ကြာသပတေး၊ မေလ ၉ရက်၊ ၂၀၂၄

စစ်တွေတွင် လူမှုရေးအဖွဲ့အစည်းတစ်ခုမှ ဒါရိုက်တာတစ်ဦးကို အဖွဲ့တစ်ခုက ဖမ်းဆီးခေါ်ဆောင်သွား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 997

ရခိုင်ပြည်နယ်၊စစ်တွေမြို့တွင်  လူမှုရေးအဖွဲ့အစည်းတစ်ခုဖြစ်သည့်  ရက္ခမဏ္ဍိုင်ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းမှ ဒါရိုက်တာတစ်ဦးကို အမည်မသိ အဖွဲ့တစ်ခုက ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သတင်းရရှိသည်။

ဖမ်းဆီးခံလိုက်ရသူမှာ ရက္ခမဏ္ဍိုင်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းမှ ဒါရိုက်တာ တစ်ဦးဖြစ်သူ ဦးအောင်နိုင်‌(ခေါ်)ဦးလှမြတ်ထွန်း အသက် ၃၇ ဖြစ်ပြီး စက်ရုံစု ၆ ရက်ကွက်တွင်နေထိုင်သူ ဖြစ်ကြောင်းသိရသည်။

၎င်းအား စစ်တွေမြို့၊စက်ရုံစုဈေး နာဇီရွာလမ်းတွင်  နိုဝင်ဘာ ၁၀ ရက် နံနက်ပိုင်းက အမည်မသိ အဖွဲ့တစ်ခုမှ ဖမ်းဆီးသွားသည်ဟု စစ်တွေမြို့ခံ မျက်မြင်တစ်ဦးက နိရဉ္စရာသတင်းဌာနကိုပြောသည်။

" ဘယ်အဖွဲ့ကဖမ်းတာလဲမသိဘူး။သူ့ကိုရိုက်နှက်ပြီးခေါ်သွားတယ်" ဟုပြောသည်။



ဖမ်းဆီးခံရသည့်နေ့မှစပြီးယနေ့အချိန်ထိ မည်သည့်နေရာသို့ဖမ်းဆီးခေါ်ဆောင်ခြင်းကို ခံခဲ့ရသည်ကို မသိရှိရသေးသလို မိသားစုများနှင့် အဆက်အသွယ်မရရှိသေးဟု ရက္ခမဏ္ဍိုင်ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းမှ လူငယ်တစ်ဦးကနိရဉ္စရာကိုပြောသည်။

" မိသားစုနဲ့အက်အသွယ်မရလို့ စိတ်ပူနေကြတယ်။ သူကလူကောင်းပါ။ ကျနော်တို့ရဲ့ဆရာပါ။ သူမရှိရင်ကျနော်တို့အဖွဲ့ဘာမှလုပ်လို့မရပါဘူး။သူ့ကိုဖမ်းသွားတဲ့ဘယ်အဖွဲ့မဆို အပြစ်မရှိရင် အမြန်လွှတ်ပေးပါလို့လေးလေးနက်နက်တောင်းဆိုချင်တယ်" ဟုပြောသည်။

ရက္ခမဏ္ဍိုင်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း ဒါရိုက်တာတစ်ဦးဖြစ်ပြီးဦးလှမြတ်ထွန်းသည်  တစ်ခြား CSO လူမှုရေးအဖွဲ့များနှင့် လက်တွဲလုပ်ဆောင်နေသူဖြစ်ကြောင်း သိရသည်။

ယခုဖမ်းဆီးမှုနှင့် ပတ်သက်ပြီး မည်သည့်အဖွဲ့အစည်းက ဖမ်းဆီးသွားသည်ကို မသိရသေးသဖြင့် စိုးရိမ်နေရသည်ဟု ဆိုသည်။

ရက္ခမဏ္ဍိုင်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းကို ၂၀၁၉ဒီဇင်ဘာလမှစတင်ထည်ထောင်ခဲ့ပြီး ကွန်ပျူတာနှင့် အင်္ဂလိပ်စာကိုသင်ကြားပို့ချပေးသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ပရဟိတများတွင်လည်း ပါဝင်လုပ်ဆောင်မူများရှိကြောင်းသိရသည်။(NN-11)

ဓာတ်ပုံ- ပေးပို့ 

ဆက်စပ် သတင်းများ