တားဆီးနိုင်ခြင်းမျိုးမရှိသေးဟု ဒေသခံများက ပြောဆိုကြသည်။

ULA/AA ပြောခွင့်ရသူ ဦးခိုင်သုခကမူ ULA အနေဖြင့် ရခိုင်တွင် ပြည်သူ့လုံခြုံရေးနှင့် တရားဥပဒေဆိုင်ရာကိစ္စများကို ဦးစားပေးဆောင်ရွက်နေရသေးသည့်အတွက် ယခုကဲ့သို့ တရားမဝင်လောင်းကစားမှုများကို တားဆီးကာကွယ်ရန်မှာ လောလောဆယ် မဖြစ်နိုင်သေးဟု ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ်၊ မတ်လ ၅ ရက်က အွန်လိုင်းမှပြုလုပ်သည့် ULA/AA ၏ ပထမဆုံးအကြိမ်သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့ဖူးသည်။

ရခိုင်တွင် အလုပ်အကိုင် အခွင့်အလမ်းရရှိမှု၊ ဖန်တီးပံ့ပိုးမှုနည်းပါးခြင်းနှင့်အတူ  တရားမဝင် လောင်းကစားများလုပ်ကိုင်ခြင်း၊ ပြည်ပတွင် သွားရောက်လုပ်ကိုင်ရာမှာ လုပ်အားခခေါင်းပုံဖြတ်ခံရခြင်း၊ ရောင်းစားခံရခြင်းနှင့် လိင်ပိုင်းဆိုင်ရာ ကျူးလွန်စော်ကားခံရခြင်း အစရှိသော နောက်ဆက်တွဲဆိုးကျိုးတို့ကို ခံစားနေကြရသည်ဟု ကူညီဆောင်ရွက်ပေးနေသည့်အဖွဲ့အစည်းများမှ သိရသည်

ဝံလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်းမှ ဒါရိုက်တာ ဦးခိုင်ကောင်းစံက “အဓိကတော့ နိုင်ငံတကာပါ၊ အစိုးရပါ၊ လူမှုအဖွဲ့အစည်းတွေမှာလည်း တာဝန်ရှိတယ်ပေါ့လေ။ အမျိုးသမီးတွေအတွက် သက်မွေးပညာတွေ သင်ပေးတာမျိုး။ နောက် သက်မွေးပညာသင်ပြီးရင် သူတို့ရဲ့ သက်မွေးပညာက တတ်လာတာတွေကို ရင်းနှီးမြှုပ်နှံဖို့အတွက် Market Assessment ။ နောက်ပြီးရင် သူတို့ရဲ့ ကုန်စည်စီးဆင်းမှု လုပ်ဆောင်မှုပေါ့လေ။ လုပ်တဲ့အခါ ငွေကြေးထောက်ပံ့မှုတွေ အဲလိုဟာမျိုးတွေ ပံ့ပိုးပေးဖို့ အရေးကြီးတယ်လို့ မြင်ပါတယ်။ ပံ့ပိုးမှုအားနည်းတဲ့အတွက် ပြည်ပကို အလုပ်သွားလုပ်ကြမယ်။ ပညာအားနည်းတဲ့သူတွေက ပင်ပင်ပန်းပန်း အလုပ်တွေလုပ်ကြရမယ်။ ပညာနည်းနည်းကလည်း ရှိတယ်။ အချိတ်အဆက်ကလည်းရှိတယ်ဆိုရင် ပြည်ပသွားကြမယ်။ နောက်တစ်ခါ နောက်ပိုင်းမှာဆိုရင် လူကုန်ကူးခံရတာတွေဆိုရင် အရှေ့အလယ်ပိုင်း ဒေသတွေမှာတောင် လူကုန်ကူးခံရတာတွေရှိတယ်ပေါ့လေ။ အဲလိုမျိုး လူကုန်ကူးခံရမှုတွေကိုပါ ကြုံလာနိုင်ပါတယ်”ဟု ဆိုသည်။

၂ဝ၂၃ ခုနှစ်အတွက် မြန်မာနိုင်ငံ၏ ခန့်မှန်းလူဦးရေစာရင်းကို စစ်ကောင်စီက ပြီးခဲ့သည့် အောက်တိုဘာလ ၁ ရက်တွင် ထုတ်ပြန်ခဲ့ရာ ရခိုင်ပြည်နယ်၌ လူဦးရေ ၃ ဒသမ ၄ သန်းရှိသည်ဟု ဖော်ပြခဲ့သည်။ 

ယင်းအထဲတွင် အမျိုးသား ၁ ဒသမ ၆ သန်းနှင့် အမျိုးသမီးမှာ ၁ ဒသမ ၈ သန်းပါဝင်ပြီး အမျိုးသမီးဦးရေက အမျိုးသားဦးရေထက် များနေသည်ဟု ဖော်ပြထားသည်။ ရခိုင်ရှိ အလုပ်လက်မဲ့ဦးရေမှာလည်း အမျိုးသားများထက် အမျိုးသမီးဦးရေများနေသည်ဟု လေ့လာသူများက ပြောသည်။

ဆက်စပ် သတင်းများ